Fact-Check | နေပူစာလှုံခြင်းက ကိုဗစ်နိုင်တင်းကို ကာကွယ်နိုင်သလား

ဒေါ်အောင်ဆန်းစုကြည်၏ ယမန်နေ့က အွန်လိုင်းဆွေနွေးမှုတွင် ကိုဗစ်ကာကွယ်ရေးအတွက် နေပူစာလှုံရန် အားပေးလျှင်ကောင်းမည်လားဟု စဉ်းစားနေသည်ဟု ပြောဆိုခဲ့သည်

Published on Apr 25, 2020
ကိုဗစ်နိုင်တင်းကာလ ဆူးလေဘုရားအနီးတွင် သွားလာနေကြသည့် ပြည်သူများကို တွေ့ရစဉ်။(ဓာတ်ပုံ-စိုင်းဇော် / Myanmar Now)
ကိုဗစ်နိုင်တင်းကာလ ဆူးလေဘုရားအနီးတွင် သွားလာနေကြသည့် ပြည်သူများကို တွေ့ရစဉ်။(ဓာတ်ပုံ-စိုင်းဇော် / Myanmar Now)

ကိုဗစ်နိုင်တင်း (COVID19) ကပ်ရောဂါကာလတွင် လူထုအနေဖြင့် သတင်းမှားများ၊ ကောလာဟလများကို နေ့စဉ်ရင်ဆိုင်နေရသည်မှာ ပြဿနာတခုဖြစ်နေသည်။ တမာရွက်စားလျှင် ကိုဗစ်ပျောက်နိုင်သလား၊ အရက်သောက်လျှင် ကိုဗစ်ကို ကာကွယ်နိုင်သလား၊ နောက်ဆုံးတစ်ခု နေပူစာလှုံခြင်းကရော ကိုဗစ်နိုင်တင်းကို ကာကွယ်နိုင်ပါသလား စသဖြင့် သတင်းစကားပေါင်းများစွာက Facebook အသုံးပြုသူများရော၊ သာမန်လက်လုပ်လက်စားများကြားတွင်ပါ ပျံ့နှံ့နေသည်။

လတ်တလောအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်သည့် ချင်းပြည်နယ်မှ ပြည်သူများနှင့် ယမန်နေ့ (ဧပြီ ၂၄)က အွန်လိုင်းအစည်းအဝေး အပြန်အလှန်ဆွေးနွေးရာတွင် ကိုဗစ်နိုင်တင်း ကာကွယ်ရေး နေပူစာလှုံရန် အားပေးလျှင် ကောင်းမည်လား ဟု စဉ်းစားနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ပြောနေတာတော့ကြာပါပြီ တစ်လလောက်ကထဲကပေါ့နော်။ အပူရှိန်မြင့်တဲ့နေရာတွေမှာဆိုရင် ကိုဗစ်က ပိုပြီးသက်သာတယ်ဆိုပြီးတော့ ပြောကြတယ် တချို့က အခု မနေ့ကဆိုလို့ရှိရင် သုတေသီပညာရှင် တစ်ယောက်ကတော့ ကိုဗစ်က အပူချိန်မြင့်တဲ့နေရာတွေမှာ စွတ်စိုထိုင်းမှိုင်းတဲ့နေရာတွေမှာ ကိုဗစ်ပိုးက ကြာကြာမခံဘူးလို့ ဆိုတယ်။ အဲ့ဒါကတော့ ဘယ်လောက်အထိသေချာလဲတော့ မသိသေးဘူးပေါ့နော်။ အဲ့ဒီတော့ အမေတို့ဆီမှာ အများကြီးရှိတာကတော့ နေပူတယ် နေပူစာလှုံဖို့တော့ နည်းနည်းအားပေးရင် ကောင်းမလားလို့စဉ်းစားတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထိုသို့လုပ်ခြင်းသည် အသားညိုသွားခြင်းသာဖြစ်နိုင်ပြီး တခြားပြဿနာ မရှိလောက်ဘူးဟု ယူဆကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနကိုမေးကာ သဘောတူမှ လုပ်ရမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ကပ်ရောဂါကို ကောင်းစွာထိန်းချုပ်နိုင်ပြီး ၎င်းတို့ဗီယက်နမ်တွင် နေပူစာလှုံခြင်းကို အားပေးသည်ဟု ကြားရကြောင်း သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် “သုတေသီပညာရှင်" ဆိုသည်မှာ မည်သူ့ကို ရည်ညွှန်းသည်ကို တိတိကျကျ မသိရပေ။ သို့သော် အဆိုပါ အပူချိန်မြင့်ခြင်း၊ စိုစွတ်ထိုင်းမှိုင်းခြင်းတို့နှင့် ကိုဗစ်နိုင်တင်းကာကွယ်ခြင်းကို ဆက်စပ်ပြသွားသည့် ဖြစ်ရပ်တစ်တခု ဧပြီ ၂၃ က အမေရိကန် သမ္မတအိမ်ဖြူတော်တွင် ဖြစ်ပွားခဲ့သည်။

