ကန့်သတ်ထိန်းချုပ်မှုများလုပ်ရန် စေတနာ့ဝန်ထမ်းစာရင်း ကောက်ခြင်းမဟုတ်ဟုအစိုးရပြော

ပရဟိတအဖွဲ့အစည်းများကို အစိုးရ၏ဦးဆောင်မှုအောက်သို့ ထည့်သွင်းရန်လုပ်ဆောင်ခြင်းဖြစ်ပြီး လွတ်လပ်စွာလုပ်ဆောင်မှုကို ထိန်းချုပ်လာသည်မျိုးဖြစ်မည်ကို ပရဟိတသမားအချို့က စိုးရိမ်နေကြသည်

မြန်မာနိုင်ငံတွင် ကူးစက်ပြန့်ပွားနေသည့် ကိုရိုနာဗိုင်းရပ်ကို ကာကွယ်သည့်အနေဖြင့် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ဆောင်ပေးနေသည့် စေတနာဝန်ထမ်းများကို ရန်ကုန်မြို့တွင် ယခုလဆန်းပိုင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ-စိုင်းဇော်/Myanmar Now)

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို ဧပြီ ၂၅ က ဖွဲ့စည်းလိုက်ပြီးနောက် ပထမအဆင့်အဖြစ် စေတနာ့ဝန်ထမ်းစာရင်း ကောက်ယူရာတွင် အငြင်းပွားမှုဖြစ်ပေါ်နေခြင်းအပေါ် ထိုသို့ကောက်ယူနေခြင်းမှာ ကူညီထောက်ပံ့ရန်သာဖြစ်ပြီး ထိန်းချုပ်ကန့်သတ်ရန်မဟုတ်ဟု အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးကဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့် ထိုဦးဆောင်အဖွဲ့က ယင်းသို့ကောက်ယူမှုအပေါ်တွင် ပရဟိတအဖွဲ့အစည်းများကို အစိုးရကထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းလားဟု မေးခွန်းထုတ်နေကြခြင်းအပေါ် ထိုသို့မဟုတ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

“မူလလုပ်နေတဲ့ ပရဟိတအဖွဲ့တွေကို ချုပ်နှောင်တာ၊ စည်းနှောင်တာ ဘာမှမလုပ်ပါဘူး။ နဂိုလုပ်နေတဲ့ ပရဟိတသမားတွေ အများကြီးပဲ၊ အရမ်းကောင်းတယ်။ ကျေးဇူးလည်းတင်ပါတယ်။ သူတို့အလုပ်ကို သူတို့ဆက်လုပ်နေလို့ ရပါတယ်”ဟု ၎င်းက Myanmar Now ကို ပြောသည်။

ယင်းဦးဆောင်အဖွဲ့ကိုဖွဲ့စည်းသည့် နိုင်ငံတော်သမ္မတရုံးအမိန့်စာတွင် စေတနာ့ဝန်ထမ်းများအတွက် လိုအပ်သောကူညီထောက်ပံ့မှုများ၊ သင်တန်းများပေးရန်၊ အလှည့်ကျစနစ်ဖြင့် တာဝန်ပေးပြီး အနားယူနိုင်သည့် နေရာများစီစဉ်ပေးရန်၊ ကျန်းမာရေးစစ်ဆေးမှုနှင့် ကုသမှုများလုပ်ဆောင်ပေးရန်၊ သတ်မှတ်ကာလပြီးမြောက်အောင် တာဝန်ထမ်းဆောင်သူများကို အသိအမှတ်ပြုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရန်တို့ ပါဝင်သည်။

ယင်းမှာ ပရဟိတအဖွဲ့အစည်းများကို အစိုးရ၏ဦးဆောင်မှုအောက်သို့ ထည့်သွင်းရန်လုပ်ဆောင်ခြင်းဖြစ်ပြီး ပရဟိတအဖွဲ့များ၏ လွတ်လပ်စွာလုပ်ဆောင်မှုကို ထိန်းချုပ်ရန် အစိုးရက လုပ်ဆောင်နေခြင်းလားဟု သံသယဖြစ်မိကြောင်း ပရဟိတသမားအချို့က Myanmar Now ကို ပြောကြသည်။

ကိုဗစ်နိုင်တင်းရောဂါတွေ့ရှိမှု အများဆုံးဖြစ်သည့် ရန်ကုန်တိုင်းအတွင်း လူမှုကူညီရေးကိစ္စများ ဆောင်ရွက်နေသူ ကိုဒီငြိမ်းလင်းက “အဓိကကတော့ အဖွဲ့တွေကိုရည်ညွန်းတာလား၊ Quarantine (သတ်မှတ်နေရာ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်) တွေမှာ ကူနေတဲ့သူတွေကို ပြောတာလား ပရဟိတသမားတွေအကြားမှာ ရှင်းရှင်းလင်းလင်း မသိကြတာကြောင့်ပါ” ဟု ၎င်းကပြောသည်။

မော်လမြိုင်မြို့တွင်အခြေစိုက်သည့် ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ကိုဘိုဘိုဝင်းကလည်း အစိုးရ၏ညွှန်ကြားမှုအောက်၌ ဆောင်ရွက်ရမည့်အခြေအနေမရှိကြောင်း၊ ၎င်း၏အဖွဲ့တွင် လူ ၅၀ ခန့်ရှိသော်လည်း ကိုဗစ်နိုင်တင်းအတွက် သီးသန့်ဆောင်ရွက်နေသူ ၁၅ ဦးသာ အစိုးရ၏စာရင်းတွင် အကျုံးဝင်ကြောင်းပြောသည်။

မွန်ပြည်နယ်ရှိ ပရဟိတအဖွဲ့များအကြားတွင်လည်း အလားတူပြဿနာမျိုးပေါ်ပေါက်နေကြောင်း ကိုဘိုဘိုဝင်းကရှင်းပြပြီး ဝိဝါဒကွဲပြားနေမှုများအပေါ် အစိုးရက အာရုံစိုက်ဖြေရှင်းသင့်ကြောင်း အကြံပြုသည်။

အဆိုပါဦးဆောင်အဖွဲ့၌ အတွင်းရေးမှူးတာဝန်ယူထားသူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစိုးရ၏ လုပ်ဆောင်ချက်မှာ ရှိရင်းစွဲ ပရဟိတအဖွဲ့များအပေါ် ကန့်သတ်ရန်မဟုတ်ဟု Myanmar Now ကို ပြောသည်။

လက်ရှိကောက်ယူနေသည့် စေတနာ့ဝန်ထမ်းစာရင်းမှာ ကဏ္ဍအသီးသီး၌ ပါဝင်ကူညီနေသူအားလုံးအတွက် မဟုတ်ဘဲ Facility Quarantine နေရာများ၌ ကူညီဆောင်ရွက်နေသူများနှင့်သာ အကျုံးဝင်သည်ဟု ၎င်းကရှင်းပြသည်။

“ဒီစေတနာ့ဝန်ထမ်းတွေဟာ ကွာရန်တင်း (quarantine) သတ်မှတ်ကာလ ၂၁ ရက်အပြည့် တာဝန်ထမ်းဆောင်ပြီးရင် သီးခြား ၇ ရက် အနားယူအပန်းဖြေနိုင်ဖို့ ဒီအစီအစဉ်ကို လုပ်ပေးတာပါ။ အဲဒါပြီးရင် အလုပ်ပြန်ဝင်ချင်တယ်ဆိုလည်းရတယ်၊ မဝင်ဘဲနဲ့ အိမ်ပြန်ချင်တယ်ဆိုလည်း ရပါတယ်။ ပြီးရင် သတ်မှတ်ကာလပြည့်အောင် တာဝန်ထမ်းဆောင်တဲ့သူကို အသိအမှတ်ပြုတံဆိပ် ပေးတာတွေ လုပ်မှာပါ” ဟု ၎င်းကပြောသည်။

ယခုအစီအစဉ်သည် ကိုဗစ်နိုင်တင်းစောင့်ကြည့်ခံရသူများကို ထိတွေ့ကူညီရမည့် စေတနာ့ဝန်ထမ်းများအား အစိုးရ၏မူဝါဒနှင့်အညီ ကျန်းမာရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများပေးရန်၊ စနစ်ကျကျ အန္တရာယ်ကင်းကင်းရှိစေရန်၊ လိုအပ်သည်များကူညီထောက်ပံ့ရန် ရည်ရွယ်ခြင်းသာဖြစ်ပြီး စာရင်းကောက်ယူမှုကို မနက်ဖြန်တွင် အပြီးသတ်နိုင်မည်ဟု ဒေါက်တာဝင်းမြတ်အေးကဆိုသည်။

အနည်းဆုံး အချိန် ၂၈ ရက် ပေးနိုင်သူများကို အသက်ကန့်သတ်ချက်မထားဘဲ စေတနာ့ဝန်ထမ်းအဖြစ် သတ်မှတ်ရန်ရှိပြီး ၎င်းတို့ကို လက်စွဲစာအုပ်များထုတ်ပေးရန်နှင့် တစ်ရက်တာသင်တန်း (၃ နာရီစာ) ပို့ချနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့နှင့် ပူးပေါင်းစီစဉ်နေသည်ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပြောသည်။

ထို့ပြင် စေတနာ့ဝန်ထမ်းလုပ်ကိုင်လိုသူများအနေဖြင့် “စေတနာဝန်ထမ်း ဆန္ဒပြုရန် လျောက်ထားမှု” ပုံစံကို ဝန်ကြီးဌာနဝက်ဘ်ဆိုဒ်မှတစ်ဆင့် ဖြည့်နိုင်ရန် မိုဘိုင်းအက်ပလီကေးရှင်းတစ်ခု အမြန်ဆုံးရေးဆွဲနေသည်ဟု ၎င်းကဆိုသော်လည်း မည်သည့်နေ့ရက်တွင် ပြီးဆုံးမည်ဆိုသည်ကိုမူ မသိရသေးပေ။

အဆိုပါအစီအစဉ်အတွက် တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့အသီးသီး၏ လူမှုရေးဝန်ကြီးများကတာဝန်ယူ၍ လူအင်အား၊ လိုအပ်ချက်စာရင်းများ ကောက်ယူရန် ညွန်ကြားထားပြီးလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading