ညမထွက်ရအမိန့်ကြောင့် ၂၄ နာရီဖွင့်လက်ကားဈေးများအထိနာနေ

နေ့ရောညပါ စည်ကားခဲ့သည့် သီရိမင်္ဂလာဈေးသစ်၊ စံပြငါးဈေး စသည့် လက်ကားဈေးကြီးများတွင် ည ၇ နာရီအထိသာ ဈေးရောင်းချခွင့်ပေးတော့သဖြင့် ရောင်းအားမှာ တစ်ဝက်ကျော်ကျော် ကျဆင်းသွားသည်

ရန်ကုန် သီရိမင်္ဂလာဈေးသစ်အတွင်း ကုန်စိမ်းများသယ်ယူနေသည့် ဝန်ထမ်းတစ်ဦးကို ဧပြီ ၂၃ တွင်တွေ့ရစဉ် (ဓာတ်ပုံ - ချမ်းသာ/MN)

ကိုဗစ်နိုင်တင်း (COVID-19) ကမ္ဘာ့ကပ်ရောဂါ ကာကွယ်တားဆီးမှု တစ်စိတ်တစ်ဒေသအဖြစ် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အားလုံးနီးပါး ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းကြောင့် ရန်ကုန်ရှိ ၂၄ နာရီ ဖွင့်လှစ် ရောင်းချနေကျ လက်ကားဈေးများရှိ ဈေးသည်များ ရောင်းချချိန်နည်းပါးသွားကာ အရှုံးပေါ်နေကြသည်ဟု ပြောသည်။

ကိုကိုးကျွန်းမြို့နယ်မှလွဲပြီး ရန်ကုန်တစ်တိုင်းလုံး ဧပြီ ၁၈ မှစကာ ည ၁၀ နာရီမှ မနက် ၄ နာရီအထိ အပြင်မထွက်ရအမိန့်ကို တိုင်းအစိုးရက ထုတ်ပြန်ခဲ့သည့်နောက် ယခင် ညလုံးပေါက်ရောင်းချကြသည့် အကြီးဆုံးလက်ကားဈေးကြီးများဖြစ်သည့် သီရိမင်္ဂလာဈေးသစ်၊ စံပြငါးဈေးတို့တွင် မနက် ၄ နာရီမှ ည ၇ နာရီအထိသာ ရောင်းချခွင့်ပြုတော့သည်။

သင်္ကြန်ပိတ်ရက်ကုန်လွန်ပြီး အလုပ်များ ပြန်ဖွင့်သည့် ဧပြီ ၂၀ မှ စတင်၍ ည ၇ နာရီတွင် ဈေးပိတ်ရသော်လည်း ကုန်တင်ကုန်ချကိစ္စကိုတော့ ည ၁၀ နာရီအထိ ခွင့်ပေးထားသည်ဟု ဈေးအာဏာပိုင်များက ပြောသည်။

အဆိုပါဈေးများမှာ သားငါးနှင့် ကုန်စိမ်းဈေးများဖြစ်သဖြင့် ရောင်းချချိန်နည်းသွားသည့်အတွက် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံကဲ့သို့သော အထားမခံသည့် ကုန်စိမ်းများမှာ ရောင်းမကုန်ပါက အလဟဿဖြစ်ရသလို ရောင်းချသူများလည်း ဝင်ငွေအများအပြားထိခိုက်သွားကြသည်။

“နေ့ရောင်းရမလိုလို၊ ညရောင်းရမလိုလိုနဲ့ အဆင်မပြေဖြစ်တာပေါ့။ စိုက်ခင်းပိုင်ရှင်တွေက မနက် ၄ နာရီကျော်မှ ခူးလို့ရတာ။ အဲဒါတွေကို မနက် ၈ နာရီလောက်မှ သယ်လို့ပြီးတာ။ ကျွန်မတို့က ၁၀ နာရီ၊ ၁၁ နာရီလောက်မှ ဈေးထွက်နိုင်တော့ ရောင်းချိန်မရှိတော့ဘူး” ဟု ပြောသူက လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသစ်တွင် ဟင်းသီးဟင်းရွက်ရောင်းချသည့် ဒေါ်ခင်မြင့်မာ ဖြစ်သည်။

၎င်းသည် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်တွင် နေထိုင်ပြီး ဆလတ်၊ ချဉ်ပေါင်၊ မုံ့ညင်း၊ ဆူးပုပ်၊ နံနံပင် စသည့် ဟင်းသီးဟင်းရွက်များကို ထောက်ကြန့်တစ်ဝိုက်ရှိ စိုက်ခင်းများမှ ဝယ်ကာ အနယ်နယ်အရပ်ရပ်မှ ဈေးရောင်းသူများစုဆုံရာ ၁၆ ဧကကျယ်သည့် သီရိမင်္ဂလာဈေးသစ်တွင် ရောင်းချသူဖြစ်သည်။

“ရောင်းရတဲ့အချိန်က အကန့်အသတ်နဲ့ဆိုတော့ အလုပ်သမားကြေးပေးဖို့ အနိုင်နိုင်ရောင်းနေရတယ်”ဟု ဒေါ်ခင်မြင့်မာက ပြောသည်။

ညမထွက်ရအမိန့် မထုတ်ပြန်မီက ဒေါ်ခင်မြင့်မာသည် သီရိမင်္ဂလာဈေးသစ်၌ နေ့ရောညပါ ဈေးရောင်းပြီး တစ်နေ့လျှင် အနည်းဆုံး တောင်း ၂၀ ရောင်းကုန်သည်ဟု ပြောသည်။ တစ်တောင်းလျှင် ဟင်းရွက်အစီး ၅၀၀ ပါပြီး တစ်စီးလျှင် ကျပ် ၁၀၀ ဖြင့် ရောင်းသည်ဟုလည်း ဆိုသည်။

ညမထွက်ရအမိန့်ကြောင့် ဈေးရောင်းချိန်လျှော့လိုက်ရသဖြင့် ယခု ငါးတောင်းသာ ယူရောင်းတော့ကြောင်း၊ ထောက်ကြန့်မှ သီရိမင်္ဂလာဈေးသစ်အထိ သယ်ယူပို့ဆောင်ခနှင့် အလုပ်သမား စရိတ်ချည်းသက်သက် တစ်ရက် ကျပ် ၇၀,၀၀၀ ခန့်ရှိကြောင်းလည်း ၎င်းက ပြောသည်။

အများအားဖြင့် တစ်နေ့လျှင် တစ်တောင်းခန့်သာ ရောင်းရကြောင်း၊ ထို့ပြင် ဟင်းရွက်တစ်စည်း ကျပ် ၇၀-၈၀ အထိ ဈေးချရောင်းရသဖြင့်လည်း အရင်းပြန်မရကြောင်း ဆိုသည်။

“အခု သင်္ကြန်ပြီးကတည်းက နှစ်တောင်းကုန်အောင်ရောင်းရတဲ့ရက် တစ်ရက်ပဲရှိသေးတယ်”ဟု ခေါ်ခင်မြင့်မာက ပြောသည်။

“အသီးအရွက်တွေလည်း အများကြီးမယူရဲတော့ဘူး ။ တစ်ရက်မှာ ၆ နာရီပဲရောင်းချိန်ရတယ်။ ဈေးပိတ်ချိန်ရောက်ရင် တချို့အရွက်တွေ လွှင့်ပစ်ရတာ”ဟု ဒေါ်ခင်မြင့်မာက ပြောသည်။

ဈေးဖွင့်ချိန် လူစုလူဝေး ဖြစ်ပေါ်လာမှုကြောင့် ရောဂါကူးစက်မှာကို စိုးရိမ်ပူပန်နေမှုများရှိသည့်အပြင် ကုန်ပစ္စည်းများ လွှင့်ပစ်ရမည့်အရေးကိုလည်း တွေးပူနေရသူမှာ ယင်းဈေးရှိ ခရမ်းချဉ်သီး ပွဲရုံ လုပ်ငန်းလုပ်ကိုင်သည့် ကိုကျော်ကျော်ဖြစ်သည်။

“အချိန်က အကန့်အသတ်နဲ့ဆိုတော့ ရောင်းအားတော့ကျတယ်။ နယ်တွေကို မပို့နိုင်တော့ဘူး။ နယ်တွေကဝင်လာတာလည်း နည်းသွားတယ်” ဟု ၎င်းက ပြောသည်။

ယခင်က မွန်ပြည်နယ် မော်လမြိုင်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊ ဟင်္သာတတို့အပြင် ရန်ကုန်မြို့တွင်း ဖောက်သည်များကြောင့် နေ့စဉ် ခရမ်းချဉ်သီးသေတ္တာ အနည်းဆုံး အလုံး ၁၀၀ ပုံမှန်ရောင်းချနိုင်ခဲ့ရာမှ သင်္ကြန်ကာလအလွန် ပွဲရုံပြန်ဖွင့်ချိန်တွင် ကိုကျော်ကျော်တို့ ပွဲရုံသို့ ကုန်ပစ္စည်းများအဝင်နည်းလာသည့်အပြင် ရန်ကုန်မှ ဖောက်သည်များကိုသာ အဓိက အားကိုးရတော့သည်။ နယ်ဝယ်လက်များထံသို့ သုံးရက်လျှင် သေတ္တာရှစ်လုံးခန့်သာ ပို့နိုင်တော့သည်ဟု ၎င်းက ဆိုသည်။

“နယ်တွေမှာလည်း အဝင်အထွက်ပိတ်ထားတာတွေရှိတော့ အရင်လိုတော့ ရောင်းမရတော့ဘူး။ ကျွန်တော်တို့လည်း ပို့မရတော့ဘူး။ သုံးပုံ ပုံရင် တစ်ပုံတောင် မနည်းရောင်းရတာ” ဟု ကိုကျော်ကျော်က ဆိုသည်။

အလားတူ ကြည်မြင်တိုင်မြို့နယ် စံပြငါးဈေးတွင်လည်း ကိုဗစ်နိုင်တင်းရောဂါ၏ နောက်ဆက်တွဲ ညမထွက်ရအမိန့်ကြောင့် ကုန်တင်ကုန်ချ အဆင်မပြေခြင်း၊ ရောင်းအားကျခြင်းတို့ ကြုံတွေ့နေရသည်။ ရေထွက်ကုန်များ အဓိကရောင်းဝယ်ကြသည့် စံပြငါးဈေးတွင် မနက် ၄ နာရီမှ ည ၁၀နာရီအထိ ကုန်တင်ကုန်ချပြုလုပ်နိုင်သော်လည်း အရောင်းအဝယ်ကိုမူ ည၇ နာရီအထိသာ ပြုလုပ်နိုင်သည်။

ရေထွက်ကုန်ကားများကို အချိန်အကန့်အသတ်နှင့် အတင်အချပြုလုပ်နေရသည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဝယ်လိုအားများကျဆင်းသွားသည့်အပြင် ဆိုင်၌တင်ထားသည့် ကုန်များကို ရသည့်ဈေးဖြင့် ရောင်းထုတ်နေရသည်ဟု စံပြငါးဈေးမှ ငါး၊ ပုဇွန်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ကိုမျိုးထွန်းဝင်းက ပြောသည်။

“မနက် ၇ နာရီဆိုရင် မနက်တစ်ပိုင်းရောင်းတာ ပြီးသွားပြီ။ ရောင်းချိန်က သုံးနာရီပဲရတယ်။ ရောင်းအားမရှိတော့ဘူး။ ကုန်လည်းမတင်ခိုင်းရဲတော့ဘူး”ဟု ၎င်းက ပြောသည်။

ကိုမျိုးထွန်းဝင်းတို့ပွဲရုံတွင် ယခင်က တစ်ရက်လျှင် ငါး၊ ပုစွန် တန် ၆၀၀ ခန့်ရောင်းရသော်လည်း လက်ရှိတွင် ၁၀၀ နီးပါးသာ ရောင်းရတော့သည်ဟုလည်း ၎င်းကပြောသည်။

“နယ်တွေက ကားတွေက ထွက်လို့မရတော့ အဆင်မပြေတော့ဘူး။ ကားအချမခံတာတွေလည်းဖြစ်တာပေါ့။ ဒီလိုမျိုးဆိုးဆိုးရွားရွားကြီးတစ်ခါမှမဖြစ်ဖူးဘူး။ အခုဆိုရင် ရောင်းမကုန်တာတွေကို ငါးခြောက်၊ ငါးပိဈေးနဲ့ ရောင်းထုတ်နေရတာ” ဟု ကိုမျိုးထွန်းဝင်းက ဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်တွင် ဈေးပေါင်း ၁၄၈ ဈေးရှိသည့်အနက် ဗိုလ်ချုပ်ဈေး တစ်ဈေးသာလျှင် ဈေးဆိုင်ရှင်များက ပိတ်ထားကြ ပြီး ကျန်ဈေးများမှာ ပုံမှန်အတိုင်းဖွင့်လှစ်ရောင်းချလျက်ရှိသည်။

မြို့တော်စည်ပင်အနေဖြင့် ဈေးများ၌ ရောဂါအသိပညာပေးမှုများလုပ်ဆောင်နေပြီး လူစုလူဝေးမဖြစ်အောင် စီစဉ်ဆောင်ရွက်နေသည်ဟု ဈေးများဌာန ဒုတိယဌာနမှူးဦးသောင်းတင်က ပြောသည်။

“နိုင်ငံတော်ကချမှတ်ထားတဲ့စည်းကမ်းတွေအတိုင်းပဲ ဈေးတွေမှာ ချမှတ်ထားပါတယ်။ ကုန်ခြောက်တို့၊ အဝတ်တို့ရောင်းတဲ့ဈေးတွေကိုတော့ ပိတ်ထားတယ်။ သားငါးနဲ့ ကုန်စိမ်းတို့ရောင်းတဲ့ဈေးတွေတော့ မပိတ်ပါဘူး” ဟု ၎င်းက ပြောသည်။

မြေနှစ်ဧကသာကျယ်ဝန်းသည့် စံပြငါးဈေးတွင် အရောင်းအဝယ်ပြုလုပ်နေသောနေရာ ကျဉ်းမြောင်းသဖြင့် လူစုလူဝေးရှောင်ကြဉ်နိုင်ရန် စံပြငါးဈေးမှ ပျံကျဈေးသည်များကို လှိုင်မြို့နယ်ရှိ ရှစ်ဧကကျယ်သည့် ရွှေပိတောက်ငါးဈေးသို့ လူခွဲရန် ဧပြီ ၂၅ မှစတင်လုပ်ဆောင်နေသည်ဟု ဦးသောင်းတင်က ပြောသည်။

ရေလမ်းမှ လာသည့် ကုန်များကို စံပြငါးဈေး၌ ရောင်းချရန်နှင့် ကုန်လမ်းမှ လာသည့် ကုန်များကို ရွှေပိတောက်ငါးဈေး၌ ရောင်းချရန် သတ်မှတ်ထားသည်ဟု ဦးသောင်းတင်က ပြောသည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းပေါင်းများစွာ အထိနာနေသလို သန်းပေါင်းများစွာသော လူများလည်း အလုပ်လက်မဲ့ဖြစ်နေကြသည်။ မြန်မာနိုင်ငံတွင်လည်း စီးပွားရေး ကဏ္ဍ အများအပြား ထိခိုက်ခံစားနေရပြီး အစိုးရက ကုန်ထုတ်စက်ရုံများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးနှင့် အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် ကျားကန်ပေးရန် ကျပ်ဘီလျံ ၁၀၀ ထုတ်ချေးမည်ဟု ကြေညာထားသည်။

(တည်းဖြတ်- ညွန့်ဝင်း)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading