ကိုဗစ်နိုင်တင်း စီးပွားရေးဂယက်အတွက် အစိုးရ၏လက်ရှိအကူအညီမလုံလောက်ဟု ကျွမ်းကျင်သူများဆို

လက်ရှိ အစိုးရ၏ကူညီကျားကန်ရေးအစီအမံများမှာ ရေတိုအတွက်သာဖြစ်သလို လုပ်ငန်းရှင်များအား ချေးမည့် ကျပ်ဘီလျံ ၁၀၀ မှာလည်း ဟိုတယ်နှင့်ခရီးကဏ္ဍတစ်ခုတည်းအတွက်ပင် မလုံလောက်ဟုဆိုသည်

Published on Apr 22, 2020
လုပ်သား လျှော့ချမည့်ကိစ္စ၊ ခံံစားခွင့် ကိစ္စများနှင့်ပတ်သက်ပြီး ဒဂုံအရှေ့ပိုင်းမြို့နယ် စက်မှုဇုန်ရှိ Grand Enterprises Garment Co., Ltd တွင် စက်ရုံအလုပ်သမားများက မတ် ၂၆ တွင် ဆန္ဒပြခဲ့ကြသည် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)
လုပ်သား လျှော့ချမည့်ကိစ္စ၊ ခံံစားခွင့် ကိစ္စများနှင့်ပတ်သက်ပြီး ဒဂုံအရှေ့ပိုင်းမြို့နယ် စက်မှုဇုန်ရှိ Grand Enterprises Garment Co., Ltd တွင် စက်ရုံအလုပ်သမားများက မတ် ၂၆ တွင် ဆန္ဒပြခဲ့ကြသည် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

ကိုဗစ်နိုင်တင်းကပ်ရောဂါကာလစီးပွားရေးထိခိုက်မှုများအတွက် အစိုးရ၏ အခွန်စည်းမျဉ်းများ လျှော့ချခြင်း၊ ဘဏ်တိုးများလျှော့ချခြင်းနှင့် ချေးငွေများထုတ်ပေးခြင်းတို့မှာ မလုံလောက်သေးဘဲ ကပ်ရောဂါအလွန် စီးပွားရေးပြန်လည်ဦးမော့ရေးအတွက်ပါ ကြိုတင်ပြင်ဆင်ထားသင့်သည်ဟု စီးပွားရေးလုပ်ငန်းရှင်နှင့် ပညာရှင်အသိုင်းအဝိုင်းက သုံးသပ်သည်။

အစိုးရသည် ကိုဗစ်နိုင်တင်းကပ်ရောဂါပိုး မြန်မာနိုင်ငံတွင် စတင်မတွေ့ရှိမီကတည်းက စီးပွားရေးထိခိုက်မှုများအတွက် ကျားကန်သည့်အစီအစဉ်များ ချမှတ်ခဲ့သည်။ ဗဟိုဘဏ်သည် အပ်ငွေအပေါ်အတိုးနှုန်းနှင့် ချေးငွေအပေါ် အတိုးနှုန်းများကို သုည ဒသမ ၅ ရာခိုင်နှုန်းစီ မတ် ၁၂ တွင် အသီးသီးလျှော့ချသည်။ နောက် ၁၂ ရက်အကြာတွင် ၁ ရာခိုင်နှုန်းစီ ထပ်မံလျှော့ချခဲ့သည်။

ထို့ပြင် သုံးလတစ်ကြိမ်ပေးဆောင်ရသည့် ဝင်ငွေခွန်နှင့် လစဉ်ဆောင်ရသည့် ကုန်သွယ်လုပ်ငန်းခွန်များကိုလည်းကောင်း၊ ပို့ကုန်လုပ်ငန်းမှ ကြိုတင်ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကိုလည်းကောင်း ယခု ဘဏ္ဍာနှစ်ကုန် (စက်တင်ဘာ ၃၀) အထိ နောက်ဆုတ်ပေးထားသည်ဟု ကိုဗစ်နိုင်တင်းကြောင့် စီးပွားရေးအပေါ် သက်ရောက်မှုကုစားရေးကော်မတီက မတ် ၁၈ တွင် ထုတ်ပြန်ခဲ့သည်။

ယခုနှစ်အတွင်း မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းမှာ ၂ ရာခိုင်နှုန်းခန့်နှေးကွေးသွားနိုင်သည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ဧပြီလဆန်းတွင် ထုတ်ပြန်သည်။ လက်ရှိတွင် အဓိကအထိအနားဆုံးဖြစ်နိုင်သည့် ကဏ္ဍများအဖြစ် အထည်ချုပ်ကဲ့သို့သော ကုန်ကြမ်းသွင်း ကုန်ချောယူ လက်ခစား (CMP) လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းနှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းဟူ၍ ကဏ္ဍသုံးခုကို အစိုးရကရွေးချယ်ထားသည်။

အလုပ်ရှင်၊ အလုပ်သမားထည့်ဝင်ထားသည့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ဘီလျံ ၅၀ နှင့် နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေမှ အစိုးရက ကျပ်ဘီလျံ ၅၀ စီထည့်ဝင်ပြီး စုစုပေါင်း ကျပ်ဘီလျံ ၁၀၀ ဖြင့် ကနဦး မတည်ရန်ပုံငွေထူထောင်ကာ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက်မှ ရွေးချယ်၍ အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် တစ်နှစ်သက်တမ်းဖြင့် ချေးငွေထုတ်ချေးနေပြီဖြစ်သည်။

သင်္ကြန်ပိတ်ရက်များအပြီးကာလတွင် လုပ်ငန်း ၈၈ ခုအား ကျပ် ၆ ဘီလျံကျော်ထုတ်ချေးရန် ခွင့်ပြုမိန့်ကျပြီး ဖြစ်သည်။ နောက်ထပ်လည်း ချေးငွေထုတ်ပေးရန် တင်ပြလာသည့် လျှောက်လွှာများကို လက်ခံမည်ဟု စီးပွားရေးလုပ်ငန်းများအားကုစားရေးကော်မတီအတွင်းရေးမှူး ဦးအောင်နိုင်ဦးက Myanmar Now ကိုပြောသည်။

ကျပ် ဘီလျံ ၁၀၀ (အမေရိကန်ဒေါ်လာ သန်း ၇၀) သည် ထိခိုက်သွားမည့် စီးပွားရေးလုပ်ငန်းများအတွက် လုံလောက်မှုမရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။ ယင်းပမာဏသည် နိုင်ငံ GDP (စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု တန်ဖိုး) ၏ သုည ဒသမ ၁ ရာခိုင်နှုန်းသာရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ကိုဗစ်နိုင်တင်း မူဝါဒတုံ့ပြန်မှုထုတ်ပြန်ချက်တွင် တွက်ပြထားသည်။

နှိုင်းယှဉ်ခြင်းအားဖြင့် အမေရိကန်တွင် ကန်ဒေါ်လာ ၂ ဒသမ ၃ ထရီလျံဖြင့် နိုင်ငံ GDP ၏ ၁၀ ရာခိုင်နှုန်း၊ အိမ်နီးချင်း ထိုင်းတွင် ဘတ် ၁ ဒသမ ၅ ထရီလျံဖြင့် ၈ ဒသမ ၉ ရာခိုင်နှုန်း၊ စင်ကာပူတွင် ဒေါ်လာ ၆၀ ဘီလျံဖြင့် ၈ ရာခိုင်နှုန်း သုံးစွဲသွားမည်ဟု နိုင်ငံအသီးသီးက ထုတ်ဖော်ပြောကြားထားကြောင်း IMF က ထုတ်ပြန်ထားသည်။

“(မြန်မာကသုံးစွဲမယ့်) ကျပ် ဘီလျံ ၁၀၀ (ဒေါ်လာသန်း ၇၀) ဆိုတာ သာမန်အားဖြင့်ဆိုရင် များတယ်ထင်ရပေမယ့် တစ်နိုင်ငံလုံးစီးပွားရေး GDP အနေနဲ့ ပြန်တွက်ရင် ဘာမှမဟုတ်ဘူး။ ဘီလျံမဟုတ်ဘူး၊ ထရီလျံ အထိ သုံးရမယ့်အနေအထားပါ။ လုံလောက်မှုမရှိသေးပါ ဘူး” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က သုံးသပ်သည်။

ကိုဗစ်နိုင်တင်းကြောင့် ထိခိုက်မှုအများဆုံးတွင်ပါဝင်သည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတစ်ခုတည်းနှင့်ပင် ကျားကန်ထားနိုင်အတွက် ကျပ်ဘီလျံ ၂၀၀ နီးပါး လိုအပ်မည်ဖြစ်ကြောင်း၊ ကောက်ယူထားသည့် အချက်အလက်များအရ နောက်သုံးလအထိ ခရီးသွားလုပ်ငန်းအနေဖြင့် အလုပ်မရှိနိုင်သည့် အနေအထားဖြစ်ကြောင်း ဦးနောင်းနောင်းဟန်က သုံးသပ်သည်။

“အိမ်နီးချင်းနိုင်ငံတွေက ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ အားကောင်းတဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူတို့က ပြန်ပြီး ရလာမယ့် (ဈေးကွက်) နည်းနည်းလေးကို ဝိုင်းပြီး … အပြိုင်အဆိုင်ဆွဲဆောင်ကြမယ်။ စျေးတွေ လျှော့ချကြမယ်။ မက်လုံးတွေပေးကြမယ်။ ဒါကို ကျွန်တော်တို့က ပြိုင်ဆိုင်နိုင်ဖို့လိုပါတယ်။ အဲဒီအချိန်မှာ ဈေးကွက်တစ်ခုကို ကျွန်တော်တို့ ရမထားဘူးဆိုရင် နောက်ပိုင်းရေရှည်မှာ ရဖို့ခက်ခဲသွားပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ဟိုတယ်ခရီးသွားကဏ္ဍမှာ လာမည့်ခရီးသွားရာသီပြန်လည်စတင်မည့် စက်တင်ဘာလအထိ လည်ပတ်ရန်အခက်အခဲ များ ရှိနေမည်ဖြစ်သည့်အတွက် ချေးငွေသက်တမ်းကာလသတ်မှတ်ချက် တစ်နှစ်မှာ တိုတောင်းလွန်းသည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးခင်အောင်ထွန်းကလည်း သုံးသပ်သည်။

မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာဇော်ဦးကမူ လုပ်ထုံးလုပ်နည်းအဆင့်များ သည့် ချေးငွေထက် ထောက်ပံ့ငွေ (grant) က ပိုမိုအဆင်ပြေနိုင်မည်ဟု ဆိုသည်။

“ချေးငွေဖြစ်တဲ့အတွက်ကြောင့် အဆင့်တွေများနေတယ်။ လူတွေက ချေးပြီးရင်ပြန်ဆပ်ရမှာရှိတယ်။ အစိုးရဌာနက တာဝန်ရှိသူတွေက စိစစ်ရမယ့်တာဝန်ရှိတယ်။ ချေးတဲ့သူရော၊ ငှားတဲ့သူရော အဆင့်ဆင့် လုပ်ရမှာတွေဆိုတော့ လုပ်ထုံးလုပ်နည်းတွေ လည်းများတယ်” ဟု ၎င်းကပြောသည်။

အခြားနိုင်ငံများတွင် စီးပွားရေးဆိုင်ရာ ချေးငွေထက် ထောက်ပံ့ငွေပေးအပ်သည့်အတွက် ပိုမိုလျင်မြန်စွာရောက်ရှိနိုင် သည့် နည်းလမ်းများကို အသုံးပြုနေသည်ဟု ဒေါက်တာဇော်ဦးက ထောက်ပြသည်။

ကိုဗစ်နိုင်တင်းကြောင့်ထိခိုက်မှုအများဆုံးဖြစ်သည့် ကဏ္ဍသုံးခုကိုသာ အစိုးရက အာရုံစိုက်လုပ်ဆောင်နေခြင်းမှာ စီးပွားရေးလျင်မြန်စွာလည်ပတ်နိုင်ရန်အတွက် လုံလောက်မှုမရှိဟု ဒေါက်တာဇော်ဦးက သုံးသပ်သည်။

“ခရီးသွား၊ အသေးစား၊ အလတ်စားစက်မှု ဒါကိုပဲအာရုံစိုက်နေတာက မလုံလောက်ဘူးလို့ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ (ကိုဗစ်နိုင်တင်းက) စီးပွားရေးတစ်ခုလုံးကို သက်ရောက်မှုရှိနိုင်တယ်။ ရှိနိုင်တဲ့အတွက်ကြောင့် … သေသေချာချာလေ့လာဖို့လိုပါတယ်” ဟုထောက်ပြသည်။

အရေးပေါ်တုံ့ပြန်မှုအဖြစ် စီးပွားရေးလုပ်ငန်းများအား အစိုးရကငွေချေးရုံသာမက ဆက်လက်ဆောင်ရွက်မည့် မဟာဗျူဟာကိုပါ ချမှတ်ထားရန်လိုသည်ဟု ဒေါက်တာဇော်ဦးက အကြံပြုသည်။

“ချေးငွေချေးတာဖြစ်ဖြစ်၊ ထောက်ပံ့တာဖြစ်ဖြစ် ဘာဆက်လုပ်မယ်ဆိုတာ တခြားနိုင်ငံတွေမှာ မဟာဗျူဟာရှိပါတယ်။ ဒီမှာလည်း ရှိသင့်တယ်လို့ ထင်ပါတယ်” ဟု ၎င်းကဆိုသည်။

ချေးငွေရတာကိုကြိုဆိုသူ

ချေးငွေပမာဏနှင့် သက်တမ်းအပေါ် မလုံလောက်ဟု မြင်သည့်လုပ်ငန်းရှင်များ ရှိသော်လည်း ဝမ်းသာနေကြသည့် အလယ်အလတ်လုပ်ငန်းများလည်း ရှိသည်။ လုပ်ခလစာပေးချေရန်ခက်ခဲနေချိန်တွင် ယင်းချေးငွေ သည် ၎င်းတို့ အတွက် အသက်ရှူချောင်စေနိုင်သည်ဟု မန္တလေးအခြေစိုက် အလတ်စား လုပ်ငန်းတစ်ခုဖြစ်သည့် ဦးကာက၊ ဒေါ်စိန် လက်ဖက်လုပ်ငန်း ပိုင်ရှင် ဦးမျိုးသန့်ဆွေက သုံးသပ်သည်။

ယခင်က လက်ဖက်ကို အမေရိကန်နိုင်ငံသို့ တိုက်ရိုက်တင်ပို့သလို ချက်၊ ဩစတြေးလျအပါအဝင် အနောက်နိုင်ငံများသို့ ဝယ်လက်မှတစ်ဆင့် တင်ပို့မှုများရှိခဲ့သော်လည်း မတ်လမှစတင်ကာ တင်ပို့မှုမှာ လုံးဝနီးပါးရပ်ဆိုင်ထားရသည့် အခြေအနေ ဖြစ်ပြီး ပြည်တွင်းတွင်လည်း လုပ်သားအင်အားအခက်အခဲဖြစ်နေကာ မြို့နယ်များသို့ ပစ္စည်းပို့ချိန်တွင်လည်း အခက်အခဲများရှိနေသည်ဟု ၎င်းက ဆိုသည်။

“လုပ်ငန်းက ရပ်သလောက်ဖြစ်သွားတယ်။ အတူတူဖက်ပြီး ရုန်းကန်လာရတဲ့သူတွေဖြစ်လို့ လုပ်သားအင်အား လည်း မလျှော့ချင်ဘူး ဒီအချိန်မှာ အလုပ်သမားတွေကို လစာပေးဖို့ တော်တော်ရုန်းကန်ရပါတယ်” ဟု ဦးမျိုးသန့်ဆွေက ပြောသည်။

လုပ်သားအင်အား ၂၀၀ ကျော်ဖြင့်လည်ပတ်နေသည့် ဦးကာက၊ ဒေါ်စိန် လက်ဖက်လုပ်ငန်းတွင် လက်ရှိအချိန်ထိ အလုပ်သမားအင်အားလျှော့ချခြင်းမရှိဘဲ လစာအပြည့်အဝပေးထားသည်ဟု ဦးမျိုးသန့်ဆွေက ဆိုသည်။

မတ်နှင့် ဧပြီကာလမှာ လက်ဖက်ရောင်းအားကောင်းသည့် ရာသီချိန်ဖြစ်သော်လည်း ကပ်ရောဂါဂယက်ကြောင့် ပြည်ပသို့ တင်ပို့နိုင်ခြင်း မရှိသလို ပြည်တွင်းဖြန့်ချိရေးတွင်လည်း အခက်အခဲများရင်ဆိုင်နေရသည်ဟု ဦးမျိုးသန့်ဆွေက ပြောသည်။

လုပ်ငန်းလည်ပတ်ရန်နှင့် လခပေးရန်အတွက် ချေးငွေကို လျှောက်ထားလိုက်သော်လည်း တာဝန်ရှိသူများဘက်က စိစစ်နေဆဲအဆင့်တွင် သာရှိသေးသည်ဟု ၎င်းက ဧပြီ ၂၂ တွင်ဆိုသည်။

အခြေခံလူတန်းစားများအတွက်အစီအမံများ

ပြီးခဲ့သည့် သင်္ကြန်ကာလပိတ်ရက်အတွင်း ပြည်သူအများကို အိမ်ထဲမှာသာနေကြရန် အစိုးရကတိုက်တွန်းပြီး နောက် ဝင်ငွေနည်းအခြေခံလူတန်းစားများအား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့်ပဲ အခြေခံစားသောက်ကုန် ငါးမျိုးကို ထောက်ပံ့ခဲ့သည်။ ထို့ပြင် လျှပ်စစ်မီတာခကိုလည်း အိမ်သုံးမီတာများအတွက် ပထမယူနစ် ၁၅၀ စာကို ကင်းလွတ်ခွင့်ပြုခဲ့သည်။

သို့ရာတွင် ထိုကဲ့သို့ထောက်ပံ့ခြင်းမှာ ရေတိုအတွက်သာအဆင်ပြေနိုင်ပြီး အခြေခံလူတန်းစားများ ဝင်ငွေ မထိခိုက်ရေးအတွက် ရေရှည်အတွက်ပါ အစီအမံထည့်သွင်းရမည်ဟု ဒေါက်တာဇော်ဦးက ပြောသည်။

စားနပ်ရိက္ခာဖူလုံစေရန် ဖန်တီးပေးခြင်း၊ အခြေခံစားသောက်ကုန်များကို သက်သာသည့်ဈေးနှုန်းဖြင့် ဝယ်ယူခွင့်ရရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးတို့အတွက် အာရုံစိုက်လုပ်ဆောင်သင့် သည်ဟု စီးပွားရေးပညာရှင်များက ထောက်ပြသည်။

ယခုနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် သုံးသန်း တင်ပို့ရန် မျှော်မှန်းထားပြီး တစ်သန်းကျော် တင်ပို့ထားပြီးဖြစ်သော် လည်းလက်ရှိအချိန်တွင် သိန်းဂဏန်းဝန်းကျင်သာ ပို့ဆောင်သင့်သည်ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက အကြံပြုသည်။

ကိုရိုနာဗိုင်းရပ်ကြောင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မည့်သူများအနေဖြင့် တင်ပို့မည့်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်အရန်ဆန်အဖြစ် ရောင်းချပေးရမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနက ဧပြီ ၇ တွင် ထုတ်ပြန်ခဲ့သည်။

ဒေါက်တာအောင်ကိုကိုကမူ ကပ်ရောဂါကြောင့်စီးပွားရေးမထိခိုက်စေရန်အတွက် အလုပ်အကိုင်အသစ်များ ဖန်တီးပေးရန် လိုသည်ဟု ပြောသည်။

“အလုပ်အကိုင်သစ်တွေဖန်တီးပေးဖို့ဆိုရင် ရင်းနှီးမြှုပ်နှံမှုအသစ်တွေလိုတယ်။ လက်ရှိရင်းနှီးမြှုပ်နှံမှုဥပဒေအရ သုံးနှစ်၊ ငါးနှစ်၊ ခုနစ်နှစ် စသဖြင့် မက်လုံးပေးထားတာတွေရှိတယ်။ အဲဒါတွေကို ပြန်ပြီး သုံးသပ်ဖို့လိုရင် လိုပါလိမ့်မယ်” ဟု ၎င်းကထောက်ပြသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း ကိုဗစ်နိုင်တင်းကြောင့် အလုပ်အကိုင်ရရှိရေးအတွက် အလုပ်သမားအခြေပြုလုပ်ငန်းများကို စိစစ်ခွင့်ပြုနေပြီး ဧပြီလဆန်းပိုင်းတွင် စက်မှုကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍ၊ အခြား ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသစ် ၁၁ ခုကို ခွင့်ပြုပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၂၀၀ ကျော် ကို ဖန်တီးပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

နိုင်ငံတကာချေးငွေတွေဘယ်လိုလဲ

ကပ်ရောဂါကြောင့် မြန်မာအပါအဝင် အာရှနှင့်ပစိဖိတ်ဒေသတွင်း နိုင်ငံများ၏ စီးပွားရေးကို ကျားကန်ပေးရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ အထိ ပံ့ပိုးပေးမည်ဟု ဘဏ်ဥက္ကဋ္ဌ Masa Asakawa က ဧပြီဒုတိယပတ်အတွင်း ကြေညာခဲ့သည်။

ယင်းသည် ဘဏ်က မူလကနဦးကြေညာခဲ့သည့် ဒေါ်လာ ၆ ဒသမ ၅ သန်းကို သုံးဆခန့် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ အာရှနှင့်ပစိဖိတ်ဒေသအတွက်ဟု ဆိုသော်လည်း မြန်မာနိုင်ငံအတွက် အကူအညီမည်မျှရမည်ကိုတော့ ဘဏ်က မကြေညာသေးပါ။

တစ်ချိန်တည်းမှာပင် ကမ္ဘာ့ဘဏ်ကမူ မြန်မာနိုင်ငံအား အမေရိကန်ဒေါ်လာ သန်း ၅၀ ချေးမည်ဟု ကြေညာ ထားသည်။ ကိုဗစ်နိုင်တင်းရောဂါ တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် “အရေးပေါ်ရန်ပုံငွေ” အဖြစ် ရည်ရွယ်သည်ဟု ၎င်းဘဏ်က ဧပြီ ၂၀ တွင်ကြေညာသည်။ ယင်းချေးငွေကို နောက်လတွင်ခေါ်ယူမည်ဟု ယူဆရသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုချက်ယူရမည်ဖြစ်သည်။

“(ဒီချေးငွေတွေနဲ့) mask တွေ၊ ပစ္စည်းတွေ၊ စက်တွေဝယ်ရမယ်။ reagent (ဓာတ်စမ်းပစ္စည်း) တွေဝယ်ရမယ်။ အဲ့ဒါတွေလုပ်နေသရွေ့ကတော့ ဒါကလိုအပ်ချက်ရှိမှာပဲ။ ဒီလိုအပ်ချက်တွေကိုဖြည့်ဖို့အတွက် ပိုက်ဆံရှိရင်တော့ အဲ့ဒီပိုက်ဆံနဲ့လုပ်ရင်တော့ ပိုအဆင်ပြေတာပေါ့” ဟု ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းကဆိုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading