ဘက်မတူခဲ့သူများမှသည် မိတ်ဖက်များအဖြစ်သို့

NLD အစိုးရ အဝန်းအဝိုင်းတွင် ပြိုင်ဘက်ဟောင်းအများအပြားကို တာဝန်ပေးထားသည်။

 
Published on Nov 30, 2018

၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရတက်လာပြီးနောက်ပိုင်း ပါတီအတွင်းလူများ၊ ပါတီနှင့်ရင်းနှီးသည့် ပါတီပြင်ပ ပုဂ္ဂိုလ်များသာမက ပြိုင်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တချို့၊ တပ်မတော်အရာရှိဟောင်းတချို့ကိုပင် အရေးပါသည့် ထိပ်ပိုင်း နေရာများတွင် နေရာပေး ခန့်အပ်ခဲ့သည်။ ယခုနောက်ဆုံး ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးအဖြစ် လက်ရှိသမ္မတရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူကို အတည်ပြုခန့်အပ်လိုက်ရာ NLD အစိုးရအဖွဲ့ လက်ထက်တွင် တပ်မတော်အရာရှိဟောင်းအဖြစ်မှ ပြည်ထောင် စုဝန်ကြီးဖြစ်လာသည့် သုံးဦးမြောက် ပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး လက်ရှိအစိုးရ၏ “အမျိုးသားရင်ကြား စေ့ရေးမူ”မပြောင်းလဲသေးကြောင်း ဆက်လက်ပြသလိုက်ခြင်းဟု ယူဆ၍ရနိုင်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်အမည်စာရင်း တင်သွင်းသည့် ဝန်ကြီးဌာနသုံးခုမှလွဲ၍ NLD ပါတီအစိုးရဖြစ်လာပြီး အစိုးရအုပ်ချုပ်ရေး ယန္တရားနှင့် အခြား အရေးပါသည့် ထိပ်ပိုင်းရာထူးကြီးများတွင် ခန့်အပ်တာဝန်ပေးထားသည့် တပ်ဘက်မှအရာရှိဟောင်း (သို့မဟုတ်) ယခင်စစ်အစိုးရလက်ထက်က လူဟောင်းများ အကြောင်းကို တစေ့တစောင်း တင်ပြလိုက်ပါသည်။

လက်ရှိ အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၂၅ ခု၌ ဝန်ကြီး/ဒုဝန်ကြီးများအဖြစ် NLD မှ ၁၁ ဦး၊ ပြည်ခိုင်ဖြိုးပါတီမှ လေးဦး (ဝန်ကြီး ၃ + ဒုဝန်ကြီး ၁)၊ တပ်မတော်မှ ခြောက်ဦး၊ ပြင်ပပုဂ္ဂိုလ် ၂၇ ဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တစ်ဦး၊ ရှေ့နေချုပ်တစ်ဦး၊ စုစုပေါင်း ၅၀ တာဝန်ထမ်းဆောင်လျက်ရှိသည်။

(အမည်၊ ရာထူးတို့ကို နိုင်ငံတော်ပြန်တမ်းပါ ပြည်ထောင်စုအင်္ဂါစဉ်အရ စီထားခြင်း ဖြစ်ပါသည်။)

ဦးတီခွန်မြတ် (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ) (ပြည်ထောင်စုအင်္ဂါစဉ် အဆင့် ၅)

နိုင်ငံရေးဘဝမျိုးစုံကို ဖြတ်သန်းဖူးသည့် အတွေ့အကြုံရှိသော ကချင်အမျိုးသား ဦးတီခွန်မြတ်သည် ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင် နေစဉ် ဥက္ကဋ္ဌ ဦးဝင်းမြင့် နိုင်ငံတော်သမ္မတဖြစ်သွားသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်သို့ NLD ကြီးစိုးသည့်လွှတ်တော်က အဆိုတင်သွင်း တင်မြှောက်ခဲ့ခြင်းဖြစ်သည်။ “Jeffrey (ဂျက်ဖရီ)” ဟုလည်း အမည်တွင်သည့် ဦးတီခွန်မြတ်သည် စစ်အစိုးရအုပ်ချုပ်စဉ်က ကွတ်ခိုင် အခြေစိုက် ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ဖူးသည်ဟု လည်းကောင်း၊ ၎င်းအဖွဲ့သည် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ရေးတွင် ပါဝင်ပတ်သက်သည် ဟုလည်းကောင်း သတင်းဌာနအချို့က စွပ်စွဲ ရေးသားခဲ့ဖူးသော်လည်း ၎င်းက ငြင်းဆန်ဖူးသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးဆောင်ရေးဆွဲခဲ့သူ တစ်ဦးဖြစ်ကာ တစ်ချိန်တည်းမှာပင် ရှေ့နေချုပ်ရုံး၏ ညွှန်ကြားရေးမှူးချုပ် အဖြစ်ပါ တာဝန်ယူခဲ့သည်။၂၀၁၀ ရွေးကောက်ပွဲတွင် ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု အနိုင်ရကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာခဲ့ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ တာဝန်လည်း ယူခဲ့ရသည်။ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဟောင်း သူရဦးရွှေမန်းနှင့် အလွန် နီးစပ်သူတစ်ဦးဖြစ်ပြီး ဦးရွှေမန်းမှ တစ်ဆင့် NLD ခေါင်းဆောင် ပိုင်းနှင့် နီးစပ်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်အဖြစ် တစ်ဖန် အနိုင်ရခဲ့သော်လည်း နောက်ပိုင်း ဦးရွှေမန်း၏တခြားလက်ရုံးများနှင့် အတူ ပါတီမှအထုတ်ခံခဲ့ရသည်။ သို့သော်လည်း NLD ၏ထောက်ခံမှုဖြင့် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ၊ ထို့နောက် ဥက္ကဋ္ဌဖြစ်လာခဲ့သူ ဖြစ်သည်။

ဦးထွန်းထွန်းဦး (ပြည်ထောင်စု တရားသူကြီးချုပ်) (ပြည်ထောင်စုအင်္ဂါစဉ် အဆင့် ၇)

ဦးထွန်းထွန်းဦးသည် ယခင်က တပ်မတော်တွင် အနောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ဗိုလ်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး ဗိုလ်မှူးအဆင့်ဖြင့် စစ်ဘက်ဆိုင်ရာ ဥပဒေချုပ်ရုံးတွင် လည်းကောင်း၊ လက်ထောက် တရားသူကြီးချုပ်အဖြစ် ၂၀၀၇ မှ ၂၀၁၁ ခုနှစ် အထိလည်းကောင်း တာဝန်ယူခဲ့ဖူးသည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတဦးသိန်းစိန်က ၎င်းကို အသစ်ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် အမည် တင်သွင်းသည်။ ၎င်းသည် NLD အစိုးရလက်ထက်ရောက်မှ တရားသူကြီးချုပ် ခန့်အပ်ခံရသူမဟုတ်သော်လည်း အရပ်သားအစိုးရလက်ထက်တွင် တရားစီရင်ရေးမဏ္ဍိုင်၏ အကြီးဆုံး ရာထူးကို ဆက်လက် ထမ်းဆောင်နေသည့် တပ်မတော်အရာရှိဟောင်းတစ်ဦး ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၀၁ (က) အရ ပြည်ထောင်စုတရားသူကြီးချုပ်သည် အသက် ၇၀ အထိ တာဝန်ထမ်းဆောင်နိုင်သည်ဟု ဆိုထားသဖြင့် အသက် ၆၂ နှစ် ရှိပြီဖြစ်သည့် ၎င်းသည် နောက်ထပ် ရှစ်နှစ် တာဝန်ထမ်းဆောင်နိုင်သည်။

ဦးသိန်းဆွေ (အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး) (ပြည်ထောင်စု အင်္ဂါစဉ် အဆင့် ၁၄)

တပ်မတော်အရာရှိဟောင်းဦးသိန်းဆွေသည် ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ်က သူရဦးရွှေမန်းနှင့် အလွန်ရင်းနှီး သူဖြစ်ပြီး ပါတီ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့ရသူ တစ်ဦးဖြစ်သည်။ တပ်မတော်အစိုးရ လက်ထက် ကလည်း ပို့ဆောင်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ရသူတစ်ဦးဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို အနိုင်ရရှိခဲ့သည်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ထုတ်ပေး သည့် အထောက်အထားလက်မှတ် (Certificate of Identity) ကိစ္စတွင် အမှန် ကုန်ကျငွေထက် အလုပ်သမားများ အပိုကြေးများစွာ ကုန်ကျခဲ့သည်ဟုဆိုကာ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင် တစ်ဦးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့သည်ဟု ပြီးခဲ့သည့်မေလအတွင်း ငြမ်း သတင်းဌာနက ဖော်ပြခဲ့ဖူးသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဘက်ကမူ ၎င်းတို့ မသိပါဟု ငြင်းဆိုသည်။

သူရဦးအောင်ကို (သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး) (ပြည်ထောင်စု အင်္ဂါစဉ် အဆင့် ၁၄)

သူရဦးအောင်ကိုသည် တပ်မတော်တွင် ဗိုလ်မှူးချုပ်ရာထူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖြစ်ခဲ့သည်။ နအဖအစိုးရ လက်ထက်က သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့ပြီး ဥရောပသမဂ္ဂ၏ ၂၀၀၃ ခုနှစ်က ဒဏ်ခတ်သည့် စာရင်းတွင် ပါဝင်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် ကန်ပက်လက် မဲဆန္ဒနယ်မှ အနိုင်ရခဲ့ပြီး လွှတ်တော်ပထမ သက်တမ်းအတွင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြား စာများ၊ အသနား ခံစာများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ တာဝန်ကို ယူခဲ့သည်။ အကျင့်ပျက် တရားသူကြီးများကို ဖယ်ရှားရေးကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ပြီး လွတ်လပ်စွာစုဝေးခြင်း နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပြင်ဆင်ရေးအတွက်လည်း တက်တက်ကြွကြွဆောင်ရွက်ခဲ့သူဖြစ်သည်။ ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနှင့် အလွန်နီးစပ်သူ တစ်ဦးဖြစ်ခဲ့သည်။ NLD ပါတီရွေးကောက်ပွဲ ဝင်လာစေရေးအတွက် သူရဦးရွှေမန်းနှင့် အတူ ညှိနှိုင်းဆောင်ရွက်ရာတွင် ပါဝင်ခဲ့ကာ NLD ပါတီနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း NLD အစိုးရလက်ထက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဖြစ်လာခဲ့သည်။ NLD နှင့် နီးကပ်ခြင်း၊ အမျိုးသားရေးကို မျက်နှာသာ မပေးဟု ယူဆရခြင်း၊ ဝန်ကြီးဖြစ်ပြီး မကြာမီ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတချို့ ဦးဆောင်သော အမျိုး ဘာသာ သာသနာ ကာကွယ်ရေးစောင့်ရှောက်ရေး အမည်ခံထားသော အဖွဲ့ကို တရားမဝင် အသင်းအဖြစ် သတ်မှတ်ခဲ့မှုတို့ကြောင့် အမျိုးသားရေးဝါဒီဆိုသူများ၏ ကန့်ကွက်ဆန္ဒပြခြင်းကို ခံခဲ့ရသည်။ လက်ယာစွန်း အမျိုးသားရေး ဝါဒီမဟုတ်ဟု အများက ယူဆကြသော်လည်း မကြာသေးမီက မြိုင်ကြီးငူဆရာတော်၏ ဈာပနတွင် ဆရာတော်များအား လျှောက်ထားရာ၌ ယခင်ဦးသိန်းစိန်အစိုးရ အတည်ပြုခဲ့သော တစ်လင်တစ်မယားဥပဒေ အရ ယုန်ထောင်ကြောင်မိဖြစ်နေသည့်ကိစ္စ၊ “အစွန်းရောက်ဘာသာကြီး တစ်ခု”ကိစ္စများ ထည့်သွင်း လျှောက်ထားခဲ့သဖြင့် အဝေဖန်ခံခဲ့ရသည်။

ဦးကျော်တင့်ဆွေ (နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး) (ပြည်ထောင်စု အင်္ဂါစဉ် အဆင့် ၁၄)

အသက် ၇၃ နှစ်အရွယ်ရှိသည့် ဦးကျော်တင့်ဆွေသည် တပ်မတော်အရာရှိဟောင်း မဟုတ်သော်လည်း စစ် အစိုးရ လက်ထက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စစ်အစိုးရဘက်မှ စွမ်းစွမ်းတမံ ကာကွယ်ခဲ့သည့် သက်တော်ရှည်သံတမန်တစ်ဦးအဖြစ် ကာလရှည်ကြာ တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်သည်။ ၁၉၆၈ ခုနှစ်မှစကာ နိုင်ငံခြားရေးဝန်ကြီးဌာန၌ စတင်လုပ်ကိုင်ခဲ့ပြီး အစ္စရေး၊ မလေးရှား၊ ဂျာမနီ၊ ထိုင်း၊ ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ထမ်းဆောင်ဖူးသည်။ ၂၀၀၁ မှ ၂၀၁၀ ပြည့်နှစ်အထိ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားအဖြစ် ဆောင်ရွက်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးသည်။ ၂၀၁၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် လက်ပံတောင်းတောင်ဒေသအရေး လေ့လာစုံစမ်းရေးကော်မရှင်တွင်လည်း ပါဝင်ဖူးသည်။

ဦးသောင်းထွန်း (ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး)

ဦးသောင်းထွန်းသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ရာထူး ရယူထားစဉ် မကြာသေးမီကမှ အသစ် ဖွဲ့စည်းလိုက် သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ကို ကိုင်တွယ်ရသူ ဖြစ်လာသည်။ ၎င်းသည် ၂၀၁၇ နှစ်ဆန်းပိုင်းမှစကာ နိုင်ငံတော်လုံခြုံရေးအကြံပေးအဖြစ် လည်းကောင်း၊ ဇွန်လမှစကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ အဖြစ် လည်းကောင်း ခန့်အပ်ခံခဲ့ရသည်။ ၁၉၇၂ မှစကာ နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ စတင်ဝင်ရောက်အမှုထမ်းခဲ့ပြီး စစ်အစိုးရအုပ်ချုပ်ရေးကာလက နိုင်ငံအများအပြားတွင် တာဝန်ထမ်း ဆောင်ခဲ့သည်။ ၂၀၀၆ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ယူစဉ် မနီလာမြို့ သတင်းစာရှင်းလင်းပွဲတစ်ခု၌ ထိုစဉ်က နေအိမ်အကျယ်ချုပ် ကျခံနေရ သည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် (အမျိုးသားညီလာခံကို သပိတ်မှောက်ခြင်းဖြင့်) “ပြဿနာ မရှာဖို့လိုတယ် (must not rock the boat)” ဟု ပြောခဲ့ဖူးသည်။

ဦးမင်းသူ (ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီး) (ပြည်ထောင်စု အင်္ဂါစဉ် အဆင့် ၁၄)

တပ်မတော်လေမှ လေယာဉ်မှူး ဦးမင်းသူသည် ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သူ ဖြစ်သည်။ တပ်မတော် စစ်တက္ကသိုလ်မှ သိပ္ပံဘွဲ့ရခဲ့ပြီး ကာကွယ်ရေးပညာမှ မဟာဝိဇ္ဇာဘွဲ့ရခဲ့သူ တစ်ဦးဖြစ်သည်။ တပ်မှ အငြိမ်းစား ယူပြီးနောက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဖြစ်လာခဲ့သည်။ ၂၀၁၆ ခုနှစ် မေလမှစကာ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်သည့် အခမ်းအနားများ၊ ခရီးစဉ်များတွင် လိုက်ပါရသူတစ်ဦးဖြစ်သည်။ မကြာသေးမီက အသစ်ဖွဲ့စည်းလိုက်သည့် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသို့ သမ္မတရုံးဝန်ကြီး ဦးသောင်းထွန်းကို ရွှေ့ပြောင်းခန့်အပ်လိုက်သည့်နောက် ဦးမင်းသူကို ဝန်ကြီးရာထူးသို့ တိုးမြှင့် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းနှင့် ၎င်း၏ဇနီး တရားရုံးချုပ် ရှေ့နေ ဒေါ်လွင်မေသိန်းတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေးယခင်ကတည်းက ရင်းနှီးသည့် ဆက်ဆံရေး ရှိခဲ့သည်ဟုလည်း နီးစပ်သည့်ရင်းမြစ်အချို့က ဆိုသည်။

ဦးထွန်းထွန်းဦး (ပြည်ထောင်စု ရှေ့နေချုပ်) (ပြည်ထောင်စု အင်္ဂါစဉ် အဆင့် ၁၅)

ပြည်ထောင်စုအစိုးရအဖွဲ့၏အစိတ်အပိုင်း တစ်ခုဖြစ်သည့် ပြည်ထောင်စုရှေ့နေချုပ် ရာထူးကို ရယူထားသူ ဦးထွန်းထွန်းဦးသည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင် ခဲ့သူဖြစ်သည်။ ဦးသိန်းစိန်အစိုးရ လက်ထက်က ပြည်ထောင်စု အစိုးရအဖွဲ့ ဒုတိယ ရှေ့နေချုပ်အဖြစ် တာဝန်ယူခဲ့သည်၊ ဘာသာပြောင်းခြင်းနှင့် လူဦးရေထိန်းချုပ်ခြင်း အစီအမံများကို ထိန်းညှိရန်အတွက် အငြင်းပွားဖွယ် ဥပဒေများ ရေးဆွဲရာတွင် ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။ NLD အစိုးရဖွဲ့ချိန်တွင် ပြည်ထောင်စုရှေ့နေချုပ် ဖြစ်လာခဲ့သည်။

ဦးအောင်ကြည် (အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ)

တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တပ်မတော်အစိုးရလက်ထက်တွင် အလုပ်သမားဝန်ကြီးနှင့် ဆက်ဆံရေး ဝန်ကြီးဆိုသည့် တာဝန်နှစ်ခုကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၂၀၀၇ ခုနှစ် သံဃာအရေးအခင်းပြီးနောက် ထိုစဉ်က တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ပုံမှန်ဆက်ဆံရေးလမ်း ကြောင်း ဖွင့်ရန်အတွက် ဆက်ဆံရေးဝန်ကြီးရာထူးကို ဖန်တီးကာ ဦးအောင်ကြည်ကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးရာထူး ခန့်အပ်သည်မှ ၂၀၁၀ ပြည့်နှစ် အထိ ဒေါ်အောင်ဆန်းစုကြည်နှင့်၎င်းတို့ကိုးကြိမ်အထိ တွေ့ဆုံခဲ့ကြသော်လည်း အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းစ ပေါ်မလာခဲ့ပေ။ တပ်မတော်ဘက်ကလည်း ၎င်းတို့၏လမ်းပြ မြေပုံကို မလျှော့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်လက်ထက် ရောက်သည့်အခါ ပြန်ကြားရေးဝန်ကြီး အဖြစ် ၂၀၁၂ မှ ၂၀၁၄ အထိ ထမ်းဆောင်သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် ၂၀၁၇ နိုဝင်ဘာလမှစကာ တာဝန်ပေးအပ်ခြင်း ခံရသည်။ ၎င်းလက်ထက်တွင် ရာထူးငယ်နှင့် အလယ်အလတ်အဆင့် အစိုးရအရာရှိအချို့၏ အဂတိလိုက်စားမှုများကို ဖော်ထုတ် အရေးယူ နိုင်ခဲ့သော်လည်း ရာထူးအကြီးပိုင်းများနှင့် တပ်မတော်အရာရှိအချို့၏ အဂတိလိုက်စားမှုစွပ်စွဲချက်များကိုမူ စုံစမ်း ဖော်ထုတ်နိုင်ခြင်း မရှိပေ။

သူရဦးရွှေမန်း (ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အခြားကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ)

ဒေါ်အောင်ဆန်းစုကြည်၏ အရေးအပါဆုံး မဟာမိတ်ဟု ဆိုကြသည့် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းသည် တစ်ချိန်က စစ်အစိုးရအဖွဲ့အတွင်း နံပါတ် (၃) နေရာတွင် ရှိခဲ့သူဖြစ်ပြီး ယခင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ညာလက်ရုံးလည်း ဖြစ်ခဲ့သည်။ တပ်မတော် စစ်တက္ကသိုလ် အပတ်စဉ် ၁၁ ဆင်း ဗိုလ်ချုပ်ကြီးသည် တပ်မတော်သား ဘဝက စစ်ပွဲပေါင်းများစွာကို အောင်မြင်စွာ ကွပ်ကဲနိုင်ခဲ့သူဖြစ်သဖြင့် ထိပ်ပိုင်း ရာထူးသို့ လျင်မြန်စွာ တိုးမြှင့်ခံခဲ့ရသူဖြစ်သည်။ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ဖယ်ရှားခဲ့စဉ်က အနီးကပ်ကြီး ကြပ်ခဲ့ပြီး “ဥပဒေအထက်မှာမည်သူမျှမရှိ”ဟုပြောခဲ့သည်။ စစ်အစိုးရလက်ထက် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတွင် အရေးပါသူဖြစ်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အရပ်ဝတ် လဲပြီး ပြည်ခိုင်ဖြိုးပါတီမှ တစ်ဆင့် ရွေးကောက်ပွဲဝင်ရာ ဇေယျာသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အတွက် အနိုင်ရသည်။ ၎င်းကို သမ္မတဖြစ်လာမည်ဟု အများက ထင်ကြေးပေးခဲ့ကြ သော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌရာထူးသာ ရခဲ့သည်။ သို့သော်လည်း ဦးရွှေမန်းသည် ထိုအချိန်က အပျော့ဂိုဏ်း၊ အမာဂိုဏ်းဟူ၍ လူအများထင်မြင်ယူဆကြသည့် ဂိုဏ်းနှစ်ဂိုဏ်းတွင် အပျော့ဂိုဏ်းသားများထဲမှ အထင်ရှားဆုံးဖြစ်သည်။ အထူးသဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အစွမ်းကုန် ဆောင်ရွက်သည်ဟု ယူဆရခြင်း၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်လာပြီးနောက်ပိုင်း NLD နှင့် နီးကပ်သော ဆက်ဆံရေးရှိခြင်း တို့ကြောင့် အမှတ်များစွာ ရခဲ့ပြီး ယင်းကြောင့် ခေါင်းမာဂိုဏ်းသားများ၏ ငြိုငြင်ခံ ရသည်ဟုလည်း သတင်းထွက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုအချိန်မှစကာ စစ်တပ်နှင့်ဆက်ဆံရေးနှင့်ပတ်သက်လျှင် ဦးရွှေမန်း၏အကြံဉာဏ်ကို ရယူသည်ဟုလည်း ဆိုကြသည်။ သမ္မတဖြစ် လိုသည့် ၎င်း၏ရည်မှန်းချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သမ္မတ မဖြစ်နိုင်ခြင်းတို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲအလွန်တွင် ဦးရွှေမန်း သမ္မတဖြစ်လာမည်ဟုပင် ထင်မြင်ချက်များ ခေတ္တရှိခဲ့ဖူးသည်။ NLD အုပ်စုနှင့် မဟာမိတ်ပြုခြင်းကြောင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံရသည်ဟုလည်း ထင်မြင်စရာရှိသည်။ NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုအင်္ဂါစဉ် စာရင်းဝင် ရာထူးကြီးကြီးတစ်ခု မရသော်လည်း ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေရေးရာနှင့် အခြားကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဆိုသည်ကို ဖွဲ့စည်းကာ ဦးရွှေမန်းအား ဥက္ကဋ္ဌရာထူးပေးထားရသည်အထိ လက်ရှိနိုင်ငံရေးတွင် ဆက်လက်အရေးပါနေဆဲ ဖြစ်သည်။

 

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading