ကိုဗစ်ဂယက်ကြား တရားထိုင်ဖို့ နေရာရှာတဲ့ ရန်ကုန်က ဂျာမန်ဘုန်းတော်ကြီး

ကိုဗစ်၁၉ အကြီးအကျယ်ဖြစ်ပွားလာပါက မြန်မာပြည်၏ ချို့တဲ့သော ကျန်းမာရေးစနစ်က ထိရောက်စွာ ဆောင်ရွက်နိုင်မည်မဟုတ်ဟု မျှော်လင့်သော်လည်း တရားလိုချင်သော ဂျာမန်ဘုန်းတော်ကြီးသည် မိခင်နိုင်ငံသို့မပြန်ဘဲ မြန်မာပြည်တွင်သာ ဆက်လက်ခြေကုပ်ယူရန်ကြိုးပမ်းနေခဲ့သည်။

Published on Apr 11, 2020
ကိုဗစ်၁၉ ရောဂါကြောင့် လူသွားလူလာနည်းသွားသည့် ရန်ကုန်မြို့လယ်ခေါင်ရှိ ဆူးလေဘုရားမြင်ကွင်းအား ယခုလ ဧပြီလ ၉ ရက်ကတွေ့ရစဉ်။ (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)
ကိုဗစ်၁၉ ရောဂါကြောင့် လူသွားလူလာနည်းသွားသည့် ရန်ကုန်မြို့လယ်ခေါင်ရှိ ဆူးလေဘုရားမြင်ကွင်းအား ယခုလ ဧပြီလ ၉ ရက်ကတွေ့ရစဉ်။ (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)

ကမ္ဘာအနှံ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေချိန်တွင် သတင်းမီဒီယာများသည် အနောက်နိုင်ငံများ၏ အံ့မခန်းတိုးတက်မှုများကိုသာ အသားပေးဖော်ပြကြရာ အခြားနိုင်ငံများ၏ ယဉ်ကျေးမှုများကို မကြာခဏပင် လျစ်လျူရှုမိကြသည်။ မိမိတို့ နေအိမ်အသီးသီးတွင် ခိုလှုံနေကြသော တရားထိုင်သူ ယောဂီများသည် မြန်မာပြည်ရှိ ဘုန်းကြီးကျောင်းများနှင့် ယောဂီများ မည်သို့ ပြင်ဆင်ကာကွယ်မှုများပြုလုပ်နေသည်ကို သိလိုပေလိမ့်မည်။ ရန်ကုန်တွင် နေထိုင်သော ဂျာမန်ဘုန်းတော်ကြီး ဓမ္မောသဓကမကြာသေးခင်လများအတွင်း သူနေထိုင်ခဲ့ပုံကို ယခုလိုရေးသားပေးပို့ထားပါသည်။

ဘုန်းကြီး စာသင်ယူနေတဲ့ ရန်ကုန်က အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကြီးမှာတော့ စာမေးပွဲတွေမတိုင်မီ ဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်ပြီး အရေးပေါ်တွေ့ဆုံပွဲလေး ပြုလုပ်လိုက်ပါသေးတယ်။ ဒါပေမယ့် အဲ့ဒီတုန်းက တရားဝင်အတည်ပြုထားတဲ့ လူနာတွေမရှိသေးလို့ ဘုတ်အဖွဲ့က ဘုန်းကြီးတို့တွေ ဒီမှာဆက်နေပြီး စာမေးပွဲတွေကို ပြီးအောင်ဖြေကြရမယ်လို့ ဆုံးဖြတ်ပါတယ်။ ပြီးတော့မှ ဘာလုပ်ကြမလဲဆိုတာ စဉ်းစားကြမယ်လို့ ပြောပါတယ်။

ဒါပေမယ့် စာမေးပွဲတွေဖြေတာ တစ်ပတ်လောက်ရှိတော့ မြန်မာပြည်မှာ ပိုးတွေ့တယ်ဆိုတဲ့ လူနာ နှစ်ဦး ရှိကြောင်း ကြေညာပါတယ်။ အဲဒီလိုကြေညာတဲ့ ညမှာဘဲ လူတွေက ဘယ်နေရာပဲရောက်ရောက် ဝယ်လို့ရတာတွေအကုန် ကြောက်လန့်တကြား ဝယ်ကြပါတယ်။ အင်တာနေရှင်နယ်ကျောင်းတွေ အတော်များများလည်း နောက်တစ်ရက်မှာ ပိတ်ကုန်ကြပါတယ်။ ဒီက အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာလည်း နောက်တစ်ရက်မှာပဲ ဘုန်းကြီး သမထစာမေးပွဲ ဖြေနေချိန်မှာ ဌာနမှူးဝင်လာပြီး မနက်ဖြန်ပဲ တက္ကသိုလ်ကို ပိတ်မှာဖြစ်ပြီး ကျန်နေသေးတဲ့ စာမေးပွဲတွေအကုန်လုံးကို ဖျက်လိုက်တယ်လို့ ကြေညာပါတယ်။ နောက်ထပ်ကြေညာချက်တွေ ဆက်တိုက်လိုပဲ ထပ်ရောက်လာပါတယ်။ နိုင်ငံခြားသားကျောင်းသားတွေ အကုန်လုံး မိမိတို့ သက်ဆိုင်ရာ နိုင်ငံကို ဧပြီလ ၁ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြရမှာဖြစ်ပြီး၊ အကယ်၍ လေယာဉ်မရှိလို့ နိုင်ငံက အပြင်မထွက်ရ (Lockdown) အမိန့်ချထားလို့ တက္ကသိုလ်မှာပဲ နေရမယ်ဆိုရင် ကိုယ့်နိုင်ငံပြန်လို့ရမယ့် အခွင့်အရေးရသည် အထိ ကိုယ့်ကိုယ်ကို အသွားအလာ တင်းကျပ်ကန့်သတ်တာ(Self-quarantine)ကို လုပ်ရမယ်လို့ဆိုပါတယ်။ မြန်မာပြည်ရှိ ဘယ်နေရာကိုမှ ဘုန်းကြီးတို့ကို သွားခွင့် မပြုတော့ပါဘူး။

ဒါပေမယ့် အဲဒီအချိန်မှာ ဘုန်းကြီးက ရန်ကုန်မှာရှိတဲ့ မဟာစည်သာသနာ့ရိပ်သာက ဘုန်းကြီးသူငယ်ချင်းဆီကို စာမေးပွဲအပြီးမှာ သွားဖို့၊ ဒါမှမဟုတ်ရင် သူငယ်ချင်းတွေနဲ့တူတူ နေရာ တစ်နေရာရှာပြီး တရားကျင့်ကြဖို့ စီစဉ်ပြီးသားဖြစ်နေပြီ။ အဲ့ဒီတော့ ဘုန်းကြီးက ဆရာတော်ကြီးကို ဒီလိုလျှောက်ထားပါတယ်။ ဘုန်းကြီးအနေနဲ့ မိမိမွေးဖွားရာနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံကို ပြန်လို့ ဘာမျှအကြောင်းမထူးပါဘူး၊ ဘုန်းကြီးက အဲဒီမှာမှ မနေတော့တာပဲ။ ဂျာမနီကို ပြန်ရင်လည်း ဘယ်မှာသွားနေရမှာလဲ၊ ပြီးတော့ မြန်မာပြည်မှာ ၂နှစ်ကျော်လောက် နေထိုင်စဉ်အတွင်း ဘုန်းတော်ကြီးဘဝနဲ့ နေထိုင်ခဲ့သလို၊ ဆွမ်းခံကြွခဲ့သလို ဥရောပမှာ လုပ်ဖို့ အလွန်ခက်ပါလိမ့်မယ်။ မြန်မာပြည်က အခု တပည့်တော်ရဲ့နိုင်ငံဖြစ်သွားပါပြီ၊ တပည့်တော်ရဲ့အိမ် ဖြစ်သွားပါပြီလို့ လျှောက်ခဲ့ပါတယ်။ နောက်ပြီး ရောဂါစပြန့်ပွားတဲ့အချိန်ကစပြီး ဘုန်းကြီးကို ဗိုင်းရပ်စ်ကူးမှာ မကြောက်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဘုန်းကြီးက ငယ်ရွယ်သေးတဲ့အပြင် တခြားရောဂါတွေလဲ မရှိလို့ပါပဲ။ မြန်မာပြည်ကို ဗိုင်းရပ်စ်သာရောက်ခဲ့ရင် ထိရောက်စွာ ထိန်းချုပ်နိုင်မယ့် အခြေအနေကို မမြင်တာကြောင့် ဗိုင်းရပ်စ်သာ ဒီကိုရောက်လာခဲ့ရင် သေချာပေါက် ပြန့်ပွားသွားမှာကို ဘုန်းကြီးလက်ခံထားပြီးသားပါ။ ဘုန်းကြီးကို ကူးခဲ့ရင် ဘုန်းကြီး နာမကျန်းဖြစ်မယ်၊ ပြီးရင်တော့ ပြန်ကောင်းသွားမှာပါပဲ။ အဲ့ဒီတော့ ဘုန်းကြီးက ဆရာတော်ကို ဒီလိုလျှောက်ပါတယ်။ အကယ်၍ ရန်ကုန်မှာ ဗိုင်းရပ်စ်ရောက်လာရင် ပြန့်ပွားမှုကို ထိန်းချုပ်ထားနိုင်မယ့် အခြေအနေမရှိတာကြောင့် တပည့်တော်ကိုလည်း ကူးမယ်လို့ လက်ခံထားပြီးသားပါလို့။ ဒီလိုပြောတော့ ဆရာတော်က ဘုန်းကြီးကို လွတ်လပ်ခွင့်ပေးပြီး ဘုန်းကြီးသူငယ်ချင်းတွေဆီကို သွားဖို့ တက္ကသိုလ်ကနေ ထွက်ခွင့်ပေးပါတယ်။

မဟာစည်သာသနာ့ရိပ်သာရဲ့ အခြေအနေကတော့ တက္ကသိုလ်က အခြေအနေနဲ့ လုံးဝမတူဘဲ ကွဲပြားလွန်းပါတယ်။ အရင်လကစပြီး ရိပ်သာကို ပိတ်လိုက်ပါပြီ၊ ဘယ်နိုင်ငံခြားသားကော၊ ဒီကနိုင်ငံသားတွေကိုကော မပေးဝင်တော့ပါဘူး။ အရင်ကလို တက္ကသိုလ်က စာသင်ချိန်တွေအပြီး ရိပ်သာကို နေ့ခင်းဘက် သွားလည်ခွင့်တောင် ဘုန်းကြီးမရတော့ပါဘူး။ ဘုန်းကြီးရဲ့ သူငယ်ချင်းတွေဟာလည်း နေ့ခင်းဘက် ရန်ကုန်မြို့ထဲသွားဖို့တောင် ဘုန်းကြီးကျောင်းက ထွက်ခွင့်မရတော့ပါဘူး။ ဘုန်းကြီးကျောင်းကော်မတီကလည်း တစ်ဦးနဲ့ တစ်ဦး ခပ်လှမ်းလှမ်းမှာ နေကြဖို့ အစီအစဉ်တွေ(Social distancing) စလုပ်ပါတယ်။ ယောဂီနဲ့ သာသနာပြုတွေ အကုန်လုံးကို နေ့လည်စာ မစားမီ ကိုယ်အပူချိန်စစ်ဆေးတာတွေ လုပ်ပါတယ်။ တစ်ယောက်ယောက်ကများ ချောင်းဆိုးတာ၊ နှာချေတာ၊ နှာရည်ယိုတာ စတဲ့ လက္ခဏာတွေ ပြလာပြီဆိုရင်တော့ သူတို့ကို ချက်ချင်း ဝေဘာဂီ အရေးပေါ်ဆေးရုံကို ပို့ပါတယ်။ အဲဒီဆေးရုံကို သီးသန့်ပြုစုကုသရာနေရာ (Quarantine site) အဖြစ် သတ်မှတ်ပြုပြင်ထားပါတယ်။ တစ်ခါမှာတော့ လုပ်အားပေးတွေနဲ့ ဘုန်းကြီးကျောင်းကို လာလည်တဲ့ လူတွေကိုပါ ကျောင်းတံခါးဝကိုကျော်တာနဲ့ ခြေဆုံး၊ ခေါင်းဆုံး ပိုးသတ်ဆေးရည်နဲ့ ဖြန်းပါတယ်။

ဘုန်းကြီးပြောခဲ့သလိုပဲ တက္ကသိုလ်ရဲ့ အခြေအနေကတော့ လုံးဝမတူပါဘူး။ တက္ကသိုလ်မှာတော့ အဲ့ဒီအချိန်အတွင်းမှာ ဘာကာကွယ်မှုမျိုးမှ မလုပ်ပါဘူး။ ကျောင်းတံခါးပေါက်ကလည်း အကျယ်ကြီး ဖွင့်ထားဆဲပါပဲ။ ဘယ်သူပဲဖြစ်ဖြစ် တက္ကသိုလ်ကို ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်ခွင့်ရတုန်းပါပဲ။ လက်သန့်ဆေးရည်တွေ၊ ဘာတွေလည်း မပေးထားပါဘူး။ (နောက်တော့ ထမင်းစားဆောင်ရဲ့ ဝင်ပေါက်မှာ လက်သန့်ဆေးရည်တွေ ထားပေးပေမယ့် မဖြစ်မနေသုံးရမယ်လို့ မဟုတ်ပြန်ပါဘူး။)

ဘုန်းကြီး မြန်မာပြည်မှာ နေခဲ့တဲ့ နှစ်တွေမှာ မြန်မာရဲ့ မြို့ပြလူနေမှုဘဝကော၊ ကျေးလက်လူနေမှုဘဝကိုပါ ထိတွေ့ကျွမ်းဝင်ခဲ့ပါတယ်။ အစားအစာမကိုင်တွယ်မီ လက်ကို ဆပ်ပြာနဲ့ဆေးတာ၊ ချောင်းဆိုးရင် ပါးစပ်ကို အုပ်ပြီးဆိုးတာ၊ သူစိမ်းတွေနဲ့ ဇွန်းတွေ ပန်းကန်ခွက်ယောက်တွေ တူတူမသုံးတာ၊ ပန်းကန်တွေကို ဆပ်ပြာမြှုပ်နဲ့ ရေသန့်နဲ့ ဆေးပြီး ပုဝါသန့်သန့်နဲ့ သုတ်တာ စတဲ့ အခြေခံသန့်ရှင်းရေးနည်းလမ်းတွေဟာ ဥရောပနိုင်ငံသားဖြစ်တဲ့ ဘုန်းကြီးအတွက်တော့ သာမန်လုပ်ရိုးလုပ်စဉ်တွေပါပဲ။ ဒါပေမယ့် ဒီမှာတော့ ဒီလိုသန့်ရှင်းရေးနည်းလမ်းတွေကို ကျင့်သုံးမှု အလွန်ရှားပါးပါတယ်။

ပြီးတော့ ဖြတ်သွားဖြတ်လာတွေ မည်သူမဆို ရေတစ်ပေါက်လောက်သောက်နိုင်မယ့် အများသုံး ရွှံ့ရေအိုးတွေက ဒီမှာ နေရာအနှံ့ရှိပါတယ်။ ရေအိုးရဲ့အပေါ်မှာ သံရေခွက်တစ်ခွက်ပဲရှိပါတယ်။ ဒီရေခွက်နဲ့ ရေကို ခပ်ပြီး နှုတ်ခမ်းမှာတေ့ကာ သောက်ကြရမှာ ဖြစ်ပါတယ်။ ဒီရေခွက်တွေကို ဆေးတာကြောတာ မရှိသလောက်ပါပဲ။ ဘုန်းကြီး ဒီကို စရောက်စက အိန္ဒိယမှာလိုမျိုး ရေခွက်ကို မထိဘဲ မော့သောက်တာမျိုး ဒီမှာ ဘာကြောင့်မလုပ်လဲဆိုတာကို အရမ်းထူးဆန်းနေမိပါတယ်။ ဒီအများသုံး ရေအိုးတွေက ရေကို ဘုန်းကြီး မသောက်ဖြစ်အောင်ရှောင်ပါတယ်။ ဒါပေမယ့် သောက်ဖို့ရေက ဒီရေအိုးတွေပဲရှိတယ်ဆိုရင်တော့ ရေခွက်ကို အရင် တတ်နိုင်သလောက်ဆေးပါတယ်။ ရေခွက်တွေမှာ ဘရပ်ရှ်နဲ့ မတိုက်ရင် ဘယ်လိုမှ ဆေးလို့ မပြောင်တဲ့ ချေးကြောင်းတွေနဲ့ပါ။ ကွမ်းစားပြီး ပါးစပ်ဆေးဖို့ ကွမ်းသွေးတွေ ပေကြံနေတဲ့ ပါးစပ်နီနီနဲ့ ရေခွက်ကို ထိပြီးတဲ့အခါ ကွမ်းရည်တွေနဲ့ ရေအိုးကရေတွေ ရောသွားမှာကို မတွေးဝံ့ပါဘူး။

ကိုရိုနာဗိုင်းရပ်စ်အကြောင်း စကားပြန်ဆက်ရမယ်ဆိုရင်တော့ တက္ကသိုလ်က လုပ်အားပေးတစ်ယောက်ကိုပဲ ဗိုင်းရစ်ကူးစေဦး၊ တစ်ရက်အတွင်းမှာပဲ လုပ်အားပေးအကုန်လုံး ကူးသွားကုန်ကြမှာဘဲ။ ဘာလို့လဲဆိုတော့ သူတို့အကုန်လုံးက ရေစင်ကရေကို ရေခွက်တစ်ခွက်ကိုပဲ ဘုံထားပြီး သောက်ကြလို့ပဲ။ အဲဒီရေခွက်ကိုလဲ ဘယ်တော့မှ မဆေးပါဘူး။ ဒါကြောင့်မို့လဲ အစိုးရက တကိုယ်ရည်သန့်ရှင်းမှုနဲ့ပတ်သက်ပြီး (အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ ခေတ်ကြီးမှာ) လက်ဆေးဖို့တစ်ခုကိုပဲ တွင်တွင်ပြောနေတာကို ဘုန်းကြီးတော်တော် အံ့အားသင့်မိပါတယ်။ ဒီလိုဘုံသောက်ရေခွက်ကို သုံးတဲ့ အလေ့အထက ယဉ်ကျေးမှုတစ်ခုလိုဖြစ်ပြီး၊ တစ်နိုင်ငံလုံး ကျင့်သုံးကြပေမယ့် ဘယ်သူကမှ သောက်ရေခွက်ကို မျှသုံးလို့ ဖြစ်လာမယ့် ပိုမိုဆိုးရွားတဲ့ ပြဿနာကို မထောက်ပြကြပါဘူး။ ဒီလိုပဲ အများနဲ့ ဝေမျှစားတဲ့ လက်ဖက်သုပ်ပန်းကန်က "တစ်ချောင်းထဲသော ဇွန်း" နဲ့ "တစ်ခုထဲသော ဟင်းချိုဇလုံ" ကနေ ဟင်းချိုကို တိုက်ရိုက်သောက်ဖို့ "တစ်ချောင်းထဲသော ဇွန်း" တွေကလည်း တူတူပါပဲ။

ဒီလိုမျိုး အခြေခံ တကိုယ်ရည်သန့်ရှင်းရေး ဗဟုသုနည်းပါးတာ သာမန်လူနေမှုဝန်းကျင်မှာသာ မကပါဘူး၊ သန့်ရှင်းရေးဗဟုသုတ ပြည့်ဝမယ်လို့ ယူဆကြတဲ့ ဆေးရုံတွေမှာတောင် တွေ့ရပါတယ်။ ဘုန်းကြီး ဒီက ပြည်သူ့ဆေးရုံတွေ၊ ပုဂ္ဂလိကဆေးရုံတွေမှာ သွေးစစ်ဖို့၊ သွေးလှူဖို့ သွားတဲ့အခါ သူနာပြုတွေက ဘုန်းကြီးဆီက သွေးယူတဲ့အခါ မသန့်ရှင်းလို့ ရောဂါကူးမှာ ကြောက်ရပါတယ်။ အပ်သွင်း၊ အပ်ထုတ်တဲ့ အချိန်မှာ လက်နဲ့ ကိရိယာတန်ဆာပလာတွေကို မသန့်ရှင်းတဲ့ မျက်နှာပြင်တွေနဲ့ မထိရဘူးဆိုတဲ့ သန့်ရှင်းမှုရဲ့ အခြေခံအကျဆုံး လုပ်ထုံးကိုတောင်မှ သူတို့တွေ မလိုက်နာကြတာကို ဘုန်းကြီးတွေ့ရပါတယ်။ တစ်ခါ ဘုန်းကြီး သွေးသွားလှူတုန်းက သူနာပြုတစ်ယောက်က အရင်လူနာတွေရဲ့ သွေးတွေ ခြောက်ကပ်ပြီး ပေကျံနေတဲ့ ကပ်ကြေးနဲ့ ပိုက်ကို ဖြတ်ပါတယ်။ ပြီးတော့ ဒီကပ်ကြေးကိုင်ထားတဲ့ လက်တွေနဲ့ပဲ ဂွမ်းစကို ယူပါတယ်။ ဒီလက်နဲ့ပဲ အပ်ကို ဖြုတ်ပြီး မသန့်ရှင်းတော့တဲ့ ဂွမ်းစကို ဘုန်းကြီးရဲ့ သွေးထွက်နေတဲ့ နေရာကို အုပ်လိုက်ပါတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် ဘုန်းကြီးကို ဆေးရုံကို အတင်းပို့မှာကို ကိုရိုနာဗိုင်းရပ်စ်ကူးမှာထက် ပိုပြီးကြောက်ပါတယ်။ ဘုန်းကြီးကော၊ အများပြည်သူတွေကောဟာ ဆေးရုံတက်ရမယ့် ရောဂါနဲ့စာရင် ဆေးရုံရောက်ပြီးမှ အဲ့ဒီရောဂါထက်ပိုဆိုးတဲ့ ကူးစက်ရောဂါတွေ ကူးဖို့ အလားအလာပိုများပါတယ်။

အဲဒီတော့ ဘုန်းကြီးစဉ်းစားရပါတယ်။ အစကတော့ မဟာစည်ဘုန်းကြီးကျောင်းမှာ နေတာဟာ တက္ကသိုလ်မှာ နေတာထက် ပိုပြီးလုံခြုံမယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် မဟာစည်သာသနာ့ရိပ်သာထဲ ဗိုင်းရပ်စ်မဝင်ရောက်နိုင်ဖို့ ကြိုးစားနေတာတွေဟာ အရမ်းကို ချီးကျူးလေးစားဖို့ကောင်းပြီး၊ ရိပ်သာရဲ့ ကာကွယ်တဲ့ နည်းလမ်းတွေဟာ မြန်မာပြည်တစ်ပြည်လုံးမှာ အကောင်းဆုံးတောင်ဖြစ်နေနိုင်ပေမယ့် ဘုန်းကြီးအနေနဲ့ ရိုးရိုးတုပ်ကွေးမိတဲ့အခါ၊ နှာရည်ယိုတဲ့အခါ၊ နောက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါမှာ ဆေးရုံပို့ခံရမှာကို မလိုလားပါဘူး။ အဲဒီတော့ ဘုန်းကြီးနဲ့ သူငယ်ချင်းတစ်စုဟာ ရန်ကုန်က တက္ကသိုလ် ဒါမှမဟုတ်၊ မဟာစည်ဘုန်းကြီးကျောင်းမှာ နေပြီး အကြပ်အတည်းလွန်မြောက်တဲ့အထိ စောင့်မှာနဲ့စာရင် ဘုန်းကြီးတို့ထဲက တစ်ယောက်ယောက်များ နာမကျန်းဖြစ်ခဲ့ရင် နေကောင်းတဲ့ အထိ အချင်းချင်း ပြုစုစောင့်ရှောက်ခွင့်ရနိုင်မယ့် တောရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းကို ရှာကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမယ့် ဒီလိုတောဘုန်းကြီးကျောင်းမျိုးကို ရှာဖို့ကလည်း မလွယ်လှပါဘူး။ ကူးစက်ရောဂါ စဖြစ်ပွားတဲ့ အချိန်ကစပြီး မြန်မာပြည်မှာရှိတဲ့ နိုင်ငံတကာတရားစခန်းနဲ့ ဘုန်းကြီးကျောင်းတွေအားလုံးနီးပါးဟာ လူအသစ်တွေ၊ အထူးသဖြင့် နိုင်ငံခြားသားတွေကို လက်မခံတော့လို့ပါပဲ။ ဗိုင်းရပ်စ်ကို လူမျိုးဘာသာမရွေးပေမယ့်၊ မြန်မာပြည်မှာ နိုင်ငံခြားသားတွေကို ကြောက်ရွံ့တဲ့ ရောဂါက မကြာသေးခင်ကမှ စွဲကပ်လာပါပြီ။ ရပ်ကွက်တွေထဲမှာ နိုင်ငံခြားသားတွေကို တွေ့မိရင်တောင် အချက်ပေးခေါင်းလောင်းတီးကြပါပြီ။ ဒေသခံတွေဟာ သူတို့နေထိုင်ရာ ဝန်းကျင်မှာ နိုင်ငံခြားသားတွေကို တွေ့ရင် သတင်းပို့ရပါတယ်။ မပို့ရင် အဖမ်းခံထိနိုင်ပါတယ်။ ဒါ့အပြင် ဘုန်းကြီးကျောင်းတွေမှာ ဒေသခံကော၊ နိုင်ငံခြားသားဧည့်သည်တွေကိုပါ လက်မခံဖို့ အစိုးရက မကြာသေးခင်ကမှ အမိန့်ထုတ်ထားပါတယ်။ ဆရာတော်အချို့က ဘုန်းကြီးတို့ တောင်းဆိုတာကို လက်ခံခဲ့ပေမယ့်၊ ဘုန်းကြီးတို့က သေချာအောင်ထပ်မေးကြည့်တဲ့အခါ သူတို့က ဒေသခံအာဏာပိုင်တွေဆီမှာ သွားစုံစမ်းပါတယ်။ အဲ့ဒီတော့မှ ဆရာတော်တွေက ဘုန်းကြီးတို့ကို လက်ခံလို့မရဘူးဆိုတာ စိတ်မကောင်းစွာပဲ သိရပါတော့တယ်။ နိုင်ငံကတော့ တဖြည်းဖြည်းနဲ့ ပိတ်နေပါပြီ။

အဲ့ဒီနောက် ဘုန်းကြီး နေ့စဉ်ဆွမ်းခံကြွရင် ဆွမ်းလောင်းနေကြဖြစ်တဲ့ ဘုန်းကြီးတို့ တက္ကသိုလ်နားမှာနေတဲ့ မိသားစုတစ်စုက သူတို့ဘာသာ လိုလိုလားလားပဲ ဘုန်းကြီးကို လာကူညီပါတယ်။ ဘုန်းကြီးကို ချက်ချင်းလက်ခံမယ့် ဘုန်းကြီးကျောင်းတစ်ကျောင်းကို ရန်ကုန်မြို့ပြင်ဘက်မှာ သူတို့ တွေ့ပါတယ်။ ကျောင်းထိုင်ဆရာတော်က ဘုန်းကြီးတို့ တခြားနေရာရှာမတွေ့ရင် ဒီမှာနေနိုင်ပါတယ်လို့ ခွင့်ပေးပါတယ်။ အခုလက်ရှိတော့ တောင်ကုန်းပေါ်က ဒီတောကျောင်းငယ်လေးမှာ ဘုန်းကြီးရဲ့ အချိန်တွေကို ကုန်ဆုံးနေပါတယ်။ ရွာနဲ့ အဝေးမှာ အရမ်းကို ဆိတ်ငြိမ်ပြီး စိမ်းလန်းတဲ့ သစ်တောတွေ ဝန်းရံထားတဲ့ နေရာလေးပါပဲ။ ကျောင်းခံဘုန်းကြီးတွေဟာလဲ အရမ်းကို ကြင်နာပြီး ဘုန်းကြီးတို့ကို နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။

ဂျာမနီနဲ့ အီတလီမှာရှိတဲ့ ဘုန်းကြီးရဲ့ မိသားစုအပါအဝင် တစ်ကမ္ဘာလုံးက ပြည်သူတွေ ရုန်းကန်နေရချိန်မှာ ဘုန်းကြီးလို နိုင်ငံခြားသားဘုန်းကြီးတွေကို ဆက်လက်ထောက်ပံ့ပေးနေတဲ့၊ ဘုန်းကြီးကို ရင်ထဲနှလုံးထဲကနေ မွေးစားသားလို လက်ခံပြီး မမောနိုင်အောင် ထောက်ပံ့ကြတဲ့ မြန်မာလူမျိုးတွေနဲ့ သူတို့ရဲ့ အတိုင်းအဆမရှိတဲ့ ရက်ရောမှုတွေအတွက် ဘုန်းကြီးနှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။

ဒီခေတ်ဒီကာလမှာ လူတွေဟာ ကြောက်လန့်တုန်လှုပ်နေကြပြီး၊ လုံလုံခြုံခြုံနားခိုနိုင်မယ့် နေရာကို ရှာဖွေနေကြမယ်လို့ ဘုန်းကြီးတွေးမိတဲ့အခါ ဘုန်းကြီးသတိရမိတာကတော့ အစစ်မှန်ဆုံးနာခိုရာဟာ ဘုရား၊ တရားနဲ့ သံဃာသာ ဖြစ်တယ်ဆိုတာပါပဲ။ ဘုရားရိပ်၊ တရားရိပ်၊ သံဃာရိပ်မှာ နားခိုမယ်ဆိုရင် ဒုက္ခတွေ၊ ဒုက္ခရဲ့ ရင်းမြစ်နဲ့ မတည်မြဲတာတွေဖြစ်တဲ့ သစ္စာလေးပါးနဲ့၊ ဒီဒုက္ခတွေကို ငြိမ်းသတ်နိုင်မယ့် မဂ္ဂင်ရှစ်ပါး အကျင့်တရားတွေကို ဉာဏ်နဲ့ယှဉ်ပြီး သိမြင်နိုင်မှာဖြစ်ပါတယ်။ အဲဒီကတဆင့် ဆင်းရဲဒုက္ခတွေ အားလုံးကနေ လွတ်မြောက်ပြီး လုံခြုံမှုကို ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုအချိန်မှာ ဘုန်းကြီးတို့သုံးပါးစလုံး စစ်မှန်တဲ့ ကလျာဏမိတ္တ၊ စစ်မှန်တဲ့ ဓမ္မညီအကိုတွေအဖြစ်နဲ့ ဘုန်းကြီးတို့ရဲ့ စစ်မှန်တဲ့ နားခိုရာဖြစ်တဲ့ တရားကျင့်ကြံအားထုတ်မှုမှာ တိုးတက်နိုင်ဖို့ အချင်းချင်း အားပေးကူညီခွင့်၊ တူတူသီတင်းသုံးခွင့် ရတာဟာ အလွန်တန်ဖိုးရှိပြီး မင်္ဂလာရှိတဲ့ အခွင့်ထူးကြီးလို့ ဘုန်းကြီး မြင်မိပါတယ်။

သတ္တဝါအားလုံး ကျန်းမာရွှင်လန်းကြပါစေ။

ကိုးကား။ အထက်ပါစာစုအား https://insightmyanmar.org မှတစ်ဆင့်ရယူကာ Myanmar Now စာဖတ်သူများအား ဗဟုသုတပွားများစေရန် ‌‌ မြန်မာဘာသာပြန်ဆိုပြီး ဖော်ပြခြင်းဖြစ်ပါသည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading