အစုအဖွဲ့နှင့် နေတတ်သော လူသားများ တစ်ဦးတည်း သီးသန့်နေရသောအခါဝယ်

ကိုရိုနာ ဗိုင်းရပ်သည် လူတို့၏ စိတ်ကျန်းမာရေးကို ထိခိုက်လာနိုင်သည်

Published on Apr 9, 2020

လက်မှုအနုပညာပစ္စည်းများ ရောင်းဝယ်ဖောက်ကားသူ အသက် ၃၃ နှစ်ရှိသော ကလော်ဒီရာ (အမည်လွှဲ) သည် လန်ဒန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်တွင်းအောင်းနေထိုင်ရန် အဆင်သင့်ဖြစ်နေပါပြီ။ အရက်စွဲရောဂါ ရခဲ့ဖူးသော ကလော်ဒီရာသည် တစ်ကြိမ် နှစ်ကြိမ်ခန့် စိတ်ဖောက်ပြန်ခဲ့ဖူးရာ ပြန်လည် ထူထောင်ရေး စင်တာတွင် နေခဲ့ရဖူးသည်။ စင်တာတွင် နေခဲ့ရစဉ် အချိန်က သွားချင်သလိုသွားခွင့်မရပါ။ နေ့စဉ် အချိန်မှန်မှန် အိပ်ရာထ၊ အစာစား စသည့် တင်းကျပ်သော အချိန်ဇယားအတိုင်းနေခဲ့ရသည်။ ထိုအတွေ့အကြုံက အခုတော့ သူ့အတွက် အလွန်အထောက်အပံ့ဖြစ်နေပါသည်။ သူအပါအဝင် ဗြိတိန်တစ်နိုင်ငံလုံးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို လျှော့ချရန် အစိုးရအမိန့်အတိုင်း အိမ်တွင်းအောင်းကုန်ကြပြီဖြစ်သည်။ အနည်းငယ်သော ခြွင်းချက်အခြေအနေများမှတစ်ပါး အိမ်အပြင်ထွက်ခွင့်မရပါ။ အစိုးရသည် သူ့နိုင်ငံသားများ ကို တစ်အိမ်တည်း အတူနေထိုင်ခြင်းမရှိပါက မိသားစုဝင်များအပါအဝင် မည်သူနှင့်မျှ တွေ့ဆုံခြင်း မပြုရန် ညွှန်ကြားထားသည်။

“အရမ်းကို ခက်ခဲတဲ့နေ့မျိုးမှာဆိုရင် အိပ်ရာခေါက်ဖို့၊ ရေချိုးပြီး တစ်ခုခုစားဖို့ ကိုယ့်ကိုယ်ကို ပြောနေရတယ်” ဟု ကလော်ဒီရာက ဆိုသည်။ ဘယ်အရာတွေအတွက် သူကျေးဇူးတင်ဝမ်းမြောက်ရသည်ကို မနက်တိုင်း စာရွက်ပေါ်တွင် သူချရေးဖြစ်သည်။ “အရက်ဖြတ်လိုသူများအတွက် သီးသန့်ဂေဟာ” တွင် သူစိမ်းအမျိုးသမီး ၁၂ ယောက်နှင့် အတူ မနေရတော့သည်ကို သူဝမ်းသာသည်။ ကိုယ်ပိုင်တိုက်ခန်းတွင် နေခွင့်ရသည်ကို သူဝမ်းသာသည်။ အစ်မဖြစ်သူ၏ မွေးကင်းစကလေးလေးကို သူတွေ့ခွင့်မရသေးသော်လည်း ကလေးကျန်းကျန်းမာမာရှိသည့်အတွက် ဝမ်းသာသည်။ ဆိုရှယ်မီဒီယာကို သူမသုံးဘဲ ရှောင်ရှားသည်။ သို့တိုင်အောင် သူ စိုးရိမ်နေဆဲဖြစ်ပါသည်။ “တစ်ပတ်၊ နှစ်ပတ်လောက်အကြာမှာ အော်ဟစ်လိုက်ချင်စိတ်ပေါက်လာမှာကို ကျွန်မစိုးရိမ်မိတယ်” ဟုသူက ဆိုသည်။

သဘာဝ ဘေးအန္တရာယ်၊ စစ်ပွဲ စသည့် ကြေကွဲထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်များသည် လူတို့၏ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ဤ ကိုဗစ်နိုင်တင်း ကူးစက်ရောဂါသည်လည်း ထို့အတူပင်ဖြစ်သည်။ ကိုဗစ်နိုင်တင်းကြောင့် ရောဂါကူးမှာ၊ ချစ်သူခင်သူတွေ နာမကျန်းဖြစ်မှာကို စိုးကြောက်နေရသည်။ လူနေမှုဘဝတွင်လည်း အဖက်ဖက်က မသေချာမရေရာမှုတွေနှင့် နှစ်ပါးသွားနေရသည်။ ကမ္ဘာကြီး၏ ငါးပုံတစ်ပုံသည် အိမ်တွင်းအောင်းကုန်ကြပြီဖြစ်ရာ အချိန်ကြာမြင့်စွာ တစ်ကိုယ်တည်း သီးသန့်နေထိုင်ရခြင်းကြောင့် အထီးကျန်ခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ကျခြင်းများကို ခံစားရလာနိုင်သည်။ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို နှေးကွေးစေရန် သီးသန့်နေထိုင်ခြင်း၊ လူအများနှင့် ခပ်ခွာခွာနေထိုင်ခြင်း စသည့်နည်းလမ်းများသည် လူ့သဘာဝနှင့် ဆန့်ကျင်နေသည်။ လူသားများအပါအဝင် နို့တိုက်သတ္တဝါမျိုးနွယ်ဝင် ပရိုင်းမိတ်များအတွက် အတွေ့အထိနှင့် ပေါင်းသင်းဆက်ဆံရေးကွန်ရက်များသည် အလွန်အရေးပါသည်။ စိတ်ဖိစီးမှုများလျှင် ထွက်တတ်သော ကော်တီဇုန်း ဟော်မုန်းသည် အပေါင်းနှင့် အသင်းနှင့် နေတတ်သော ဘာဘွန်းမျောက်မများတွင် အထွက်နည်းသည်ကို တွေ့ရသည်။

အီတလီအစိုးရက တစ်နိုင်ငံလုံး အပြင်မထွက်ရအမိန့်ချထားသည်မှာ တစ်လပင် မပြည့်သေးသော်လည်း လူအများ၏ စိတ်ကျန်းမာရေး အခြေအနေထိခိုက်လာစပြုနေသည်ကို တွေ့နေရပြီဖြစ်သည်။ အီတလီတွင် ကိုဗစ်နိုင်တင်း ကြောင့် လူပေါင်း ၁၇,၀၀၀ ကျော်သေဆုံးခဲ့ပြီး ကိုရိုနာဗိုင်းရပ် ကူးစက်ခြင်းခံခဲ့ရသော လူနာများကို ပြုစုသည့် အရေးပေါ်ဌာနမှ သူနာပြု နှစ်ဦးသည် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သည်။ အီတလီအမျိုးသားသူနာပြုအဖွဲ့ချုပ်ကမူ သတ်သေသူနှစ်ဦးထဲမှတစ်ဦးဖြစ်သော သူနာပြု ဒယ်နီရယ်လာ ထရေဇီသည် နာမကျန်းဖြစ်သောကြောင့် အလုပ်မှ ခွင့်ယူထားသူဖြစ်ပြီး သူ့ကြောင့် လူနာများ ရောဂါကူးစက်ခံခဲ့ရမလားဟု အလွန်အမင်းစိုးရိမ်ခဲ့ကြောင်း ပြောသည်။ ဒေသခံ ကျန်းမာရေး အာဏာပိုင်များကမူ ဒယ်နီရယ်လာတွင် ကိုရိုနာဗိုင်းရပ်ရှိသည်ဟု စစ်ဆေးချက် အဖြေမထွက်ပါဟု ဆိုသည်။ ဂျာမနီနိုင်ငံတွင် အသွားအလာ ကန့်သတ်ခြင်းကို အီတလီထက်နောက်ကျပြီး လုပ်ခဲ့သော်လည်း ဟဆယ်ပြည်နယ်၏ ဘဏ္ဍာရေးဝန်ကြီးသည် ကူးစက်ရောဂါကြောင့် စီးပွားရေးထိခိုက်လာမည်ကို အလွန်အမင်းစိုးရိမ်လာခဲ့သည်ဟုဆိုသည်။ ထိုဝန်ကြီးသည် မတ်လ ၂၈ ရက်နေ့တွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည်။

ကူးစက်ရောဂါကြောင့် လူတို့၏ စိတ်ကျန်းမာရေးထိခိုက်လာနိုင်သည်ကို အလေးထားဂရုပြုမှုများ တိုးမြင့်လာပြီဖြစ်သည်။ ဗြိတိန်တွင် အင်္ဂလန်လူထုကျန်းမာရေးအဖွဲ့အစည်းသည် ကမ်းဘရစ်မြို့စား၊ မြို့စားကတော်တို့နှင့်ပူးပေါင်းပြီး “ကိုရိုနာဗိုင်းရပ်စ်နှင့် စပ်ဆက်စိတ်ကျန်းမာရေး သုခဆိုင်ရာ အချက်အလက်များ” ဟု အမည်ရသည့် စာဆောင်စုကို မတ်လ ၂၉ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။ ထိုအပတ်ထဲတွင်ပင် ဗြိတိန်နိုင်ငံသား ၆၂ ရာခိုင်နှုန်းသည် ကိုရိုနာဗိုင်းရစ်မပြန့်ပွားခင်အချိန်နှင့် စာလျှင် ယခုတွင်၎င်းတို့သည် အနာဂတ်ကို ပို၍အဆိုးမြင်လာသည်ဟုဆိုကြောင်း စစ်တမ်းကောက်သည့် ကုမ္ပဏီဖြစ်သော Ipsos MORI ကဆိုသည်။ “လူတွေဟာ စီးပွားရေးအတွက် ရုန်းကန်နေရသလို စိတ်ဒုက္ခတွေနဲ့လည်း နပန်းသတ်နေရတယ်” ဟု နယူးယောက်မြို့တော်၏ မြို့ဝန် အန်ဒရူး ကော်မိုက မတ်လ ၂၁ ရက်နေ့တွင် ပြောခဲ့သည်။ နယူးယောက်သည် အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်၏ ထိုးနှက်မှုကို အဆိုးရွားဆုံးခံစားနေရသော မြို့ဖြစ်သည်။ ထိုသို့ပြောပြီးလေးရက်အကြာတွင် ၎င်းသည် စိတ်ဒုက္ခခံစားနေရသူများကို အကူအညီပေးသည့် အခမဲ့ တယ်လီဖုန်းဆက်သွယ်နိုင်သည့် ဖုန်းလိုင်း (hotline) ကို ဖွင့်ပေးခဲ့သည်။

ယခုကူးစက်ရောဂါကြောင့် အချို့သောသူများသည် အများထက်ပို၍ ထိခိုက်ခံစားလွယ်သည်။ ကျန်းမာရေးဝန်ထမ်းများသည် ဗိုင်းရပ်ပိုးနှင့် ထိတွေ့မှုအများဆုံးသော လူများဖြစ်သည်။ ရဲဘော်ရဲဘက်စိတ်နှင့် လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပူးပေါင်းရင်ဆိုင်ပါက စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်သည်။ သို့သော်လည်း ဆရာဝန်နှင့် သူနာပြုများသည် ရောဂါကူးမည်စိုးသောကြောင့် မိသားစုများနှင့် ခွဲခွာ၍နေကြရရာ စိတ်ဖိစီးမှုကို ခံစားရနိုင်သည်ဟု နယူးယောက်မြို့ရှိ ဆရာဝန်တစ်ဦးဖြစ်သူ ဒရုကူးလာက ဆိုသည်။

နိုင်ငံအတော်များများတွင် ဆေးဝန်ထမ်းများအတွက် တစ်ကိုယ်ရည်အကာအကွယ်ပစ္စည်းများ အလုံအလောက်မရှိခြင်းကလည်း စိတ်ဖိစီးမှုကို တိုးစေနိုင်သည်။ ယေးလ်မြို့တွင် လက်ရှိနေထိုင်သော နစ်ကိုလပ်စ် ခရစ်တကီသည် ၁၉၉၀ ပြည့်လွန်နှစ်များကာလ HIV/AIDS ကူးစက်ရောဂါကပ်ကြီးအတွင်း ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ “အေအိုင်ဒီအက်စ်ရှိတဲ့လူနာတွေကို ပြုစုကုသရင်းနဲ့ ရောဂါများကူးသွားမလားဆိုပြီး ကျန်းမာရေးဝန်ထမ်းတွေ အလွန်ကြောက်ခဲ့ကြတာပေါ့” ဟု သူကပြန်ပြောင်းပြောပြသည်။ ထိုအချိန်ကမူ ကျန်မာရေးဝန်ထမ်းများအတွက် အကာအကွယ်ပစ္စည်း အလုံအလောက်ရှိပါသည်။ ထို့ကြောင့် အလုပ်လုပ်ရင်း ရောဂါကူးစက်နိုင်မည့် အခြေအနေသည် အလွန်မဆိုးရွားခဲ့ပါချေ။ ယခု ကိုဗစ်နိုင်တင်း သည် AIDS ရောဂါထက်ပို၍ ကူးစက်ရန် လွယ်ကူပါသည်။ “အခုအခြေအနေက မီးသတ်သမားကို မီးလောင်နေတဲ့ အဆောက်အအုံထဲ အဝတ်မပါဗလာကိုယ်နဲ့ ဝင်ခိုင်းနေသလိုပါပဲ” ဟု သူက ခိုင်းနှိုင်းပြသည်။

ပြည်သူအများစုထက် အချို့က ပို၍ စိုးရိမ်ကြောင့်ကြမှုဖြစ်နိုင်ပါသည်။ အရေအတွက် သန်းနှင့်ချီ၍ ရှိလာပြီဖြစ်သော အလုပ်လက်မဲ့များသည် ဝင်ငွေဆုံးရှုံးရသည့်အပြင် နေ့စဉ်လူနေမှုဘဝ၊ အပေါင်းအသင်းမိတ်ဆွေများနှင့် ကိုယ်ပိုင် ခံယူချက်များပါ ဆုံးရှုံးနိုင်သည်ဟု အောက်စ်ဖို့ဒ်တက္ကသိုလ်၊ ကျန်းမာသုခပြည့်စုံမှုသုတေသနဌာန၏ ဌာနမှူး Jan-Emmanuel De Neve က ဆိုသည်။

အပေါင်းအသင်းမိတ်ဆွေများနှင့် နေ့ရက်များကို ကုန်ဆုံးလေ့ရှိသော တစ်ကိုယ်ရည်တစ်ကာယ သမားများ၊ လက်တွဲဖော်များနှင့် ခွဲနေသော သူများသည် ယခုကူးစက်ရောဂါဖြစ်ချိန်တွင် နေ့ရက် အချိန် တော်တော်များများကို တစ်ကိုယ်တည်းသာ ဖြတ်ကျော်ရမည်ဖြစ်သည်။ အဖွဲ့အသင်းနှင့် အားကစား လုပ်ရသည်ကို နှစ်ခြိုက်သော၊ အပြင်ထွက်ရသည်ကို ပျော်မွေ့သော လူများသည်လည်း ဧည့်ခန်းကျဉ်းနှင့် အွန်လိုင်းသင်တန်းများတွင်သာ အချိန်ကုန်ရမည်ဖြစ်သည်။ ဘယ်ဂျီယံနိုင်ငံ ဘရက်ဆဲမြို့တွင် ဘဏ္ဍာရေးပိုင်းတွင် အလုပ်လုပ်သော အသက် ၂၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသား မိုက် သည် အပြင်ထွက် အပြေးလေ့ကျင့်ခွင့်ရသေးသည့်အတွက် စိတ်သက်သာရသည်ဟု ဆိုသည်။ (သို့သော် သူအပြေးရပ်ပြီး ခဏနားရန် ထိုင်လိုက်သည်နှင့် ရဲများက သူ့ကို ဆက်ပြေးရန် ဆော်ဩတော့သည်။) “ဒီလိုမှ မဟုတ်ရင်လည်း Netflix ရုပ်သံလိုင်းရှိတဲ့ ရော်ဘင်ဆင်ခရူးဆိုးလို ဖြစ်နေတော့မှာပဲ” ဟု သူကဆိုသည်။ ဗိုင်းရပ်စ်၏ အန္တရာယ် ကို သိပ်ကြောက်စရာမလိုသည့် သူများသည်ပင် တစ်ကိုယ်တည်း နေရခြင်းကြောင့် စိတ်ကျန်းမာရေး ထိခိုက်နိုင်သည်။ အသက် ၅၅ နှစ်နှင့် ၇၅ နှစ်ကြား ဗြိတိန်နိုင်ငံသား ၅၄ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင် အသက် ၁၈ နှစ်နှင့် ၃၄ နှစ်ကြား ရှိသော ဗြိတိန်နိုင်ငံသား ၆၇ ရာခိုင်နှုန်းသည် အမြဲစိတ်လက်တက်ကြွစွာနေရန် အလွန်ခက်ခဲသည်ဟု ဆိုသည်။

အပြင်မထွက်ရ အမိန့် သည် လပေါင်းများစွာကြာမြင့်လာပါက သက်ကြီးရွယ်အိုများသည် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုများကို အထူးတလည် ခံစားလာရနိုင်သည်။ အပြင်မထွက်ရအမိန့်ဖြင့် နေအိမ်အတွင်းသာ မနေရခင်ကပင် သက်ကြီးရွယ်အိုများသည် အထီးကျန်ခံစားနေရနိုင်သည်။ ဥရောပတွင် သက်ကြီးရွယ်အို အမျိုးသမီးများသည် အမျိုးသားများထက် တစ်ကိုယ်တည်းနေထိုင်နိုင်ခြေ နှစ်ဆပို၍ များသည်။ ၎င်းတို့သည် စိတ်တက်ကြွစေရန် သို့မဟုတ် လူမှုဘဝဆက်လက်ရှင်သန်စေရန် မိသားစုများ၊ မိတ်ဆွေများနှင့် တွေ့ဆုံကြသည်။ အီတလီနိုင်ငံ ကာဆယ်ပူဆတာလန်ဂိုတွင် နေထိုင်သော အသက် ၈၀ အရွယ် အဲဖရက်ဒို ရိုဇီအတွက်တော့ ၁၆ ကီလိုမီတာ (၁၀မိုင်) သာဝေးသည့် မြေးများနှင့် မတွေ့ရတော့ခြင်းမှာ စိတ်အပျက်ရဆုံးဖြစ်သည်။

နေအိမ်အတွင်း ကျဉ်းကျဉ်းကျုတ်ကျုတ် အတူနေထိုင်ရရုံသာမက ပိုက်ဆံ၊ ကျန်းမာရေးနှင့် လုံခြုံရေးတို့ကို စိုးရိမ်ပူပန်လာရသည်နှင့် အမျှ နေရာအနှံ့ ကြုံတွေ့နေရသော အိမ်တွင်းအကြမ်းဖက်မှုများသည်လည်း တရှိန်ထိုး မြင့်တက်လာနေသည်ဟု ကုလသမဂ္ဂ အမျိုးသမီးရေးရာ အဖွဲ့၏ ခေါင်းဆောင် Phumzile Mlambo-Ngcuka ကဆိုသည်။ အစောပိုင်းကာလ ခန့်မှန်းချက်များအရ အပြင်မထွက်ရအမိန့်ချထားသည့် နိုင်ငံအချို့တွင် အိမ်တွင်းအကြမ်းဖက်မှုများ သုံးပုံတစ်ပုံခန့် မြင့်တက်လာနိုင်သည်ဟု ထင်ကြောင်း သူကဆိုသည်။

ဤကဲ့သို့သော သီးခြားနေထိုင်ရေးကန့်သတ်မှုကို ပြင်းပြင်းထန်ထန်လုပ်ဆောင်မှုမျိုး ယခင်က မရှိခဲ့ဖူးပါ။ သို့သော် ယခင် အရေးပေါ်အခြေအနေများနှင့် အခြားသော သီးသန့်နေထိုင်မှုမျိုးကို လေ့လာခြင်းအားဖြင့် ယခုသီးခြားနေထိုင်မှုကန့်သတ်ခြင်းကြောင့် စိတ်ကျန်းမာရေးကို မည်သို့ထိခိုက်လာနိုင်သည်ကို ရေးရေးမျှသိရှိနိုင်သည်။ သီးခြားနေထိုင်ခြင်းသည် စိတ်ထိခိုက်စရာ အဖြစ်အပျက်များကြောင့် စိဖိစီးမှု စိတ်ကစဉ့်ကလျားဝေဒနာ post-traumatic stress disorder (PTSD) ကိုခံစားရသည်အထိ ဖြစ်နိုင်သည်ဟု ဗြိတိန်ဆေးဘက်ဆိုင်ရာ ဂျာနယ် “Lancet” ပါ တစ်ကိုယ်တည်းနေထိုင်ခြင်း၏ စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များကို အကြမ်းဖျင်း သုံးသပ်သည့် သုတေသနစာတမ်းက ဆိုသည်။ ထိုဝေဒနာ၏ လက္ခဏာများဖြစ်သော အလွန်အမင်း သတိထားနိုးကြားလွန်ခြင်း၊ ဆိုးရွားသော အဖြစ်အပျက်များကို ထပ်ခါတလဲလဲ ပြန်လည်သတိရခံစားခြင်းနှင့် အိပ်မက်ဆိုးများမက်ခြင်း ကို နှစ်ရှည်ခံစားရနိုင်သည်။ ၁၉၇၅ တွင် ပြီးဆုံးခဲ့သော ဗီယက်နမ်စစ်ပွဲမှ စိတ်ဖိစီးကြေကွဲရမှုများကို စစ်ပြန်များနှစ်ပေါင်းများစွာကြာအောင် ခံစားနေရဆဲဖြစ်သည်ကို ထောက်ရှု၍ ထိုဝေဒနာကို ဆေးပညာအရ စိတ်ရောဂါဝေဒနာအဖြစ် ၁၉၈၀ တွင် ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။

၂၀၀၉ ခုနှစ် သုတေသနစာတမ်းသည် ၂၀၀၃ ခုနှစ် ဆားစ်ပြင်းထန်အဆုတ်ရောင်ရောဂါ ကူးစက်မှုတွင် ရှေ့တန်းမှ တိုက်စစ်ဆင်ခဲ့ရသော ပေကျင်းရှိ ဆေးရုံဝန်ထမ်းများကို အထူးပြုလေ့လာထားသည်။ ဆားစ်ရောဂါသည် ကိုဗစ်နိုင်တင်းကဲ့သို့ ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ သုတေသနပညာရှင်များ သုံးနှစ်အကြာတွင် တွေ့ရှိခဲ့သည်က သီးခြားကန့်သတ်ခွဲနေရခြင်းသည် စိတ်ဖိစီးမှု စိတ်ကစဉ့်ကလျားရောဂါကို ခံစားရနိုင်သည့် ရှေ့ပြေးအခြေအနေဖြစ်သည်ဆိုသည်ပင်။ ၂၀၁၃ ခုနှစ်တွင်ပြုလုပ်ခဲ့သော သုတေသနတစ်ခုကမူ ၂၀၀၉ ခုနှစ် ဆားစ် သို့မဟုတ် H1N1 ကူးစက်ရောဂါ ပြန့်ပွားစဉ်အတွင်း သီးခြားခွဲခွာနေထိုင်ခဲ့ရသော မိဘနှင့် သားသမီးများခံစားရသော စိတ်ဖိစီးမှု စိတ် ကစဉ့်ကလျားဝေဒနာ လက္ခဏာများကို သုံးသပ်ပြထားသည်။ သုတေသနစာတမ်းအရ သီးခြားနေထိုင်ရသော ကလေးငယ်များတွင် စိတ်ဖိစီးမှုဝေဒနာခံစားရမှုနှုန်း လေးဆ ပိုနိုင်သည်။ သီးခြားနေထိုင်ခဲ့ရသော မိဘများ၏ ၂၈ ရာခိုင်နှုန်းတွင် စိတ်ဖိစီးမှုဝေဒနာသည် စိတ်ရောဂါအဖြစ် သတ်မှတ်ရလောက်အောင်ဆိုးရွားခဲ့သော်လည်း သီးခြားမနေခဲ့ရသော မိဘများ၏ ၆ ရာခိုင်နှုန်းသာ ထိုမျှလောက်ပြင်းထန်သော စိတ်ဖိစီးမှုကို ခံစားခဲ့ရသည်။

သီးသန့်နေထိုင်ရသော အချိန်ကာလရှည်ကြာလာသည်နှင့် အမျှ လူတို့၏ စိတ်ကျန်းမာရေးကို ပိုမိုထိခိုက် လာနိုင်သည်။ ဆားစ်ရောဂါ၏ နောက်ဆက်တွဲအကျိုးဆက်ကို လေ့လာသော သုတေသနစာတမ်း တစ်စောင်အရမူ ၁၀ ရက်ထက်ပို၍ သီးသန့်နေထိုင်ခဲ့ရသော သူများတွင် ၁၀ ရက် အောက်သာ နေထိုင်ခဲ့ရသူများနှင့် နှိုင်းစာလျှင် စိတ်ဖိစီးမှုစိတ်ကစဉ့်ကလျားရောဂါလက္ခဏာများကို ပို၍တွေ့ရသည်ဟု ဆိုသည်။

ဩစတေးလျနိုင်ငံသူ အကြံပေးအရာရှိ စင်သီယာ ဒရီယာရင်သည် ၂၀၀၆ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း အီရတ်ရှိ စစ်စခန်းများတွင် နေထိုင်ခဲ့ရစဉ်အတွင်း စိတ်ရှိတိုင်းသွားလာနိုင်ခြင်းမရှိခဲ့ပါ။ ထိုကာလအတွင်း စိတ်ကျန်းမာရေး အားလပ်ရက်ခွင့်ယူပြီးနောက် အီရတ်သို့ ပြန်လာသည့်အခါတိုင်း “ဘဂ္ဂဒက် စိတ်ကျဝေဒနာ” ကို ပြန်ရောက်ရောက်ခြင်းပင် ခံစားရသည်ဟု သူကဆိုသည်။ စစ်မြေပြင်တွင် နေထိုင်ရသည့် အတွေ့အကြုံသည် ကူးစက်ကပ်ရောဂါအတွင်း နေထိုင်ရသည့် အတွေ့အကြုံနှင့် မတူ သော်လည်း လွတ်လပ်ခွင့်ဆုံးရှုံးခြင်းနှင့် အန္တရာယ်ကို စိုးကြောက်ရသော ခံစားမှုချင်း တူညီပါသည်။

“အဲဒီတုန်းက ကန့်သတ်နယ်မြေကနေ ထွက်ခွာချင်ရင် ထွက်ခွာနိုင်ပါတယ်။ အခုအခြေအနေမှာ မတူတဲ့ အချက်ကတော့ ဘယ်သူမှ ထွက်ခွာပြေးလို့ မရတာပါပဲ” ဟု သူက ပြန်ပြောင်းပြောပြသည်။ အီရတ်တွင် နေထိုင်ခဲ့စဉ်က သူ၏ လုပ်ဖော်ကိုင်ဖက်အများစုသည် ကြောက်ရွံ့ခြင်းနှင့် ငြီးငွေ့ခြင်းကို တွန်းလှန်နိုင်ရန် အရက်သေစာကို အလွန်အကျွံသောက်သုံးခဲ့ကြသည်။ ယခု အရက်သေစာ ရောင်းချမှုနှုန်း မြင့်တက်လာသည်ကို ထောက်ရှု၍ လူအများသည် ထိုနည်းအတိုင်းလုပ်ဆောင်နေကြသည်ကို ခန့်မှန်းနိုင်သည်။ ဈေးကွက်သုတေသနကုမ္ပဏီ Nielsen ၏အဆိုအရ ဗြိတိန်တွင် မတ်လနှောင်းပိုင်းအတွင်း အရက်သေစာရောင်းချမှုနှုန်းသည် ၂၀၁၉ ခုနှစ်အတွင်းရောင်းချနှုန်းထက် သုံးပုံနှစ်ပုံခန့် မြင့်တက်လာသည်။

ကိုယ်တိုင်လိုလိုလားလား သီးသန့်နေထိုင်မှုဘဝကို ရွေးချယ်ခဲ့သော လူများသည် ယခုဘေးဒုက္ခကို ကျော်လွှားနိုင်ရေးအတွက် စံပြဥပမာဖြစ်နိုင်ပါသည်။ အာကာသယာဉ်မှူးများသည် ချစ်ရခင်ရသူများအပြင် လူသားထုတစ်ခုလုံး၏ ဝေးကွာရာတွင် အချိန်ကြာမြင့်စွာနေထိုင်ရသောကြောင့် အထီးကျန်မှုကို ခံစားရသည့်အပြင်၊ အိပ်မပျော်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းနှင့် စိတ်အတက်အကျ မြန်ခြင်းတို့ကိုပါ ခံစားရသည်။ အာကာသယာဉ်ထဲတွင်သာ အတူကျဉ်းကျဉ်းကျပ်ကျပ်နေရသော အာကာသယာဉ်မှူးများအချင်းချင်းလည်း ကတောက်ကဆဖြစ်နိုင်ပါသေးသည်။

အရေးပေါ်အခြေအနေကြောင့် မတတ်သာဘဲ အမြဲ တူတူနီးနီးကပ်ကပ်နေ နေရသော လင်မယားများသည် ထိုအတွေ့အကြုံမျိုးကို စာနာနားလည်နိုင်ပါလိမ့်မည်။ တရုတ်ပြည်ရှိ မြို့အချို့တွင် မတ်လအစောပိုင်းအတွင်း အပြင်မထွက်ရအမိန့်ကို ရုပ်သိမ်းပြီးသည့် အချိန်မှစ၍ လင်မယားကွာရှင်းမှုနှုန်းမြင့်တက်လာခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းတွင် တစ်နှစ်ကြာနေထိုင်ခဲ့သော အာကာသယာဉ်မှူးဟောင်း စကော့ကယ်လီက နေ့စဉ်အချိန်ဇယားအတိုင်းနေထိုင်ခြင်းနှင့် မှတ်တမ်းရေးခြင်းသည် အထီးကျန်စွာ ခံစားရမှုကို သက်သာစေနိုင်သည်ဟု နယူးယော့ခ်တိုင်းမ် သတင်းစာတွင် ရေးသားအကြံပေးထားသည်။ လူအများကို အပြင်ထွက်ခွင့်ရပါက ထွက်ကြရန်လည်း သူတိုက်တွန်းထားသည်။ “နေရာကျဉ်းကျဉ်းလေးမှာ လပေါင်းများစွာနေထိုင်ရတဲ့အခါ သဘာဝပတ်ဝန်းကျင်ကို ကျွန်တော်တောင့်တလာပါတယ်... သဘာဝရဲ့ အစိမ်းရောင်၊ လတ်ဆတ်တဲ့ မြေသင်းရနံ့ … ကျွန်တော့်မျက်နှာပေါ် ဖြာကျလာမယ့် နေရောင်ခြည်နွေးနွေးကို တောင့်တမိရပါတယ်” ဟု သူကဆိုသည်။

အလွန်တင်းကျပ်သော ကန့်သတ်မှုများကြားမှာပင် လူသားတို့သည် ဖြေသာစေမည့် နည်းလမ်းများကို ရှာတွေ့မြဲဖြစ်ပါသည်။ စိတ်ညစ်ညူးဖွယ်ကောင်းသော အိမ်နီးချင်းများသည်ပင် အရေးပေါ် အခြေအနေဆိုးတွင် စိတ်သက်သာရာကို ပေးစွမ်းနိုင်ပါသည်။

ဒေသတွင်းရှိ ထိခိုက်လွယ်သော လူများကို အားပေးရန် နေရာအတော်များများတွင် အဖွဲ့အစည်းများ ဖွဲ့စည်းပြီးဖြစ်ပါသည်။ ဘရင်ဟမ်ရန်း တက္ကသိုလ်၏ အထီးကျန်စိတ်ခံစားမှုကျွမ်းကျင်သူ ဂျူလီယန် ဟော့်တ်-လန်းစတဒ်ကမူ လူနေမှုကွန်ရက်အတွင်း “အားပေးထောက်ပံ့မည့်လူများ” ရှိသော သူများသည် မရှိသောသူများထက် စိတ်ဖိစီးမှုကိုခံစားရမှုနည်းပါးသည်ဟု သုတေသနစာတမ်းများကို ကိုးကား၍ဆိုသည်။ မိမိက အားကိုးနိုင်မည့်လူများရှိသည်ဟု စိတ်ချသည့် အသိကပင် သွေးတိုးနှင့် နှလုံးခုန်နှုန်းကို လျှော့ချပေးနိုင်သည်ဟု သူကဆိုသည်။

တကွဲတပြားမနေတော့ပါ

ဘရပ်ဆဲမြို့ရှိ အသက် ၃၂ နှစ်အရွယ် လူမှုဝန်ထမ်း အဲဘဂေးလ်က သူ၏ အိမ်နီးချင်း ကျောင်းသားတစ်စုသည် သီချင်းကျယ်ကျယ်ဖွင့်သောကြောင့် ယခင်က ကြည့်မရခဲ့ဟုဆိုသည်။ သို့သော် အပြင်မထွက်ရအမိန့်ကြောင့် တစ်ကိုယ်တည်းနေထိုင်ရသောအခါ ထိုအိမ်နီးချင်းများကို သူသိကျွမ်းခင်မင် လာရသည်။ ယခုမူ ကျောင်းသားတစ်စု၏ သီချင်းသံကျယ်ကျယ်ကို မျှော်လင့်နေပြီဖြစ်သည်။ “ပါတီပွဲကို ဒီကိုရောက်အောင်ခေါ်လာတာသူတို့တွေပဲလေ”ဟု ပြောသည်။ ဘယ်ဂျီယံ၊ ဗြိတိန်၊ အီတလီနှင့် နယ်သာလန်ရှိ လူများသည် ဆေးဘက်ဝန်ထမ်းများနှင့် အခြားသော အရေးပါလုပ်သားများကို ကျေးဇူးတင်သောအားဖြင့် အိမ်ပြတင်းပေါက်များ၊ တံခါးဝများတွင် ရပ်၍ လက်ခုပ်တီးခြင်း၊ ဒယ်ပြားများကို တီးခတ်ခြင်းတို့ ပြုလုပ်၍ ကျေးဇူးတင်ကြောင်းပြကြသည်။

ကွန်ပျူတာဖန်သားပေါ်ရှိ မပီတပြင် ရုပ်ပုံများသည် လူအစစ်များနှင့် အစားမထိုးနိုင်သော်လည်း မိတ်ဆွေ၊ သူငယ်ချင်းများနှင့် ဗီဒီယိုဖုန်းခေါ်ဆိုပါက စိတ်သက်ရာရစေနိုင်ပါသည်။ လေးထောင့်ကွက်ငယ်လေးများဖြင့် စုစည်းပုံဖော်ထားသော သူငယ်ချင်း၏ ရုပ်ပုံလွှာကိုစကားပြောကာ အချိန်ကုန်ဆုံးစေခြင်းအားဖြင့် ဆက်ဆံရေး “ပျက်စီးမှုနှုန်း” ကိုနှေးကွေးစေနိုင်သည်ဟု ပရော်ဖက်ဆာ ဒန်ဘာကဆိုသော်လည်း ထိုဗီဒီယိုဖုန်းခေါ်မှုများသည် ချစ်ခင်ရသူနှင့် အပြင်မှာ တွေ့ဆုံရခြင်းကို အစားမထိုးနိုင်ပါ။ ပရော်ဖက်ဆာ ဒန်ဘာ၏ အဆိုအရမူ မိတ်ဆွေအချင်းချင်း ချစ်ခင်မှုနှင့် ပေါင်းသင်းဆက်ဆံမှု နှောင်ကြိုးမြဲမြံစေရန် “မျက်လုံးထဲကိုကြည့်ရမယ်၊ မျက်ဖြူသားကို မြင်နိုင်ရမယ်၊ သူတို့ကို ပွေ့ဖက်ထိတွေ့နိုင်ရမယ်” ဟုဆိုသည်။

ကလော်ဒီရာအတွက်မူ ဘောလုံးကစားဖက်များနှင့် အင်တာနက်မှ စကားစမြည်ပြောရုံသာမဟုတ်ဘဲ တူတူတွေ့ဆုံကစားနိုင်မည့် အချိန်သည်ရောက်လာမည်မှာ မလွဲပါပေ။ သူ့အတွက်ဘောလုံးကစားခြင်းသည် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတစ်ခုဖြစ်သည့်အပြင် စိတ်လက်ကျန်းမာစေမည့် ကုထုံးတစ်ခုလည်းဖြစ်သည်။ “သူတို့နဲ့ပြန်တွေ့တဲ့အချိန်ကတော့ အရမ်းကို လှပမှာပဲ” ဟု သူကဆိုသည်။

The Economist မဂ္ဂဇင်းပါ How will humans, by nature social animals, fare when isolated? ကို ဆွေဇင်မိုး ဘာသာပြန်ဆိုသည်

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading