အင်တာဗျူး | AA နဲ့ တပ်မတော် တိုက်ပွဲကြားက ပလက်ဝမှာ ဘာတွေဖြစ်နေပြီလဲ

“ကုလားတန်မြစ်ရဲ့ အရှေ့နဲ့ အနောက်ကို အပြန်အလှန် လက်နက်ကြီးနဲ့ ပစ်နေကြတဲ့အခါကျတော့ ကျည်တွေက မြို့ထဲကို လာကျတဲ့အနေအထားပါ” - ချင်းပြည်နယ် စည်ပင်ဝန်ကြီးဦး စိုးထက်

Published on Apr 23, 2020
ဓာတ်ပုံ - ဦးစိုးထက် Facebook
ဓာတ်ပုံ - ဦးစိုးထက် Facebook

ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အကြား ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့ ပလက်ဝမြို့အရှေ့ဘက်ကမ်းကို ယမန်နေ့ (ဧပြီ ၂၂) မနက်ပိုင်းက လက်နက်ကြီးကျည်တစ်လုံး ကျရောက်ကာ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီ့နေ့ ညနေပိုင်းမှာပင် မြို့ပေါ် လက်နက်ကြီးကျည် ကျရောက်တာကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ၃ ဦး ထပ်မံသေဆုံးသွားခဲ့တဲ့အတွက် ယခုအခါ ပလက်ဝမြို့မှ ကလေးငယ် ၂ ဦးအပါအဝင် စုစုပေါင်း ၄ ဦးဟာ လက်နက်ကြီးကျည်ကြောင့် သေဆုံးခဲ့ပါတယ်။

တပ်မတော်က မြို့ရဲ့ အရှေ့ဘက်ကုလားတန်မြစ်တစ်ဖက်ကမ်းမှာရှိနေပြီး ရက္ခိုင့်တပ်တော် AA ကတော့ မြို့ရဲ့အနောက်ဘက် တောင်တန်းတွေပေါ်မှာရှိနေတဲ့အတွက် ပလက်ဝမြို့ဟာ တပ်နှစ်ခုရဲ့ အလယ်မှာ ကျရောက်နေသလို ဖြစ်နေပါတယ်။

ပလက်ဝမြို့နယ်အတွင်း စစ်ရှောင်အရေအတွက် ၆၀၀၀ ကျော်ရှိနေပြီး တိုက်ပွဲအတွင်း သေဆုံးတဲ့ အရပ်သားအရေအတွက်ဟာ မတ် ၁၄ ရက်မှ ယနေ့အထိ ၃၃ ယောက်အထိရှိနေကာ စစ်ဒဏ်သင့်သူ အရေအတွက်က ပလက်ဝ တစ်နယ်လုံးလူဦးရေရဲ့ ထက်ဝက်ခန့်ရှိလာပါတယ်။

ဒါ့အပြင် မီးလောင်ခံရတဲ့ ရွာတွေလည်းရှိနေပြီး မြို့ကိုစွန့်ခွာလာတဲ့ အရပ်သားအရေအတွက်ဟာလည်း တစ်ရာကျော်အထိ မြင့်တက်လာတာပါ။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ လတ်တလော ပလက်ဝမြို့အခြေအနေ ဘယ်လိုဖြစ်နေသလဲ။

ဖြေ။ ။ မြို့သူမြို့သားတွေကတော့ ကိုယ့်အိမ်မှာပဲကိုယ်နေပြီး စောင့်ကြည့်နေရတာပေါ့ဗျာ၊ တိုက်ပွဲကလည်း အပြန်အလှန်ဖြစ်နေကြတာဆိုတော့လေ။ ပလက်ဝတစ်မြို့လုံးကတော့ လက်ရှိကတော့ အားလုံးကျီးလန့်စာစားနဲ့ ထိတ်လန့်တကြားနဲ့ နေနေရတာပေါ့။

မေး။ ။ စားရေးသောက်ရေး အခြေအနေကရော။

ဖြေ။ ။ ခက်ခဲပါတယ်။ ကျွန်တော်တို့ ဒီလ ၁၉ ရက်နေ့မှာ ဆန်အိတ် ၈၃၀ နဲ့ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်တို့တော့ ပို့ထားနိုင်တဲ့အတွက် အဲဒီက စစ်ဘေးဒုက္ခသည်တွေရော၊ ဆင်းရဲနွမ်းပါးတဲ့ဒေသခံတွေရော ထောက်ပံ့ထားတဲ့အတွက် အသင့်အတင့်တော့ ခံသာပါတယ်။ မြို့လူထုက ၇၅၀၀ လောက်ရှိမယ်။ စစ်ဘေးဒုက္ခသည်က ၃၇၀၀ လောက်ရှိမယ်။ အားလုံးပေါင်း ၁၁၂၀၀ လောက်ရှိမယ်။ ကျွန်တော်တို့ပို့ထားတဲ့ ဆန်က မြို့လူထုအားလုံးရော ဒုက္ခသည်အားလုံးရော ကျွေးမယ်ဆိုရင် တစ်ပတ်စာလောက်တော့ ရတယ်။

မေး။ ။ ကျောက်တော်နဲ့ စစ်တွေမှာ နှစ်လလောက် သောင်တင်နေတဲ့ ပလက်ဝကိုပို့မယ်ဆိုတဲ့ ဆန်အိတ်တွေရော ပို့နိုင်ပြီလား။

ဖြေ။ ။ မပို့နိုင်သေးဘူး။ လုံခြုံရေးအခြေအနေအရ ပလက်ဝနဲ့ ကျောက်တော်လမ်းကြောင်းကလည်း သွားလို့မရသေးတဲ့အတွက် ပို့လို့မရသေးပါဘူး။ ကျောက်တော်ကနေ ပလက်ဝအထိ တစ်လျှောက်လုံးပိတ်ဆို့ထားတာပါ။ တိုက်ပွဲကတော့ မရှိတော့ဘူးထင်တယ်။ ဒါပေမယ့် အဲဒီဘက်ကို သွားဖို့လာဖို့ကို (တပ်မတော် နှင့် AA) နှစ်ဘက်လုံးက အားလုံးပိတ်ထားတယ်။ ပလက်ဝ ဆမီးလမ်းကလည်း ဘယ်သူမှမသွားရဲဘူး။ တိုက်ပွဲတွေ ဟိုတလောကလည်း ဖြစ်နေတုန်းဆိုတော့ သွားဖို့အခက်အခဲဖြစ်တယ်။ ဆမီးမှာတော့ ပခုက္ကူဘက်က လှူဒါန်းတာရော နယ်အသီးသီးကရော ရန်ကုန်ဘက်ကလှူဒါန်းတာရော အားလုံးက ဆမီးမှာပဲ ပုံနေတာ။ ပထမအကြိမ်ဖြစ်တဲ့ ၁၉ ရက်နေ့တစ်ရက်ထဲမှာပဲ ကျွန်တော်တို့ ဆန်အိတ် ၈၃၀ ပဲ ပို့နိုင်သေးတယ်။ ဆက်ပို့လို့မရသေးဘူး။ ဆမီးထိကတော့ သွားလို့လာလို့ အဆင်ပြေပါတယ်။

မေး။ ။ ဆမီးမှာရော ဘယ်လောက်သောင်တင်နေလဲ။

ဖြေ။ ။ ဒုက္ခသည်တွေထောက်ပံ့တာရော၊ တခြားဆင်းရဲနွမ်းပါသူတွေရော ထောက်ပံ့တာရောဆိုရင်တော့ ပလက်ဝမြို့အတွက်ရော ဆမီးအတွက်ရော ကျွန်တော်တို့ ဆန်အိတ် ၃၄၀၀ လောက် ဆမီးမှာပုံထားပြီးသား ရှိတယ်။ အခု ဆန်အိတ် ၈၃၀ ဆိုတာက ပလက်ဝမြို့တစ်မြို့လုံးအတွက် ကျွေးရမယ်ဆိုရင်တောင် တစ်ပတ်စာပဲ ရှိတာ။ အခု ကျွန်တော်တို့က လောလောဆယ် ဒီရက်ပိုင်းမှာ ပို့နိုင်မယ်ဆိုရင်တော့ ဆန်အိတ် ၂၀၀၀ လောက် ပို့ဖို့မှန်းထားတယ်။ နောက်ပြီးတော့ လှူဒါန်းတဲ့ ပိုက်ဆံအားလုံးကိုလည်း ပေါင်းပြီးတော့ ဆန်၊ ဆီ၊ ဆား၊ ပဲ ဝယ်ပြီးတော့ ဆမီးကို ပို့ဖို့လုပ်နေတယ်။ မိုးမကျခင်ပေါ့လေ၊ မိုးကျရင်တော့ မတူပီ ပလက်ဝလမ်းက မသေချာတော့ဘူး၊ သွားလို့မရတော့ဘူး။ အဲဒါကြောင့် မိုးမရွာခင်လေး ဆန်၊ ဆီ၊ ဆားတွေကို ဆမီးကိုရောက်ဖို့ ကြိုးစားနေပါတယ်။ အဲဒီအတွက် ပြည်ထောင်စုကို တင်ပြပြီးတော့ ပြည်ထောင်စုအစီအစဉ်နဲ့ လုံခြုံရေးရယူပြီးတော့ ပို့ဖို့တင်ပြထားတာရှိပါတယ်။ AA တို့နဲ့ကျတော့ ညှိနှိုင်းလို့မရနိုင်ဘူးလေ။

မေး။ ။ စစ်ရှောင်အရေအတွက်က ဘယ်လောက်အထိရှိနေပြီလဲ။

ဖြေ။ ။ အခု ဆမီးမှာက ၂၈၀၀ နီးနီးလောက်ရှိတယ်။ ပလက်ဝမှာက ဟိုတလောကတော့ ၃၇၀၀ နီးနီးလောက်ရှိတယ်။ အခုက ကိုယ့်ရွာ၊ ကိုယ့်အိမ်ကို ပြန်ကြတာနဲ့ဆိုရင် ၃၆၀၀ နီးနီးလောက်ရှိတယ်။ ပလက်ဝမြို့ခံလူဦးရေက လူဦးရေ ၇၅၀၀ လောက်ရှိတယ်။ ဆမီးမှာလည်း ၄၀၀၀ လောက်ရှိတယ်။ အခုကတော့ ဒုက္ခသည်ကလည်း မြို့ခံလူဦးရေနီးနီးလောက် ပြန်တိုးလာတာပေါ့။ ကျွန်တော်တို့ ပလက်ဝတစ်နယ်လုံးမှာဆိုရင် လူဦးရေ တစ်သိန်းတသောင်းကျော်ရှိတယ်။ အဲဒီအထဲကဆိုရင် ကုလားတန်မြစ်ရိုးနဲ့ မီးချောင်းရိုးဘက်နဲ့ဆိုရင် အနည်းဆုံး လူဦးရေ ၆၀၀၀၀ လောက်က စစ်ဘေးဒဏ်ခံနေရတယ်။ ဆိုလိုတာက ပလက်ဝတစ်နယ်လုံးရဲ့ လူဦးရေ တစ်ဝက်လောက်က စစ်ဒဏ်သင့်နေတဲ့ သဘောပဲ။

မေး။ ။ ပလက်ဝမြို့ခံတွေရဲ့အခြေအနေကရော ဘယ်လိုဖြစ်နေပြီလဲ။

ဖြေ။ ။ တော်တော်များများကလည်း ထွက်လို့ရတဲ့သူတွေကတော့ ရန်ကုန်တို့ မန္တလေးတို့ စတဲ့ မြို့တွေက ဆွေမျိုးသားချင်းတွေဆီကို ရောက်ကုန်ပြီ။ နောက် မတူပီ၊ မင်းတပ်၊ ဟားခါးကအစ အဲဒီဘက်ကို အကုန်ရောက်ကုန်ပြီ။ ကျွန်တော်သိသလောက်ဆိုရင်ကို ၁၀၀ ကျော်ပြီပြေးကြတာ။ တချို့ကလည်း ခြိမ်းခြောက်ခံရလို့ပေါ့၊ AA က ဟိုနေ့ဖမ်းမယ်၊ ဒီနေ့ဖမ်းမယ်ခြိမ်းခြောက်တော့ ကြောက်ပြီးပြေးကြတာပေါ့။ မြို့ပေါ်မှာကျန်နေတဲ့ သူတွေဆိုတာကလည်း နောက်နေ့ဆိုရင် အေးချမ်းမလား၊ နောက်နေ့ဆိုရင် တိုက်ပွဲတွေရပ်သွားမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပဲ နေနေကြတာ။ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင်၊ ထိခိုက်ဒဏ်ရာ ရတာလဲများလာမယ်ဆိုရင် လူထုအတွက်ကတော့ တော်တော်ကို တွက်ရခက်တဲ့ ပုစ္ဆာတစ်ခုပါပဲ။

မေး။ ။ တိုက်ပွဲတွေက မြို့ရဲ့ဘယ်နေရာတွေမှာဖြစ်နေတာလဲ။

ဖြေ။ ။ ပလက်ဝမြို့က ကုလားတန်မြစ်ရဲ့ အနောက်ဘက်မှာရှိတယ်။ ကုလားတန်မြစ်ရဲ့အရှေ့ဘက်မှာက အိန္ဒိယ Site က Jetty ပေါ့။ ရေနက်ဆိပ်ကမ်းလုပ်ထားတဲ့နေရာလေးရှိတယ်။ အဲဒီဘက်မှာတော့ တပ်မတော်ရှိတာပေါ့။ မြို့ရဲ့အနောက်ဘက်က တောင်ကျောတွေပေါ်မှာ AA ရှိတာပေါ့။ ကုလားတန်မြစ်ရဲ့ အရှေ့နဲ့ အနောက်ကို အပြန်အလှန် လက်နက်ကြီးနဲ့ ပစ်နေကြတဲ့အခါကျတော့ ကျည်တွေက မြို့ထဲကိုလာကျတဲ့အနေအထားပါ။ မနေ့ကကျတဲ့ လက်နက်ကြီးကတော့ ဘယ်သူပစ်လဲမသိနိုင်ဘူး။ ဒါက ကျွမ်းကျင်တဲ့ ပညာရှင်တွေပဲသိနိုင်မယ့် အနေအထားပါ။

မေး။ ။ ပလက်ဝမြို့ထဲကိုလက်နက်ကြီးကျတဲ့ အကြိမ်ရေဘယ်လောက်ရှိသွားပြီလဲ။

ဖြေ။ ။ အရင်က မြို့ထဲကို လက်နက်ကြီးမကျဖူးဘူး။ မနေ့ကပဲကျတာ တစ်လုံးကျတာနဲ့ သုံးယောက်ဆုံးတယ်။ နောက်တစ်လုံးကတော့ ထွေအုပ်ရုံးရှေ့မှာကျတယ် အဲဒါကတော့ ပေါက်ကွဲမှုမရှိဘူးပြောတယ်။ အဲဒီနေ့မနက်ပိုင်းမှာပဲ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ယောက်ဆုံးသွားတယ်။ သူကတော့ မြစ်အရှေ့ဘက်ကမ်းက ရုတ်ဝ လို့ခေါ်တဲ့ရွာက။ မနေ့ကဆုံးတာ အားလုံး ၄ ယောက်ပေါ့။ 

မေး။ ။ ပလက်ဝက စစ်ဘေးသင့်သူတွေကအတွက် ပြည်ထောင်စုအစိုးရဘက်က ဘာတွေကူညီနေလဲ။

ဖြေ။ ။ ပြည်ထောင်စုအစိုးရက ထောက်ပံ့တဲ့ ဒုက္ခသည်တွေအတွက် ဆန်၊ဆီ၊ဆား၊ ပဲကို လူကယ်ပြန်ကနေပြီးတော့ တောက်လျှောက် သုံးလစာ၊ သုံးလစာ ပို့ပေးတယ်။ နောက်ပြီးတော့ သေဆုံးတဲ့သူတွေဆိုရင် သုံးသိန်းနှုန်း၊ လူကယ်ပြန်ကလည်း သုံးသိန်းနှုန်းထောက်ပံ့ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ဖွဲ့စည်းထားတဲ့ RRCCI ဆိုတာရှိတယ်။ သူတို့ကလည်း လှူဒါန်းတဲ့သူတွေဆီက ပိုက်ဆံရှိတော့ သေဆုံးတဲ့သူတွေကို ၁ သိန်းနှုန်းထောက်ပံ့တယ်။ နောက် မီးလောင်ထားတဲ့ အိမ်တွေအတွက်လည်း ကျွန်တော်တို့ သုံးသိန်းနှုန်းထောက်ပံ့ပါတယ်။

မေး။ ။ မီးလောင်ခံရတဲ့ရွာနဲ့ စစ်ရှောင်နေရတဲ့ရွာ ရွာဘယ်နှစ်ရွာရှိလဲ။

ဖြေ။ ။ လက်ရှိကတော့ ပလက်ဝနဲ့ နီးတဲ့ ဆမီးနဲ့ နီးတဲ့ နေရာတွေက မီးလောင်ခံရတဲ့ ရွာ ၄ ရွာလောက်ရှိပါတယ်။ စစ်ရှောင်ကြတဲ့ ရွာတွေက ဆမီးမှာဆိုရင် ၁၁ ရွာရှိတယ်။ ပလက်ဝမှာဆိုရင် ရွာပေါင်း ၃၀ လောက်ရှိတယ်။ မီးလောင်ခံရတာက မိတ်စာဝ (၁) နဲ့ (၂) နောက် နန်းချောင်းဝရွာနဲ့ စိမ့်စမ်းရွာတွေပေါ့။

မေး။ ။ တပ်နဲ့ AA ကိုရော ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ဒီလိုတိုက်နေလို့တာ့ ဘယ်တော့မှလည်း ပြီးမှာမဟုတ်တဲ့အတွက် စားပွဲပေါ်မှာ ဆွေးနွေးပြီးတော့ လက်မှတ်ထိုးတာကမှ အေးချမ်းသွားမှာပါ။ နောက်ဆုံး ဘယ်လောက်ပဲ တိုက်ပွဲပေါင်းများစွာတိုက်တိုက် နောက်ဆုံး စားပွဲပေါ်မှာပဲ ပြီးဆုံးရတာပဲလေ။ စားပွဲပေါ်မှာပြီးဆုံးဖို့ပဲ နှစ်ဖက်က ညှိနှိုင်းသင့်တယ်လို့ပဲ ပြောချင်ပါတယ်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading