ကိုရိုနာဗိုင်းရပ်ရှိမရှိ စောင့်ကြည့်ခံရသူများ စားစရိတ်ပေးရမည့် အစီအစဉ် ရန်ကုန်တိုင်းစတင်

စင်တာတွင် ၂၁ ရက်ကြာ စောင့်ကြည့်ခံရမည်ဖြစ်ရာ တစ်ရက်လျှင် ၅၀၀၀ကျပ် နှုန်းဖြင့် ၁၀၅၀၀၀ ကျပ် ကျခံရမည်ဖြစ်ပြီး မတတ်နိုင်သူများကို အစိုးရကကူညီမည်ဟုဆိုသည်

Published on Apr 21, 2020
ပြည်ပမှ ပြန်လာသူများကို ၁၄ ရက်ကြာ စောင့်ကြည့်သည့် နေရာတခုတွင် နေ့လယ်စာတန်းစီနေသည့် စောင့်ကြည့်ခံရသူများကို ဧပြီလ အစောပိုင်းက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-စိုင်းဇော်/Myanmar Now)
ပြည်ပမှ ပြန်လာသူများကို ၁၄ ရက်ကြာ စောင့်ကြည့်သည့် နေရာတခုတွင် နေ့လယ်စာတန်းစီနေသည့် စောင့်ကြည့်ခံရသူများကို ဧပြီလ အစောပိုင်းက တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-စိုင်းဇော်/Myanmar Now)

ကိုရိုနာဗိုင်းရပ်ရှိမရှိ စောင့်ကြည့်သည့်စင်တာ(Quarantine Center) များတွင် နေထိုင်သည့် စောင့်ကြည့်ခံရသူများမှာ စားစရိတ်ကျခံပေးရမည့် အစီအစဉ်ကို ရန်ကုန်တိုင်းတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း တိုင်းအစိုးရထံမှသိရှိရသည်။

ယခုရက်ပိုင်းအတွင်း စတင်ဖွင့်လှစ်ခဲ့သည့် ကမာရွတ်မြို့နယ် တက္ကသိုလ်များနယ်မြေရှိ အမရာဆောင်သစ်တွင် စောင့်ကြည့်ခံရမည့်သူများ အနေဖြင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ယူဆောင်လာရန်နှင့် မနက်စာ၊ နေ့လယ်စာ၊ ညစာ အတွက် တစ်နေ့ငါးထောင်ကျပ်နှုန်း ပေးဆောင်ရန် ရန်ကုန်တိုင်းအစိုးရနှင့် ကျန်းမာရေးဦးစီးဌာနက ဆုံးဖြတ်လိုက်ကြောင်း ရန်ကုန်တိုင်း ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည်က Myanmar Now ကို ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စောင့်ကြည့်စင်တာပေါင်း ၂၅ ခုရှိသည့်အနက် စားသောက်စရိတ် တစ်ရက် ၅၀၀၀ ကျပ် ပေးရသည့် အစီအစဉ်မှာ အမရာဆောင် တစ်ခုသာရှိသေးကြောင်း ဒေါ်မိုးမိုးစုကြည်က ရှင်းပြသည်။

အဆောင်သစ်တွင် စင်တာ တည်ထောင်ရသည့်အတွက် စောင်၊ ခြင်ထောင်၊ မွေ့ယာ စသည့် တစ်ကိုယ်သုံးပစ္စည်းများစွာကိုလည်း စုဆောင်းရပြီး စက်ရုံ၊အလုပ်ရုံများ ပိတ်သည့် အခြေအနေတွင် ထိုသို့ စုဆောင်းရန် ခက်ခဲလာကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် တတ်နိုင်သူများအနေဖြင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ ယူဆောင်ရန်နှင့် တစ်နေ့စာ စားသောက် စရိတ် ကျပ်ငါးထောင်ပေးဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အခြားသော စင်တာများတွင်မူ အလှူရှင်များနှင့် ဆရာတော်များက စောင့်ကြည့်ခံရသူများအတွက် နေ၊စားစာရိတ်ကို လှူဒါန်းပေးလျက်ပင်ရှိကြောင်း၊ အလှူရှင်မရှိပါက စားစရိတ်ကောက်ခံရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“စားသောက်ရေးအတွက် ငါးထောင်ကို ချက်ပေးရတဲ့ ဆိုင်တွေက ငါးထောင်နှုန်းနဲ့ မရရအောင် ချက်ပြီးတော့ lunch box, dinner box တွေနဲ့ ပို့ပါတယ်။ အမရာဆောင်မှာ ငါးထောင်နှုန်းနဲ့ ကျွေးဖို့ ညှိနှိုင်းပြီးတော့ ကိုယ့်ရဲ့ တစ်ကိုယ်ရေတစ်ကာယ တစ်နေ့စာလေးကို ပါဝင်ကြဖို့အတွက် ကျန်းမာရေးဌာနကလည်း ဆောင်ရွက်တယ်”ဟု ၎င်းက ဆိုသည်။

သို့သော် ခြွင်းချက်အနေဖြင့် တစ်နေ့လျင် ငါးထောင်ကျပ် ပေးဆောင်ရန် ခက်ခဲသူများကို တိုင်း ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်း အစိုးရက ကူညီပေးမည်ဟု ၎င်းက ဆိုသည်။

“လိုအပ်တဲ့ သူတွေကို ဖြည့်ပေးပါတယ်။ မလိုအပ်လို့ မိမိကိုယ်တိုင် အကုန်အကျ ခံမယ့်သူတွေကို အကုန်အကျ ခံကြဖို့ အမရာဆောင်ကနေ စတင်ပြီးတော့ ဆောင်ရွက်တာပါ” ဟု ၎င်းက ဆိုခြင်း ဖြစ်သည်။

ကိုဗစ်နိုင်တင်းရောဂါ ပိုးရှိသူနှင့် ထိစပ်ခဲ့သူများအနေဖြင့် အစိုးရသတ်မှတ်ထားသည့် စင်တာတွင် ၂၁ ရက်ကြာ စောင့်ကြည့်ခံရမည်ဖြစ်ရာ တစ်ရက်လျှင် ငါးထောင်ကျပ် နှုန်းဖြင့် စုစုပေါင်း ၁၀၅၀၀၀ ကျပ် ကိုယ်တိုင် ကျခံရမည် ဖြစ်သည်။

Myanmar Now ၏ ဆက်သွယ်မေးမြန်းချက်အရ ဒေါပုံမြို့နယ်နှင့် လှိုင်သာယာမြို့နယ်ရှိ ကိုဗစ်နိုင်တင်းရောဂါပိုးရှိသူများနှင့် ထိစပ်သူများကို စောင့်ကြည့်သည့် နေရာများတွင်လည်း တစ်နေ့ ကျပ် ငါးထောင်ပေးဆောင်ရသည့် အစီအစဉ်ကို စတင်နေပြီ ဖြစ်သည်။

လှိုင်သာယာမြို့နယ်ရှိ လူနာနံပါတ် ၁၁၁ နှင့် ထိတွေ့ခဲ့သူ လေးဦးမှာ ငွေကြေးမတတ်နိုင်သူများဖြစ်၍ ၎င်းတို့အတွက် ကုန်ကျစရိတ်ကို လှိုင်သာယာမြို့နယ် ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီက တာဝန်ယူပေးထားသည်ဟု ကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

“ကျွန်တော်တို့ ကိုယ်စားလှယ်တွေက အားလုံးကိုတော့ ဆောင်ရွက်ပေးချင်တယ်။ သို့ပေမယ့် ရန်ပုံငွေ ပေါ်မူတည်ပြီးတော့ ဆောင်ရွက်ပေးရမှာပေါ့။ ရေရှည်ကြီး ဒါကဘယ်လောက် ကြာသွားမလဲ။ မသိဘူး။ ကျွန်တော်တို့က နိုင်သည်အထိတော့ ဆောင်ရွက်ပေးမှာပဲ။ မနိုင်တော့ဘူးဆိုရင် သက်ဆိုင်ရာ တိုင်းဒေသကြီး တာဝန်ရှိတဲ့သူတွေကို တင်ပြရမှာပေါ့” ဟု ၎င်းက ဆိုသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဧပြီ ၁၉ ထုတ်ပြန်ချက်တွင်ပါရှိခဲ့သည့် ကိုဗစ်နိုင်တင်းလူနာနံပါတ် ၉၉ ၏ မိသားစုဝင် သုံးဦးမှာလည်း အမရာဆောင် စောင့်ကြည့်စင်တာသို့ ပို့ဆောင်ခံရပြီး တစ်နေ့လျှင် တစ်ဦးကို ငါးထောင်ကျပ်နှုန်း ပေးဆောင်ရကြောင်း ဒေါပုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက ပြောသည်။

“သူတို့ဆီမှာ အလှူရှင်ရှိတဲ့အခါဆိုရင်တော့ အဲ့ဒီလူတွေကိုထမင်းကျွေးနိုင်တယ်။ အလှူရှင်မရှိတဲ့နေ့တွေဆိုရင် သူတို့ထမင်းမကျွေးနိုင်ဘူး။ အမြဲတမ်းတော့ အလှူရှင်မရှိဘူးပေါ့ဗျာ။ အဲ့ဒီအခါမျိုးကျရင်တော့ ကွာရန်တင်းဝင်တဲ့သူတွေက စရိတ်မျှပေးတဲ့အနေနဲ့ ငွေငါးထောင်ပေးရတယ်”ဟု ဦးကျော်သက်ထူးက ပြောသည်။

အမရာဆောင်စောင့်ကြည့်စင်တာမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါ်ဟန်နီနီဇော်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ လက်ရှိတွင် အလှူရှင်များရှိသဖြင့် အခက်အခဲမရှိကြောင်းနှင့် စောင့်ကြည့်ခံထားရသူ တစ်ရာကျော် ရှိသည်ဟုဆိုသည်။ အသေးစိတ်သိရှိနိုင်ရန် စင်တာ၏တာဝန်ခံ ဒေါက်တာရဲရင့်ထွန်းထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

အစိုးရသတ်မှတ်ထားသည့် စောင့်ကြည့်စင်တာများတွင် စောင့်ကြည့်ကန့်သတ်ခံရသူထံမှ ကုန်ကျစရိတ်အတွက် ယခင်ကကောက်ခံခြင်းမရှိခဲ့သော်လည်း လက်ရှိတွင် စောင့်ကြည့်သူများ များပြားလာသဖြင့် စောင့်ကြည့်ခံထားရသူများက စရိတ်မျှခံရန် မြိုနယ်ကျန်းမာရေးဦးစီးဌာနက ညွန်ကြားခြင်း ဖြစ်သည်ဟု ဒေါပုံမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) ဦးသန့်ဇင်ကပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းကူးစက်ခံခဲ့ရသည့်လူနာဦးရေ ၁၁၉ ဦးရှိခဲ့သည့်အနက် သေဆုံးသူ ၅ ဦး၊ ပြန်လည်ကောင်းမွန်သူ ၇ ဦး ရှိလာပြီး လတ်တလောတွင် သံသယလူနာနှင့်စောင့်ကြည့်ခံရသူ စုစုပေါင်း၂၀၈၉ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီ ၂၀ ည ၁၁ နာရီတွင် သတင်းထုတ်ပြန်ထားသည်။

 

 

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading