မွန်ပြည်နယ်တွင် ပထမဆုံးတွေ့ရှိသော ကိုဗစ်နိုင်တင်းလူနာ ထိုင်းပြန်အမျိုးသမီးနှင့် ပတ်သက်ထိတွေ့ခဲ့သူများကို စတင်စုံစမ်းဖော်ထုတ်နေကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်
ဓာတ်ခွဲစစ်ဆေးသူ ၄၃ ဦးတွင် ကိုဗစ်နိုင်တင်းရောဂါပိုး တွေ့ရှိသူ ၄ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ယနေ့(ဧပြီ ၁၀) နံနက် ၃ နာရီတွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူများတွင် မွန်ပြည်နယ်၊ ကျိုက်မရောမှ တစ်ဦး (ဓာတ်ခွဲအတည်ပြုလူနာ နံပါတ် ၀၂၇)ပါဝင်ရာ ၎င်းမှာမွန်ပြည်နယ်တွင် ပထမဆုံး တွေ့ရှိသော ကိုဗစ်နိုင်တင်းလူနာဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာ နံပါတ် ၀၂၇ သည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နေထိုင်သော အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်အကိုင် ရှာဖွေရန် တစ်လခန့် သွားရောက်နေထိုင်ခဲ့စဉ် ဗိုက်အောင့်ဝေဒနာခံစားခဲ့ရသဖြင့် ထိုင်းနိုင်ငံ၌ ၁ လခန့်ကြာ ဆေးရုံတက်ရောက်ကုသခဲ့ကြောင်း၊ မတ် ၂၀ တွင် မြဝတီမြို့မှတစ်ဆင့် ကျိုက်မရောမြို့နယ်ရှိ ၎င်းနေထိုင်ရာကျေးရွာသို့ ပြန်လည်ရောက်ရှိခဲ့ကာ နေအိမ်တွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံနေသူဖြစ်သည်။
မတ် ၂၉ တွင် သတ်မှတ်နေရာသို့ ပို့ဆောင်၍ အသွားအလာကန့်သတ်ခြင်း/ တားမြစ်ခြင်း (Facility Quarantine) အဖြစ် ပြောင်းလဲ ဆောင်ရွက်ခဲ့ပြီး၊ ထပ်မံဗိုက်အောင့်သဖြင့် မတ် ၃၀ တွင် ပြည်သူ့ဆေးရုံ၊ ကျိုက်မရောမြို့သို့ ပို့ဆောင်ကာ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုကုသမှု (Hospital Quarantine) ခံယူနေပြီး ဧပြီ ၈ တွင် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်သည်။


ယနေ့နံနက်မှစတင်ကာ ကျိုက်မရောမြို့နယ် ကျွန်းရွာရှိ အဆိုပါအမျိုးသမီး နေအိမ်ရှိသည့်လမ်းကို lockdown (သွားလာမှု ကန့်သတ်ပိတ်ပင်) လုပ်လိုက်ပြီဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ကပြောသည်။
“သူနဲ့အတူနေတဲ့သူတွေရော အကုန်လုံးကို အချက်အလက်ယူနေပါတယ်” ဟု ၎င်းကပြောသည်။
လူနာကို ကျိုက်မရောဆေးရုံမှ မော်လမြိုင်ဆေးရုံကြီးသို့ လွှဲပြောင်းပေးရန် စီစဉ်နေပြီး ၎င်းနှင့်ထိတွေ့ခဲ့သူများကို စုံစမ်းဖော်ထုတ်နေဆဲဖြစ်ပြီး လူဦးရေအတိအကျမသိနိုင်သေးဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှူး ဒေါက်တာထွန်းအောင်ကြည်ကပြောသည်။
“သူ့အိမ်ကလူတွေရော ဆေးရုံအတူတက်သွားပြီး ဆင်းသွားတဲ့လူတွေရော။ contact tracing (လူနာနှင့်ထိတွေ့ဆက်ဆံခဲ့သူများကို ခြေရာခံခြင်း)က အကုန်လုံး လိုက်တုန်းလေ အကုန်လုံးလည်းမရသေးဘူး” ဟု ၎င်းကပြောသည်။
ဓာတ်ခွဲအတည်ပြုလူနာ နံပါတ် ၀၂၅ နှင့်လူနာနံပါတ် ၀၂၆ တို့မှာ လွန်ခဲ့သည့် ၁၄ ရက်အတွင်းခရီးသွားရာဇဝင် မရှိခဲဘဲ ဖျားခြင်း၊ ချောင်းဆိုးခြင်းတို့ကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သွားရောက်ပြသရာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကုသ၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးရာတွင် ကိုဗစ်နိုင်တင်းရောဂါပိုး တွေ့ရှိခြင်းဖြစ်သည်။
လူနာနံပါတ် ၀၂၅ မှာ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် နေထိုင်သော အသက် ၅၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိကြောင်း လူနာနံပါတ် ၀၂၆ မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက် ၅၆ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဓာတ်ခွဲအတည်ပြုလူနာ နံပါတ် ၀၂၄ မှာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော အသက် ၃၂ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းသည် စင်္ကာပူနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။ မတ် ၁၉ တွင် စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဧပြီ ၁ မှစကာဖျားခြင်း၊ မောပန်းခြင်း၊ ခံစားခဲ့ရကာ ဧပြီ ၆ မှစ၍ လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်းများ ဆက်လက်ဖြစ်ပွားခဲ့သည်။
စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိသောလူများ၏ ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃၈ ခုကို ဧပြီ ၉ တွင် ရယူစစ်ဆေးခဲ့ပြီး ဓာတ်ခွဲစစ်ဆေးမှုအဖြေ (ပထမအသုတ်)အရ လူဦးရေ ၉၂ ဦးတွင် ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိသူ ၁ ဦး၊ ဒုတိယအသုတ် ၄၃ ဦးတွင် ရောဂါပိုးတွေ့သူ ၄ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ဧပြီ ၉ စစ်ဆေးမှုတွင် ကျန်ရှိသော ၃ ဦး၏ ဓာတ်ခွဲနမူနာများကို ဆက်လက်စစ်ဆေးနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင်ဖော်ပြထားသည်။
ယင်းကြောင့် ယနေ့နံနက် ၃ နာရီအထိထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါပိုး တွေ့ရှိသူ ၂၇ ဦးရှိပြီဖြစ်သည်။
ယခုအချိန်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါ ဓာတ်ခွဲနမူနာ စစ်ဆေးသူပေါင်း ၁၅၀၀ ကျော်ရှိပြီဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူ ၂၇ ဦးရှိကာ သေဆုံးသူ ၃ ဦးအထိရှိပြီဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