အိမ်ဖြူတော်၏ ကိုရိုနာဗိုင်းရပ်ဆိုင်ရာ နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် အမိမြေလုံခြုံရေးဌာန သိပ္ပံနှင့် နည်းပညာဆိုင်ရာ လက်ထောက်အတွင်းရေးမှုး ဘီလ် ဘရိုင်ယန်က “စမ်းသပ်မှုအသစ်တွေအရ ဒီကိုရိုနာဗိုင်းရပ်ဟာ နေရောင်အောက် ဒါမှမဟုတ် အပူမှာဆိုရင် ကောင်းကောင်း မစွမ်းနိုင်ပါဘူး” ဟု ပြောဆိုခဲ့သည်။

ထို့ပြင် “စစ်ဆေးကြည့်ပြီးသမျှ အခြေအနေတွေအရ (ပိုးတွေ့ရှိထားတဲ့) တံတွေးစက်ကလေးတွေထဲက ဗိုင်းရပ်ဟာ အိမ်ထဲမှာဆိုရင်၊ နောက် ခြောက်သွေ့နေတဲ့ အခြေအနေမှာဆိုရင် ကောင်းကောင်းအသက်ရှင်နိုင်တာကို တွေ့ရတယ်။ ဒီဗိုင်းရပ်ဟာ နေရောင်တိုက်ရိုက်ကျတဲ့ နေရာမှာဆိုရင် မြန်မြန် သေနိုင်တယ်” ဟု ထည့်ပြောခဲ့သည်။

ဘရိုင်ယန်၏ ပြောဆိုချက်များအပြီးတွင် တစ်ဆက်တည်းမှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗိုင်းရပ်ပိုးတွေ့ရှိထားသူများ အနေဖြင့် ပူပြင်းသည့်နေရက်များတွင် အပြင်ထွက်၍ နေရောင်ခံကာ ကုသကြရန် အကြံပေးခဲ့သည်။

အရေးပေါ်ဆိုင်ရာ အထွေထွေရောဂါကု သမားတော် ဒေါက်တာ မီဂန်ရန်နေ ကို စီအန်အန် (CNN) သတင်းဌာနက မေးမြန်းခဲ့ရာတွင် မြင့်မားသည့် အပူချိန်တွင် အပြင်ထွက်ပြီး နေပူခံခြင်းသည် ကိုဗစ်နိုင်တင်းကို ကာကွယ်မည်မဟုတ်ဘဲ နေပူလောင်ခြင်း၊ အရေပြားကင်ဆာဖြစ်နိုင်ခြင်းနှင့် အခြား အန္တရာယ်ရှိနိုင်သည့် အကျိုးဆက်များကိုပါ ခံစားရနိုင်သည်ဟု ထရမ့်၏ အကြံပေးချက်အပေါ် တုံ့ပြန် ပြောဆိုခဲ့သည်။

ထို့ပြင် London School of Hygiene and Tropical Medicine မှ ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ပါမောက္ခ ဒေးဗစ် ဟေးမန်း က “စမ်းသပ်စစ်ဆေးချက်တွေကို တရားဝင် ထုတ်ပြန်ကြေညာတာမျိုး မလုပ်သေးဘဲ ချင့်ချိန်ပြောဆိုဖို့ တော်တော်ခက်ပါမယ်။ တကယ်လို့ စမ်းသပ်ပြီးတော့ သက်သာသွားတယ်ဆိုတာ မှန်နေရင်တောင်မှ (အချိန်အတိုင်းအတာတခုအထိ) ထိန်းသိမ်းထားသင့်တယ်” ဟု ဝါရှင်တန်ပို့စ် သတင်းစာကို ဖြေကြားထားသည်။ ပါမောက္ခ ဒေးဗစ် ဟေးမန်း မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ကူးစက်ရောဂါ ဘေးအန္တရာယ်ကာကွယ်ရေး အကြံပေးကော်မတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

သူက “ပူတယ်၊ စိုစွတ်တယ်ဆိုတဲ့ စင်္ကာပူလိုနိုင်ငံမှာတောင်မှ ဒီဗိုင်းရပ်က ဆက်ပြီး ပျံ့နေတာကို တွေ့နေရသေးတာပဲ” ဟု ဆိုသည်။

ဧပြီ တွင် ကမ္ဘာ့အပူဆုံးနိုင်ငံများမှာ ပေါ်တူဂီ၊ စပိန်၊ ဂရိ၊ တူရကီ၊ မော်ရိုကို၊ အီဂျစ် နှင့် မက္ကဆီကိုနိုင်ငံ တို့ဖြစ်သည်။ အပူချိန် အနိမ့်ဆုံး ၂၀ ဒီဂရီမှ အပူဆုံး ၃၇ ဒီဂရီထိ ရှိသည်။ ထို့ပြင် စပိန်နိုင်ငံသည် ကိုရိုနာပိုးအများဆုံးတွေ့ရှိရသူစာရင်းတွင် ကမ္ဘာ့ဒုတိယ အများဆုံးဖြစ်ပြီး တူရကီနိုင်ငံမှာ သတ္တမမြောက်နိုင်ငံဖြစ်သည်။ ပေါ်တူဂီနှင့် မက္ကဆီကို နိုင်ငံများသည်လည်း စာရင်း၏ ထိပ်ပိုင်းတွင် ရှိနေသည်။

ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သည့် မသေချာမရေရာသည့် အယူအဆများ ပျံ့နှံ့ခဲ့သည့်နောက် WHO က ယုံတမ်းအကြောင်းအရာများ” ဆိုသည့် စာမျက်နှာအသစ်ကို ၎င်းတို့ ဝက်ဘ်ဆိုက်တွင် ဖွင့်လှစ်ခဲ့ပြီး အယူအဆအမှားများကို ဖြေရှင်းခဲ့သည်။ ယင်းအနက် နေပူစာလှုံခြင်းနှင့် မြင့်မားသည့် နေရာင်ခြည်နှင့် ထိတွေ့ခြင်းက ကိုဗစ်နိုင်တင်းကို မကာကွယ်နိုင်ကြောင်း အတိအလင်းဖော်ပြထားသည်။

ထို့အပြင် “သက်သေအထောက်အထားများအရ ပူနွေးစိုစွတ်သောရာသီဥတုရှိသည့် နေရာများအပါဝင် နေရာအားလုံးတွင် ကိုဗစ်နိုင်တင်းသည် ပျံနှံ့နိုင်သည်” ဟု WHO က ဖြေရှင်းထားသည်။

ထို့အပြင် ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်များတွင်လည်း နေပူစာလှုံခြင်းကို အားပေးသည် ဆိုသည့် အထောက်အထားများမတွေ့ရပေ။ တခြားနိုင်ငံများကဲ့သို့ပင် လက်ဆေးရန်၊ တစ်ဦးနှင့် တဦး ၂ မီတာအကွာမှ ဆက်ဆံကြရန်၊ လူစုလူဝေးမလုပ်ကြရန်၊ မလိုအပ်ဘဲ အပြင်မထွက်ရန်၊ ခရီးမသွားရန်၊ ဗိုင်းရပ်သံသယရှိပါက သက်ဆိုင်ရာကို အကြောင်းကြားရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ရန်နှင့် ကျန်းမာသည့် လူနေမှုပုံစံဖြင့် နေထိုင်ကြရန်သာ ထုတ်ပြန်ထားသည်။

ဗီယက်နမ်သည် လူဦးရေထူထပ်ပြီး တရုတ်နိုင်ငံနှင့် နယ်နိမိတ် ရှည်လျားစွာ ထိစပ်နေသော်လည်း ဗိုင်းရပ်ကူးစပ်ခံရသူ ၂၇၀ နှင့် ပြန်လည်ကောင်းမွန်သူ ၂၂၅ ဦးရှိပြီး သေဆုံးသူလုံးဝမရှိပေ။ DW သတင်းဌာနက ဗီယက်နမ် နိုင်ငံ၏ ရောဂါအောင်နိုင်မှုအကြောင်းကို ကိုရိုနာဗိုင်းရပ်စစ်ပွဲကို ဗီယက်နမ်က ဘယ်လိုအောင်နိုင်ခဲ့သလဲ ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်။

DW က ရေးသားခဲ့သည့် ဆောင်းပါးတွင် "ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေးအတွက် ဗီယက်နမ်သည် တင်းကြပ်သည့် အသွားအလာကန့်သတ်ခြင်းမူဝါဒများ ချမှတ်ခဲ့ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ အားလုံးကို ခြေရာကောက်ခဲ့သည်။ အစီအမံများကို ရောဂါကူးစက်မှုကာလအတွင်း တရုတ်နိုင်ငံထက် ပိုမိုစောစီးစွာ အကောင်အထည်ဖော်ခဲ့သည်။ မြို့များကို ဗိုင်းရပ်စ်ပိုးပျံ့နှံ့ခြင်းမှ ကာကွယ်ရန် နောက်ဆုံးသောနည်းလမ်းအဖြစ် မြို့များအားလုံးကို (Lock Down) ပိတ်ဆို့ထားခဲ့သည်" ဟု ရေးသားထားပြီး နေပူစာလှုံရန် အားပေးခဲ့သည့် အထောက်အထားတစုံတရာ မတွေ့ရပေ။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading