အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေများပြားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်ခြင်း၊ အဟာရမပြည်ဝခြင်းတို့မှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရမှုအတွက် စိုးရိမ်စရာ အခြေအနေများဖြစ်သည်
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ အဆမတန် ပြည့်ကျပ်နေမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေခြင်းတို့ကြောင့် ကိုရိုနာဗိုင်းရပ် ကူးစက်မှုဖြစ်မည်ကို စိုးရိမ်ရကြောင်း ယခုရက်ပိုင်းအတွင်း အကျဉ်းထောင်များမှ လွတ်မြောက်လာသူများနှင့် အဖွဲ့အစည်းအချို့က ထောက်ပြပြောဆို သည်။
အင်းစိန်အကျဉ်းထောင်တွင် သတ်မှတ်လူဦးရေ ၅,၀၀ဝ ခန့်သာ နေထိုင်သင့်သော်လည်း အကျဉ်းသား ၁၀,၀၀၀ ကျော်ရှိနေ၍ စိုးရိမ်ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မြန်မာနိုင်ငံတာဝန်ခံ ဦးအောင်မျိုးကျော်က Myanmar Now ကိုပြောဆိုသည်။

မရှိဆင်းရဲသားများအတွက် တရားရုံးများတွင် အခမဲ့လိုက်ပါဆောင်ရွက်နေသော ရန်ကုန်တရားမျှတမှုစင်တာ၏ ဧပြီ ၃ ကထုတ်ပြန်သော နိုင်ငံတော်သမ္မတထံ အကြံပြုတင်ပြချက်တွင်လည်း ပြစ်ဒဏ်ကျခံနေရသူများနှင့် စွပ်စွဲခံတရားခံများ၏ဦးရေမှာ အကျဉ်းထောင်များနှင့်မမျှသည့် အခြေအနေတွင်ရှိနေကြောင်း ၎င်းတို့မှာ ကိုဗစ်နိုင်တင်းရောဂါအန္တရာယ်နှင့် အနီးဆုံးနေရာတွင် ရှိနေသူများဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါအကြံပြုတင်ပြချက်တွင် နိုင်ငံတော်သမ္မတအနေနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် သတ်မှတ်ထုတ်ပြန်ပေးရန် တိုက်တွန်းထားသည်။


ယင်းသို့ပင် AAPP ကလည်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ ထူထပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရခြင်း၊ အဟာရမပြည်ဝခြင်း၊ တကိုယ်ရေသန့်ရှင်းမှုအတွက် လုံလောက်သည့် ဝန်းကျင်မရှိခြင်းတို့ကြောင့် အကျဉ်းထောင်များအတွင်း ကိုဗစ်နိုင်တင်း ကူးစက်ပြန့်ပွားလာမည်ကို အထူးစိုးရိမ်ကြောင်း မတ် ၁၈ က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ အဆမတန် များပြားနေခြင်း၊ အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘတ်ဂျက်နှင့် ဆရာဝန်အင်အား မလုံလောက်ခြင်း တို့ကိုတွေ့ရှိရကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကလည်း၂၀၁၉ တွင် ထုတ်ပြန်ထားသည်။


မြန်မာတစ်နိုင်ငံလုံးတွင် ခန့်မှန်းခြေအားဖြင့် အကျဉ်းသားဦးရေ ၈၀,၀၀၀ ကျော်ရှိကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။
ယခုရက်ပိုင်းအတွင်း အကျဉ်းထောင်များမှ လွတ်မြောက်လာသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကလည်း ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ရေးအတွက် ထောင်တွင်းလုပ်ဆောင်မှု အားနည်းချက်များ၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်များနှင့် အခန်းများတွင် အကျဉ်းသားများစုဝေး နေထိုင်ရမှုများအပေါ် ထောက်ပြဝေဖန်ခဲ့ကြသည်။
တောင်သူလယ်သမားသပိတ်စခန်း ဦးဆောင်မှုဖြင့် တရားစွဲဆိုခံရပြီး ၂၀၂၀ မတ်မှဧပြီ ၂ ရက်အထိ တစ်လကြာ အိုးဘိုထောင်တွင် နေထိုင်ခဲ့ရသူ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးစိုးဌေးက ၈ ပေကျယ်ဝန်းသည့် အခန်းတွင် လူ ၂၅ ယောက် နေခဲ့ရသည်ဟုဆိုသည်။
ချင်းပြုတ်ရည်နှင့် ပရိတ်ရည်
ထောင်ထဲတွင် ဆေးဖြန်းပေးခြင်းများပြုလုပ်ပေးပြီး ဆပ်ပြာခွက်နှင့် လက်ဆေးစင်လာချပေးကြောင်း အထူးခြားဆုံးမှာ ကိုဗစ်နိုင်တင်းကာကွယ်ရေးအတွက် ချင်း(ဂျင်း)ပြုတ်ရည်တိုက်ခြင်း၊ ပရိတ်ရည်ပေးခြင်းတို့ကို ဆောင်ရွက်ကြောင်း အသက် ၄၄ နှစ်အရွယ် ဦးစိုးဌေးကဆိုသည်။
“ထောင်ထဲမှာ ဖြစ်လိုက်ရင်တော့ ကျွန်တော်တို့ သမိုင်းမှာ အဆိုးဆုံး အမဲစက်ကြီး ဖြစ်လိမ့်မယ်။ လူတစ်ယောက်နှစ်ယောက် သေတာထက် အစုလိုက်အပြုံလိုက်ကို သေမှာ။ ဘာဖြစ်လို့လဲဆိုရင် ထောင်ထဲမှာ အခုဖြစ်နေတဲ့ ပွေးတို့ ယားနာတို့ကိုတောင် မကာကွယ်နိုင်ဘူး” ဟု ၎င်းကထောက်ပြသည်။
မတ်လဆန်းက ဖမ်းဆီးခံခဲ့ရပြီး ဧပြီ ၉ တွင်ပြန်လွတ်လာသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ကျောင်းသားထုအခွင့်အရေး ကာကွယ်ရေးတာဝန်ခံ ကိုသက်တင်အောင်ကလည်း ၎င်းတို့ကို ထောင်အာဏာပိုင်များက မည်သည့်ဆေးစစ်ချက်မှ ရယူခဲ့ခြင်းမရှိဘဲ အကျဉ်းထောင်တွင်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ အကျဉ်းထောင်တွင်းတွင်လည်း ကိုဗစ်နိုင်တီးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောမှုများမရှိဘဲ လက်ဆေးစင်နှင့် ဆပ်ပြာခွက်သာ လာရောက်ထားရှိခဲ့ကြောင်း ပြောဆိုသည်။
ကိုသက်တင်အောင်မှာ ရခိုင်ဒေသတွင် အင်တာနက်ဖြတ်တောက်မှုနှင့် ဘူးသီးတောင် မူလတန်းလွန်ကျောင်း လက်နက်ကြီးကျည်ကျမှုတို့အတွက် ဆန္ဒထုတ်ဖော်ခဲ့သဖြင့် အင်းစိန် အကျဉ်းထောင် တိုက်ရှည် ၄ တွင် တစ်လ နီးပါး နေထိုင်ခဲ့ရသူဖြစ်သည်။
ကိုသက်တင်အောင်နှင့်အတူ ဧပြီ ၉ နံနက်ပိုင်းတွင် MDCF (ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု) အဖွဲ့ခေါင်းဆောင် ဦးထင်ကျော်နှင့် ကလေးစစ်သား ကိုအောင်ကိုထွေး၏ အစ်မ မနေဇာတို့လည်း လွတ်မြောက်လာခဲ့သည်။
ပုဒ်မ ၅၀၅ (က)ဖြင့် အင်းစိန်အကျဉ်းထောင် တိုက် ၃ တွင် ၂ နှစ်နီးပါး နေထိုင်ခဲ့ရသူ MDCF အဖွဲ့ခေါင်းဆောင် ဦးထင်ကျော်က အကျဉ်းထောင်တွင်းရှိ အထွေထွေအကျဉ်းသားများ ထားရှိသည့် အဆောင်များတွင် လူဦးရေထောင်နှင့်ချီရှိနေပြီး အခန်းများတွင် အကျဉ်းသားများ ပူးကပ် အိပ်စက်ရသဖြင့် ကိုဗစ်နိုင်တီးရောဂါ ကူးဆက်မှုဖြစ်ပွားလာပါက စိုးရိမ်ရကြောင်းပြောသည်။
“ကျွန်တော်တို့တိုက်ထဲကို လုပ်ပေးတာတော့ လက်ဆေးကန်တွေ လုပ်ပေးတယ်။ လက်ဆေးဖို့အတွက် ကာဘော်လစ်ဆပ်ပြာ ထားပေးထားတယ်။ ညနေပိုင်းတွေမှာ ချင်းနဲ့ ထန်းလျက်နဲ့ ပြုတ်ထားတဲ့ ချင်းပြုတ်ရေကို နေ့တိုင်း ညနေပိုင်းဆိုရင် လာလာပြီးတော့ ဝေတယ်ပေါ့ဗျာ” ဟု ၎င်းကပြောသည်။
အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွန်ကြားရေးမှူး ဦးရဲရင့်နိုင်က အင်းစိန်အကျဉ်းထောင်ကဲ့သို့ ထောင်ကြီးများတွင် အကျဉ်းသားဦးရေ လိုအပ်သည်ထက် ပိုမိုထိန်းသိမ်းထားရပြီး ယခုကဲ့သို့ ကိုဗစ်နိုင်တီးရောဂါပိုး ပျံ့နှံ့နေချိန်မျိုးတွင် စိုးရိမ်စရာကောင်းသော်လည်း အကျဉ်းသားဦးရေ လျှော့ချခြင်းမျိုးဆောင်ရွက်ရန် ၎င်းတို့အကျဉ်းဦးစီးဌာနတွင် အာဏာမရှိကြောင်းပြောသည်။
“အကျဉ်းသားဦးရေး လျှော့ချတာတို့၊ စေလွှတ်တာတို့က ကျွန်တော်တို့ အကျဉ်းဦးစီးဌာနက လုပ်လို့မရဘူး။ ကျွန်တော်တို့ရဲ့ မူလတာဝန်ကိုက လုံခြုံစွာထိန်းသိမ်းဖို့ပဲ။ တရားရုံးကနေ ပြစ်ဒဏ်ချမှတ်လိုက်တဲ့ အကျဉ်းသားတွေ အချုပ်သားတွေကို လုံခြုံစွာထိန်းသိမ်းဖို့ပဲ” ဟု ၎င်းက ပြောသည်။
ဇန်နဝါရီလ တတိယပတ်မှစတင်ပြီး ကျမ်းမာရေးနှင့်အားကစားဝန်ကြီးဌာမှ အကျဉ်းဦးစီးဌာနသို့ ညွန်ကြားချက် ၂၆ စောင် ထုတ်ပြန်ထားပြီး ထိုညွန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။
“အစိုးက ကြေညာပြီးတော့ မှ လက်ကမ်းစာစောင်လေးတွေကို လိုက်ကပ်တယ်။ ဆေးဖြန်းတယ်။ PPE ဝတ်စုံနဲ့ နှစ်ယောက်က လာဖြန်းသွားတယ်”ဟု ဦးထင်ကျော်ကပြောသည်။
အကျဉ်းထောင်များတွင် ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ရေးအတွက် လုပ်ဆောင်နေမှုများနှင့် ထောင်တွင်း အကျဉ်းသားများပြားနေမှုများအပေါ် မည်သို့လုပ်ဆောင်ရန် ရှိသည်ကို သိရှိနိုင်စေရန် Myanmar Now က အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်သမ္မတရုံးတို့သို့ ဆက်သွယ်မေးမြန်းထားသော်လည်း ယနေ့ညနေ ၂ နာရီအထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။
သို့သော် အကျဉ်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် လက်ဆေးကန် ၁၁၃၄ ကန် တပ်ဆင်ခဲ့ပြီး အပူချိန်တိုင်းကရိယာ ၂၅၀ ခုကို ဝေငှခဲ့ကြောင်း၊ ကျမ်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အသိပညာပေးပိုစတာ ၂၁၀၃ ခု စိုက်ထူခြင်း၊ ပိုးသတ်ဆေး ၁၁၇၁ ကြိမ်ဖြန်းခြင်း ၊ အသိပညာပေးဟောပြောမှု ၇၀၈ကြိမ်ပြုလုပ်ခြင်း ၊ PPE ဝတ်စုံ ၃၃၁ စုံနှင့် နှာခေါင်းစီး ၈၁,၉၄၁ ခု ဝေငှခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့ကြောင်းဆိုသည်။
အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွန်ကြားရေးမှူး ဦးရဲရင့်နိုင်က လက်ရှိအချိန်ထိ အကျဉ်းဦးစီးဌာနတွင် ကိုဗစ်နိုင်တီးနှင့်ပတ်သက်ပြီး သီးသန့်စောင့်ကြည်ရမည့်လူနာ တစ်ဦးမှမရှိသေးကြောင်း၊ အကယ်၍ ရှိလာပါကလည်း အကျဉ်းထောင်တွင် ထားရှိမည်မဟုတ်ဘဲ ကျမ်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့်သာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောသည်။
၂၀၁၈ ဇန်နဝါရီလအတွင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း ( ၂၀၁၈ - ၂၀၂၂ ) ဆိုသည့် မိတ်ဆက်ရှင်းလင်းပွဲတွင် မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်များနှင့် အကျဉ်းစခန်း ၉၀ ကျော်တွင် အကျဉ်းသားဦးရေ ကိုးသောင်းကျော်ကို ထိန်းသိမ်းထားပြီး အကျဉ်းဦးစီးဌာန ဝန်ထမ်းတစ်ယောက်သည် အကျဉ်းသား ၂၀၀ နီးပါးကို ထိန်းသိမ်းနေရကြောင်း အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးမြင့်စိုးက ပြောဆိုခဲ့ဖူးသည်။
၂၀၂၀ ဧပြီ ၁၀ ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံတွင် စောင့်ကြည့်/သံသယလူနာ ၉၄၉ ဦးတွင် ပိုးမတွေ့သူ ၈၁၉ ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ ၂၇ ဦးတွင် ၃ ဦးသေဆုံးကာ ၁၀၃ ဦးမှာ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းနေသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။
















