တီးတိန်မှ ကိုဗစ်လူနာများကို ပိုမိုပြည့်စုံသည့်ဆေးရုံသို့ ပြောင်းပေးရန် တောင်းဆို

လူနာများ အရေးပေါ် အခြေအနေ ဖြစ်လာပါက ကုသပေးရန် တီးတိန် ခုတင် ၁၀၀ ဆေးရုံ၌ ဆေးပစ္စည်း မလုံလောက်သည့်အပြင် လျှပ်စစ်မီးလည်း မှန်မှန် မရရှိဟု ဒေသခံများက ပြောသည်

(ဓာတ်ပုံ - တီးတိန်ခုတင် ၁၀၀ ဆေးရုံ/ ပေးပို့)

ချင်းပြည်နယ် တီးတိန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်နိုင်တင်းလူနာ ၃ ဦးကို အထောက်အကူပြုဆေးပစ္စည်းများ ပြည့်စုံသော အခြားဆေးရုံတစ်ခုသို့ လွှဲပြောင်းပေးရန် လိုအပ်နေသည်ဟု ပြည်နယ်အစိုးရဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် စေတနာ့ဝန်ထမ်းများက ပြောသည်။

ရောဂါပိုးတွေ့ရှိသူ ၃ ဦး၏ ကျန်းမာရေးအခြေအနေ ဆိုးရွားလာပါက တီးတိန် ခုတင် ၁၀၀ ဆေးရုံ၌ ကုသစောင့်ရှောက်မှု ပေးနိုင်မည့် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ မလုံလောက်သည့်အတွက် ကုသရန် ခက်ခဲနိုင်ကြောင်း တီးတိန်မြို့ ကိုဗစ်နိုင်တင်းအရေးပေါ်ကော်မတီ (စေတနာ့ဝန်ထမ်းများအဖွဲ့) ၏ ခေါင်းဆောင် ကိုနန်နိုးက Myanmar Now ကိုပြောသည်။

“ဘာပစ္စည်းမှ မရှိဘူး။ လူနာက အရေးပေါ် ဖောက်လာမယ်ဆိုရင် အောက်စီဂျင်ပေးစရာမရှိဘူး။ လျှပ်စစ်မီးကလည်း သုံးရက်တစ်ခါ အလှည့်ကျစနစ်နဲ့ပဲ ရတယ်။ ဒီလူနာကို တီးတိန်မှာ ဆက်မထားချင်လို့ မဟုတ်ဘူး။ ထားချင်တယ်။ ဒါပေမယ့် သူ့ရောဂါအခြေအနေ ဖောက်လာရင် ကုသပေးဖို့ ဘာပစ္စည်းမှမရှိဘူး” ဟု ကိုနန်နိုးက ပြောသည်။

ကိုဗစ်နိုင်တင်းလူနာများကို အနီးဆုံးမြို့နယ်များဖြစ်သော ဖလမ်း နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ ဆေးရုံတစ်ခုသို့ ပြောင်းရွှေ့ရန် စီစဉ်နေစီစဉ် ကလေးမြို့ဒေသခံလူထုက ကန့်ကွက်သောကြောင့် ပြောင်းရွှေ့ရန် အခက်အခဲဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီလူနာကို တီးတိန်နဲ့အနီးဆုံးနေရာတွေက လက်မခံနိုင်ဘူးဆိုတဲ့အသံတွေကြားနေရတော့ ကျွန်တော်တို့အနေနဲ့ ပြောင်းရွှေ့ဖို့ မကြိုးစားချင်တော့ဘူး။ လူနာကို တရားခံပုံစံနဲ့ လက်မခံချင်ကြတော့ ခံစားရတာပေါ့။ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ သူတို့ကို ပိုကောင်းတဲ့ဆေးရုံမှာ ကျွန်တော်တို့က ထားချင်တာ။ ပစ်ထားချင်လို့ မဟုတ်ဘူး”ဟု ကိုနန်နိုးက ပြောသည်။

ချင်းပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန်၏ အဆိုအရ တီးတိန်ဆေးရုံတွင် အသက်ရှူစက်တစ်လုံးသာ ရှိသည်ဟု သိရသည်။

တီးတိန်ဆေးရုံမှ ကိုဗစ်နိုင်တင်းလူနာများကို စစ်ကိုင်းတိုင်း ကလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့မည့် သတင်းကြောင့် ကလေးမြို့မိမြို့ဖများနှင့် အရပ်ဖက်အဖွဲ့အစည်းများက အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ တီးတိန်မှ ကိုဗစ်နိုင်တင်းလူနာများကို လုံးဝ လက်မခံနိုင်ကြောင်း ဧပြီ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ကန့်ကွက်ခဲ့သည်။

အဆိုပါ ကိုဗစ်နိုင်တင်းလူနာများကို ချင်းပြည်နယ် ပြည်နယ်ဆေးရုံကြီး (ဟားခါး) သို့ ရွှေ့ပြောင်း ကုသသင့်ကြောင်း၊ သို့မဟုတ် ရန်ကုန်ရှိ ဝေဘာဂီကူးစက်ဆေးရုံသို့ ရွှေ့ပြောင်းကုသပါက ကုန်ကျစရိတ်ကို ကလေးမြို့လူထုက ထောက်ပံ့ပေးမည်ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ကလေးမြို့ခံ တစ်ယောက်အနေနဲ့ ပြောရရင်တော့ ပြောင်းရွှေ့မယ့်ကိစ္စကို မလိုလားဘူး။ ဒါပေမယ့် ဒီပြဿနာက တစ်မြို့တည်းက မူချလုပ်ရမှာမဟုတ်ဘူး။ တစ်နိုင်ငံလုံး အတိုင်းတာနဲ့ ဖြစ်နေတဲ့ ပြဿနာဆိုတော့ ပြည်ထောင်စုအစိုးရက ချမှတ်တဲ့စည်းကမ်းတွေကို လိုက်နာရမှာပါ”ဟု ကလေးလွင်ပြင် ကူညီထောက်ပံ့ရေးအဖွဲ့မှ ကိုသန့်ဇင်လင်းက Myanmar Now ကို ပြောသည်။

ကိုဗစ်နိုင်တင်းလူနာ ၃ ဦး၏ ကျန်းမာရေးအခြေအနေ၊ ၎င်းတို့ကို ဆေးရုံပြောင်းရွှေ့ကုသမည့် အစီအစဉ်များနှင့် ပတ်သက်ပြီး တီးတိန်ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင်ကို Myanmar Now က ဆက်သွယ်မေးမြန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကိုသာမေးရန် ပြောသည်။

ကိုဗစ်နိုင်တင်းနှင့် ပတ်သက်ပြီး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသာထွန်းကျော်ကို Myanmar Now မှ ဆက်သွယ်မေးမြန်း၍ မရသေးပေ။ ၎င်းကို သတင်းဌာနများက ဆက်သွယ် မရသည်မှာ ငါးရက်ခန့် ရှိပြီ ဖြစ်သည်။ ဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ “တည်ငြိမ်” လျက်ရှိသည်ဟု ဆိုထားသည်။

တီးတိန်နှင့် တွန်းဇံမြို့နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ်လေးဦးသည် ကိုဗစ်နိုင်တင်း ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတဦးမြင့်ဆွေထံ ဧပြီ ၁၂ရက်နေ့ရက်စွဲဖြင့် စာပို့ တောင်းဆိုခဲ့သည့် စာတွင် လူနာအမှတ် ၁ နှင့် ထိတွေ့မှုရှိခဲ့သူများကို ရောဂါပိုး ရှိ မရှိ စစ်ဆေးပေးရန်၊ ဓာတ်ခွဲနမူနာများကို ရန်ကုန်ရှိ အမျိုးသားဓာတ်ခွဲဆိုင်ရာဌာနသို့ ပေးပို့ရာတွင် လုပ်ဆောင်ရမည့် ပို့ဆောင်ရေးလမ်းကြောင်းများကို လမ်းညွှန်ပေးရန် နှင့် တီးတိန်ဆေးရုံ၌ လျှပ်စစ်မီး ၂၄ နာရီ ရရှိနိုင်ရေးတို့ ဆောင်ရွက်ပေးရန်တို့ ပါဝင်သည်။

“ကျွန်တော်တို့ဆီက ဆေးရုံမှာ နေရာလည်း များများမရှိဘူး။ (ပိုးတွေ့) သုံးယောက်ကို ထားတဲ့နေရာက ဆေးရုံဝန်ထမ်းတွေအတွက် ဆောက်ပေးထားတဲ့ နေရာ။ ဝန်ထမ်းတွေမနေသေးလို့ ခဏတဖြုတ်ထားတာ။ နောက်ထပ် ၉ ယောက်လောက်ပဲ ထားလို့ရတော့မှာ”ဟု ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပူဂင်ကမ်းလျန်က Myanmar Now ကိုပြောသည်။

တီးတိန်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်နိုင်တင်းရောဂါနှင့် ပတ်သက်ပြီး အသွားအလာကန့်သတ် စောင့်ကြည့်နေသူ ၁၃ ဦး၊ ကျေးရွာများအလိုက် စောင့်ကြည့်နေသူ ၂၀၀ ကျော်ရှိပြီး လူ ၇၆ ဦး၏ ဓာတ်ခွဲနမူနာများကို ဓာတ်ခွဲခန်းပေးပို့ စစ်ဆေးထားသည်ဟု ၎င်းက ပြောသည်။

တီးတိန်ဆေးရုံရှိ ကိုဗစ်နိုင်တင်းလူနာများကို ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းမပေးနိုင်ပါက တီးတိန်ပြည်သူ့ဆေးရုံအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ၊ ကူးစက်ရောဂါ အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထူးကုသဆောင် (ICU) နှင့် လိုအပ်သော ပစ္စည်းကိရိယာများ တပ်ဆင်ပေးရန်၊ အရေးပေါ်လူနာများအတွက် သီးသန့်ဆောင် တည်ဆောက်ပေးရန်၊ လျှပ်စစ်မီး ၂၄ နာရီ ရရှိအောင် ဆောင်ရွက်ပေးရန် အစရှိသည့် အချက်များကို တီးတိန်မြို့ ကိုဗစ်နိုင်တင်းအရေးပေါ်ကော်မတီ (စေတနာ့ဝန်ထမ်းများ) က ဧပြီ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

တီးတိန်ရှိ ကိုဗစ်နိုင်တင်း လူနာ ၃ ဦးမှာ လူနာ အမှတ် ၁၊ ၂၃ နှင့် ၃၁ တို့ ဖြစ်သည်။ လူနာ အမှတ် ၂၃ သည် အမှတ် ၁ ၏ အမေဖြစ်ပြီး အမှတ် ၃၁ မှာ တီးတိန်တွင် အမှတ် ၁ ညအိပ်တည်းခိုခဲ့သည့် အိမ်မှ ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading