စက်ရုံများမပိတ်ပါက ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေး ဥပဒေဖြင့် အရေးယူမည်

စက်ရုံများပိတ်ရမည့်အမိန့်မှာ အနီးကပ်မှထွက်လာသလို နယ်တွင် သီးခြား ၁၄ ရက်နေခဲ့ကြောင်း လက်မှတ်ပါမှ အဆောင်များကခွင့်ပြုခြင်းတို့ကြောင့် နယ်အလုပ်သမားများ ရန်ကုန်တွင်နေရေး အခက်ကြုံနေကြသည်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ စက်ရုံတစ်ခုကို ယနေ့နံနက်က တွေ့ရစဉ် (ဓာတ်ပုံ - မမိုးအေ)

ဧပြီလကုန်အထိ ပိတ်သိမ်းရမည့် ညွှန်ကြားချက်ကို မလိုက်နာဘဲ ဆက်လက် ဖွင့်လှစ်နေသည့် စက်ရုံအလုပ်ရုံများကို ကူးစက်ရောဂါကာကွယ် နှိမ်နှင်းရေး ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကိုပြောသည်။

ကိုဗစ်နိုင်တင်း (COVID-19) ရောဂါပျံ့နှံ့မှုကို ထိန်းချုပ် ကာကွယ်နိုင်ရန် စက်ရုံအလုပ်ရုံများကို ဧပြီ ၃၀ အထိ မဖွင့်လှစ်ရန် အစိုးရက အမိန့်ထုတ်ထားသည်။

အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများနှင့် မရှိမဖြစ် လိုအပ်နေသည့် လုပ်ငန်းများမှလွဲပြီး ကျန်စက်ရုံ၊အလုပ်ရုံများကို မဖွင့်လှစ်ရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက ကြေညာထားပြီးဖြစ်ကြောင်း အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက Myanmar Now ကိုပြောသည်။

“အထည်ချုပ်တို့ အိတ်ချုပ်တို့ ဖိနပ်ချုပ်တို့ကတော့ မဖွင့်ရဘူး” ဟု ၎င်းကပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့က စက်ရုံ၊အလုပ်ရုံများကို ဧပြီ ၂၀ မှ ၃၀ ရက်နေ့အတွင်း စစ်ဆေးသွားမည် ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စက်ရုံ၊အလုပ်ရုံများကိုသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဟု ယင်းဝန်ကြီးဌာနက ယမန်နေ့(ဧပြီ ၁၉) က ထုတ်ပြန်ထားသည်။

သို့သော် ယင်းထုတ်ပြန်ချက်မှာ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်မည့် နာရီပိုင်းအလိုတွင်မှ ထုတ်ပြန်လိုက်သည့်အတွက် မြေပြင်တွင်အခက်အခဲများ ရင်ဆိုင်နေရသည်ဟု အလုပ်သမားအရေးလှုပ်ရှားသည့် အဖွဲ့များက ဆိုသည်။

အချိန်နီးကပ်မှထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်ကြောင့် ဧပြီ ၂၀ တွင် အလုပ်မပိတ်ဘဲ ဖွင့်လှစ်သည့် စက်ရုံအများအပြားရှိခဲ့ပြီး ညွှန်ကြားချက်ကို လိုက်နာသည့်စက်ရုံမှာ အနည်းငယ်သာရှိသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများကဆိုသည်။

အစိုးရ၏ ညွန်ကြားချက်ကို လိုက်နာပြီး ယနေ့နံနက်ပိုင်းတွင် ပိတ်သိမ်းပေးလိုက်သည့် စက်ရုံများရှိသော်လည်း လုပ်ငန်းလည်ပတ်နေသည့် စက်ရုံ၊အလုပ်ရုံများလည်းရှိကြောင်း အလုပ်သမားများကို လုပ်ငန်းခွင်ဝင်ရန် ယင်းစက်ရုံများမှ အလုပ်ရှင်များက ဖိအားပေးခိုင်းစေနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။

“အလုပ်သမားဦးစီးဌာနက သူတို့ကို အကြောင်းမကြားလို့ စာမပို့လို့ဆိုပြီး ဆက်ပြီးတော့ လုပ်မှာပဲဆိုတဲ့ စက်ရုံအလုပ်ရုံတွေလည်း ရှိပါတယ်။ အလုပ်သမားတွေကို အလုပ်ထုတ်လိုက်မယ်ပြောပြီးတော့ ဖိအားပေးခိုင်းစေနေတဲ့ လုပ်ငန်းရှင်တွေလည်းရှိပါတယ်” ဟု ၎င်းကပြောသည်။

ဝန်ကြီးဌာနအနေဖြင့် ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းစာများတွင်လည်း ကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်၍ ကြေညာချက်ကို မသိရှိ၍ ဆိုကာ လုပ်ငန်းဖွင့်လှစ် လည်ပတ်နေသည့် လုပ်ငန်းရှင်များမှာ ဥပဒေအရ အရေးယူခံရမည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးညွန့်ဝင်းက သတိပေးသည်။

ထို့ပြင် ဧပြီ ၂၀ မှ ၃၀ အတွင်း လစာမဲ့ခွင့်ဖြင့် ပိတ်သည့်လုပ်ငန်းရှင်များကိုလည်း အလုပ်သမားများဘက်က တိုင်ကြားလာပါက ဝန်ကြီးဌာနက ဝင်ရောက်ဖြေရှင်းပေးသွားမည်ဟု ၎င်းကပြောသည်။

ပဲခူးတိုင်း စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးဟိန်းထက်ကာ “(ပဲခူးတိုင်းမှာ) ၆၅ ရာခိုင်နှုန်းလောက် ဖွင့်သွားတယ်။ ဒါပေမဲ့ တော်တော်များများ ပြန်ပိတ်နေပြီ။ ၁၀ ရုံလောက်ပဲ ကျန်တော့တယ်” ဟု ပြောသည်။

ယင်းအပြင် သင်္ကြန်ကာလပိတ်ရက်တွင် နေရပ်ပြန်သွားသူများမှာ ဧပြီ ၂၀ လုပ်ငန်းခွင် ဝင်နိုင်ရေး အချိန်မီပြန်လာသော်လည်း နေစရာအခက်အခဲ ရင်ဆိုင်ကြုံတွေ့နေရသည်။

သင်္ကြန်ကာလတွင် ရန်ကုန်မှ ဇာတိရပ်ရွာသို့ ပြန်ချိန်တွင် သတ်မှတ်နေရာ၌ အသွားအလာကန့်သတ်မှု ၁၄ ရက် ဝင်ရပြီး ကွာရန်တင်း (quarantine) ရက်မပြည့်ပါက ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့က ထောက်ခံချက်လက်မှတ် ထုတ်မပေးကြောင်း အဆိုပါလက်မှတ်မပါဝင်ပါက အဆောင်မှ လက်မခံသည့်အတွက် အလုပ်သမားများ နေစရာ အခက်ကြုံနေရသည်ဟု အလုပ်သမားအရေးလှုပ်ရှားသည့် အဖွဲ့အစည်းများက ပြောသည်။

အနာဂတ်အလင်းတန်းများ ဆုံမှတ်အဖွဲ့မှ ဒါရိုက်တာ ဒေါ်သက်သက်အောင်က “ကျန်းမာရေးထောက်ခံချက်မရလို့ အဆောင်အဝင်မခံတဲ့ ကလေးတွေရှိသလို။ ပြန်လာတယ်။ အဆောင်တွေက လက်မခံဘူး။ ရွာပြန်ရင် ရွာက လက်မခံဘူး” ဟု ပြောသည်။

သင်္ကြန်ကာလ နေရပ်ပြန်သည့် အလုပ်သမားများအနေဖြင့် အချိန်မီအလုပ်မဆင်းနိုင်ပါက ခွင့်တိုင်ကြားနိုင်ပြီး ခွင့်ခံစားရက်မရှိပါက လစာမဲ့ခွင့်အဖြစ် ခွင့်တိုင်နိုင်သည်ဟု လှိုင်သာယာမြို့နယ်၊ ဆောင်းဦးရွှေနေ အထည်ချုပ်စက်ရုံမှ HR လက်ထောက် မန်နေဂျာ ဒေါ်အေးဝင်းခိုင်က ဆိုသည်။

ဒေါ်အေးဝင်းခိုင်က “မနက်ဖန် (ဧပြီ ၂၁) တော့ အလုပ်ဆင်းရဦးမှာပါ။ ဆက်ဖွင့်၊ မဖွင့်ဆိုတာကိုတော့ စီအီးအိုတွေ တိုင်ပင်ဆွေးနွေး ညှိနှိုင်းနေပါတယ်” ဟု Myanmar Now သို့ပြောသည်။

ဆောင်းဦးရွှေနေ အထည်ချုပ်စက်ရုံတွင် ကိုဗစ်နိုင်တင်းကာကွယ်ရေးနှင့်ပတ်သက်သည့် အစီအမံများဖြစ်သည့် တစ်ခါသုံးနှာခေါင်းစည်းများ ဝေငှခြင်း၊ လက်ဆေးနိုင်ရန်နေရာများ စီစဉ်ပေးခြင်းစသည့်တို့ကို စတင်ဆောင်ရွက် ပေးနေသည်ဟု ၎င်းကဆိုသည်။

သို့သော် ယင်းစက်ရုံမှ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သည့် မနုနုအောင်ကမူ “လက်ဆေးရေပုံး ၂ ပုံးပဲထားပေးတယ်။ စက်ရုံထဲမှာ အလုပ်လုပ်ရတာကလည်း ၆ ပေမပြောနဲ့ တစ်တောင်မကွာဘူး” ဟု ဆိုသည်။

ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး စက်ရုံ၊ အလုပ်ရုံများအနေဖြင့် လက်ဆေးရန်အတွက် ဆပ်ပြာနှင့်ရေ အလုံလောက်ထားပေးရန်၊ တစ်ဦးနှင့်တစ်ဦးနီးကပ်စွာ အလုပ်လုပ်ခြင်းမျိုးမဖြစ်စေရေးအတွက် အစီအမံများချမှတ်ရန်၊ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် မတ် ၃၀ ကတည်းက ထုတ်ပြန်ထားပြီးဖြစ် သည်။

ထို့ပြင် ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ရေး စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းခွင်တွင် ဆောင်ရွက်ထားရမည့် အခြေအနေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီ ၁၉ ၌ ထပ်မံထုတ်ပြန်ရာတွင် လုပ်ငန်း ဝင်/ထွက်ပေါက်များတွင် ကိုယ်ပူချိန်တိုင်းတာစက်များတပ်ဆင်ရန်၊ နှာခေါင်းစည်းများ၊ လက်အိတ်များ အလုံအလောက်ထားရှိပေးရန်၊ အလုပ်သမားတစ်ဦးနှင့်တစ်ဦး ၆ ပေအကွာမှ အလုပ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် အချက်များပါဝင်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading