ရဲတပ်ဖွဲ့ အားကစား ပြိုင်ပွဲတွင် တာဝန်ယူနေရသည့် အတွက် ယနေ့ရုံးချိန်းသို့ သက်သေထွက်ဆိုရန် မလာနိုင်သေးကြောင်း အဆိုပါရဲအရာရှိက အကြောင်းပြသည်
ဖြိုးသီဟချို/Myanmar Now

(ရန်ကုန်) - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အကြံပေး တရားလွှတ်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရသည့်နေ့က ရန်ကုန်လေဆိပ်တွင် သံသယတရားခံများဖြစ်သည့် အောင်ဝင်းခိုင်နှင့်အောင်ဝင်းဇော် ညီအစ်ကိုနှစ်ဦးနှင့် တွေ့ဆုံခဲ့သည်ဆိုသည့် လေဆိပ်ရဲမှူးကြီးကို သက်သေထွက်ဆိုရန် ခေါ်ယူထားသော်လည်း မလာရောက် နိုင်သည့်အတွက် မြောက်ပိုင်းခရိုင်တရား ရုံးသို့ သမ္မာန်စာပေးပို့လျောက်ထားခဲ့သည်ဟု တရားလို ရှေ့နေက ပြောသည်။


တရားလိုရှေ့နေ ဦးမင်းမင်းဇော်က လေဆိပ်ရဲမှူးကြီး ဝင်းမင်းသိန်းကို မြောက်ပိုင်းခရိုင်တရားရုံးသို့ လာရောက် သက်သေထွက်ဆိုရန် ဆင့်ခေါ်ထားပြီး ပျက်ကွက်သည်မှာ ရုံးချိန်း သုံးချိန်း ရှိနေပြီဖြစ်ကြောင်း နောက်တစ်ပတ်ရုံးချိန်းတွင် လာရောက်ထွက်ဆိုမည်ဟု ယူဆကြောင်း ၎င်းကပြောသည်။
ယခုတစ်ပတ် ရုံးချိန်းသို့ ပေးပို့လျောက်ထာသည့် သမ္မာန်စာတွင် ရဲတပ်ဖွဲ့ အားကစား ပြိုင်ပွဲတွင် တာဝန်ယူနေရသည့် အတွက် ရုံးချိန်းသို့ သက်သေထွက်ဆိုရန် မလာနိုင်သေးကြောင်း ပေးပို့ လျောက်ထားခဲ့သည်ဟု ၎င်းက ပြောသည်။


“ရဲမှူးကြီးဆီကို အောင်ဝင်းခိုင်နဲ့ အောင်ဝင်းဇော် လာမလာပေါ့။သူနဲ့ ပတ်သတ်တာက အဲဒါပေါ့” ဟု၎င်းကပြောသည်။
ဦးကိုနီ လုပ်ကြံခံရသည့် ၂၀၁၆ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ၎င်းတို့ ညီအစ်ကို နှစ်ဦး လေဆိပ်သို့ ရောက်ရှိနေခြင်းမှာ သားဖြစ်သူ လေယာဉ်မှူး အလုပ် ရရှိရန် ၎င်းအစ်ကို အောင်ဝင်းခိုင်နှင့်သိကျွမ်းသည့် လေဆိပ်ရဲမှူးကြီး ဝင်းမင်းသိန်းကို လာရောက်တွေ့ဆုံခြင်းဖြစ်သည်ဟု ယခုနှစ်ဇူလိုင်လတွင် အောင်ဝင်းဇော်ကို စစ်မေးစဉ်က ထွက်ဆိုထားသည်။
သံသယ တရားခံအဖြစ်စွပ်စွဲ ခံထားရသည့် ဇေယျာဖြိုးက အောင်ဝင်းခိုင်နှင့်နောက်ဆုံး တွေ့ဆုံခဲ့သည့် နေပြည်တော်ရှိလူများကို စစ်ဆေးခြင်း မရှိဘဲ ရန်ကုန်တွင် ရဟန်း ဝတ်နေသည့် သူ့ကို လာရောက် ဖမ်းဆီးခြင်းမှာ တရားမျှတခြင်းမရှိဟု တရားခွင်က အထွက်တွင် သတင်းမီဒီယာများကိုပြောသည်။
ယနေ့ ရုံးချိန်းတွင် ဇေယျာဖြိုးနှင့် ဗိုလ်သဝင်တန်းအပတ်စဉ် အတူတက်ခဲ့ပြီး ဇေယျာဖြိုး ပိုင်ဆိုင်သည့် ဆောက်လုပ်ရေး ကုမ္ပဏီတွင် လုပ်ကိုင်သူ ဦးဝေမင်းက တရားလိုပြ သက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








