အထိခိုက်အခံရဆုံးဆေးရုံမှာ တာချီလိတ် ခရိုင်ပြည်သူ့ဆေးရုံဖြစ်ပြီး ပိုးတွေ့သည့်သူနာပြုတစ်ဦးကို အကြောင်းပြု၍ အလုပ်တူ ဆရာဝန်၊ သူနာပြု ၃၆ ဦးအထိ ကန့်သတ်စောင့်ကြည့်ခံလိုက်ရသည်
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံရပြီးသူ ၁၃၂ ဦးအနက် ကျန်းမာရေးဝန်ထမ်း ရှစ်ဦးပါဝင်ပြီး အသွားအလာစောင့်ကြည့် ကန့်သတ်ခံထားရသူ ၁၀၀ ကျော်ရှိသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက Myanmar Now ကိုပြောသည်။
အဆိုပါ ပိုးကူးစက်ခံထားရသူ ရှစ်ဦးမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ခံ ဆရာဝန်နှစ်ဦး၊ သူနာပြု သုံးဦး၊ ပြင်ပဆရာဝန်နှစ်ဦးနှင့် ပြင်ပသူနာပြုတစ်ဦးတို့ဖြစ်သည်ဟု ၎င်းကဆိုသည်။
အဆိုပါ ရောဂါပိုးရှိကျန်းမာရေးဝန်ထမ်းများနှင့် ထိစပ်မိသဖြင့် အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရသည့် ကျန်းမာရေးဝန်ထမ်းပေါင်း လက်ရှိတွင် ၁၀၄ ဦး ကျန်ရှိသည်ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။ ၎င်းသည် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာန၊ ညွှန်ကြားရေးမှူးလည်းဖြစ်သည်။
ယင်းမှာ မူလက ၁၂၈ ဦးအထိ ကန့်သတ်စောင့်ကြည့်ခံခဲ့ရရာမှ ရောဂါပိုးမရှိကြောင်း စမ်းသပ်အဖြေထွက်သဖြင့် လုပ်ငန်းခွင်သို့ ပြန်ဝင်ရောက်သွားသူများလည်းရှိကြောင်း ၎င်းကပြောသည်။
ပထမဆုံး ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်းမှာ ရန်ကုန်မြို့ အင်းယားကန်ဟိုတယ်၌ ဖွင့်လှစ်ထားသည့် နိုင်ငံတကာ ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် လုပ်ကိုင်သူ သူနာပြုတစ်ဦး ဖြစ်သည်။ အဆိုပါ ဝန်ထမ်း၏ အမျိုးသားနှင့် ကလေးသုံးဦးကိုပါ ကူးစက်ခဲ့ရာ အမျိုးသားသေဆုံးခဲ့သည်။
ရောဂါပိုးကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးကို အကြောင်းပြု၍ ကျန်လုပ်ဖော်ကိုင်ဖက်အများအပြား စောင့်ကြည့်ကန့်သတ်ခံရသည့်ဖြစ်စဉ်မှာ ရှမ်းပြည်နယ် တာချီလိတ်ခရိုင်ဆေးရုံ၌ ဖြစ်ပွားခဲ့သည်။ ထိုဆေးရုံမှ သူနာပြုတစ်ဦးထံတွင် ရောဂါပိုးတွေ့ရှိရာမှ ဆေးရုံအုပ်အပါအဝင် အထူးကု၊ မေ့ဆေးဆရာဝန်၊ သူနာပြုအပါအဝင် ကျန်းမာရေးဝန်ထမ်း ၃၆ ဦးအထိ အသွားအလာကန့်သတ်ခံ (quarantine) နေရသည်။
ထို့အပြင် အဆိုပါ သူနာပြုမှာ ပြင်ပသားဖွားမီးယပ် အထူးကုဆေးခန်းတစ်ခုတွင်လည်း လုပ်ကိုင်သဖြင့် ကိုယ်ဝန်ဆောင်နှင့် မီးယပ်လူနာ၊ ဆေးရုံရှိ အတွင်းလူနာအပါအဝင် လူနာ ၁၀၀ ကျော်ကိုလည်း စောင့်ကြည့်ကန့်သတ်လိုက်ရကြောင်း ရှမ်းပြည်နယ်၊ အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က ပြောသည်။
လက်ရှိတွင် အဆိုပါ တာချီလိတ် ခရိုင်ပြည်သူ့ဆေးရုံအတွက် တပ်မတော်မှ ပါရဂူဆရာဝန်နှစ်ဦးအပါအဝင် ဆရာဝန်နှင့် သူနာပြု စုစုပေါင်း ၁၂ ဦးက ယာယီအစားထိုးတာဝန်ယူ ဆောင်ရွက်ပေးနေပြီး မန္တလေးနှင့် ကျိုင်းတုံမြို့တို့မှ ဆရာဝန်နှစ်ဦးလည်း ယာယီတာဝန်ယူပေးရန် ရှိကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်ကျော်က Myanmar Now ကိုပြောသည်။
ပြည်ဆေးရုံ၌ကွယ်လွန်သွားခဲ့သည့် ပေါက်ခေါင်းမြို့နယ် အုပ်ချုပ်ရေးမှူးကိုအကြောင်းပြု၍ ထိုဆေးရုံမှ မေ့ဆေးဆရာဝန်ကြီးလည်း ပိုးကူးစက်ခံခဲ့ရပြီး ဆက်စပ်သူနာပြု နှစ်ဦး ထပ်မံကူးစက်ခံရသည်။ ယခုအခါ ဆေးရုံတွင် အလုပ်သင်မေ့ဆေးဆရာဝန်သာ ရှိ၍ အငယ်တန်းအဆင့် မေ့ဆေးဆရာဝန်တစ်ဦး ထပ်မံတာဝန်ချပေးရန် တောင်းဆိုထားကြောင်း ပြည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည်က ပြောသည်။
ထို့ပြင် ဆက်စပ်သည့် ကျန်းမာရေးဝန်ထမ်း ၁၃ ဦး သီးခြားကန့်သတ်ခံခဲ့ရသည်။
ကျန်းမာရေးဝန်ထမ်း ၈ ဦး၌ ကိုဗစ်နိုင်တင်းကူးစက်ရောဂါပိုး တွေ့ရှိခြင်းဖြစ်စဉ်မှာ ရောဂါအကာအကွယ်ပစ္စည်းများ မလုံလောက်၍ မဟုတ်ဘဲ အသက်ကယ်ချင်သည့် စေတနာဇောကြောင့် ကာကွယ်ရေးကို မေ့၍ ကုသပေးလိုက်ရာမှ ကူးစက်ခံရခြင်း၊ ရောဂါလက္ခဏာ မပြသည့် လူနာကို ကြည့်ရှုရာမှ ဖြစ်ပွားခြင်းဟု ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ သန်းနိုင်စိုးက ဆိုသည်။
“လုပ်ငန်းခွင်ထဲကနေ ပေါ့လို့ ဖြစ်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ PPE မရှိလို့ ဆရာမတွေက အသိပညာမရှိလို့ အဲဒီလိုမဟုတ်ဘူး။ အဓိကတော့ မတော်တဆ ဖြစ်သွားတာပေါ့” ဟု ၎င်းက ပြောသည်။
ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်နိုင်ရေးအတွက် အကာအကွယ်ဝတ်စုံများ ထောက်ပံ့ပေးလျက်ရှိပြီး စနစ်တကျ ဝတ်ဆင်နိုင်ရေး သင်တန်းပေးကြောင်း ၎င်းက ဆိုသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း ၁၅ ဦး၊ ကုသရေးဦးစီးဌာနမှ ဝန်ထမ်း ၈၉ ဦး အသွားအလာ ကန့်သတ်ခံထားရရာ လစ်လပ်သွားသော ဝန်ထမ်းများနေရာတွင် အလှည့်ကျတာဝန်ထမ်းဆောင်မည့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ ရှိနေပြီး စိုးရိမ်ရသည့် အခြေအနေမဟုတ်ကြောင်း ၎င်းက ဆိုသည်။
“အရမ်းချီးကျူးခံရတဲ့ အပိုင်းတွေ ရှိတယ်။ စေတနာ့ဝန်ထမ်း ဆရာဝန်တွေလေ။ တာဝန်ထမ်းဆောင်ပါရစေဆိုပြီးတော့ ကိုဗစ်နိုင်တင်းနဲ့ ပတ်သက်ပြီး ဘယ်နေရာမှာပဲ ချချ၊ တာဝန်ထမ်းဆောင်မယ်ဆိုတဲ့ ဆရာဝန်တွေလည်း ကျွန်တော်တို့ ဝန်ကြီးဌာနက တောက်လျောက် ထုတ်ပြန်တယ်။ အဲဒါတွေလည်း အစားဝင်ပေးတာပေါ့” ဟု ဒေါက်တာ သန်းနိုင်စိုးကဆိုသည်။
မြန်မာနိုင်ငံဆရာဝန်အသင်းထံသို့ ကိုဗစ်နိုင်တင်းရောဂါကုသရေးအတွက် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်လိုကြောင်း စာရင်းပေးထားသူ ဆရာဝန်ဦးရေ ၂၀၀၀ ကျော်နှင့် စေတနာ့ဝန်ထမ်းဦးရေ ၁၅၀၀၀ ခန့် ရှိကြောင်း ထိုအသင်းမှ မြန်မာနိုင်ငံဆရာဝန်အသင်း(ရန်ကုန်)အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းဇော်က Myanmar Now ကို ပြောသည်။
သို့သော် ကျန်းမာရေးဝန်ကြီးဌာနမှ စေတနာ့ဝန်ထမ်း ဆရာဝန်အနည်းငယ်သာ ခေါ်ယူနေသဖြင့် စာရင်းကောက်ခံခြင်းကို ခေတ္တရပ်ဆိုင်းထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါ ဖြစ်ပွားသူ ၁၃၂ ဦးရှိပြီး သေဆုံးသူ ၅ ဦး၊ ပြန်လည်ကောင်းမွန်သူ ၉ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၂၃ ည ၈ နာရီတွင် နောက်ဆုံး သတင်းထုတ်ပြန်ထားသည်။ လက်ရှိတွင် စောင့်ကြည့်လူနာ ၂၄၄၀ ဦး ရှိပြီး ဓာတ်ခွဲစစ်ဆေးခဲ့သူ စုစုပေါင်းမှာ ၅၅၂၈ ဦး ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












