တောင်ပေါ်တွင် ဆယ်စုနှစ်ကြာအမြဲနေထိုင်သူများဖြစ်၍ ဖယ်ရှားပေးရန်မဖြစ်နိုင်ဟု နေထိုင်သူများကဆိုပြီး တရားဝင်ခွင့်ပြုထားသည့် အိမ်လုံးဝမရှိဘဲ ကျူးကျော်များသာဖြစ်ကြောင်း ဂေါပကအဖွဲ့ကဆိုသည်
ကိုဗစ်နိုင်တင်းရောဂါ ပျံ့နှံ့ကူးစက်မှုမဖြစ်စေရေးအတွက် ကျိုက်ထီးရိုးဘုရားပွဲကို ပိတ်သိမ်းကာ တောင်ပေါ်နေသူများကို ဖယ်ရှားခိုင်းထားသော်လည်း ဖယ်ရှားခြင်းမရှိ၍ဟုဆိုကာ လူနေအိမ်များကို ဂေါပကအဖွဲ့မှ လျှပ်စစ်မီးများ ဖြတ်တောက်ခဲ့ကြောင်း ကျိုက်ထီးရိုးရင်ပြင်တော် အပိုင်ရာအိမ်မှူးက ယမန်နေ့ (ဧပြီ ၈) တွင် Myanmar Now သို့ပြောသည်။
ကြိုတင်အသိပေးခြင်းမရှိဘဲ လျှပ်စစ်မီးများကို ဧပြီ ၈ ရက် နံနက်ပိုင်းတွင် စတင်ဖြတ်တောက်လိုက်ခြင်းဖြစ်ပြီး ဘုရားပွဲပိတ်ပြီးနောက် ကျန်ရှိနေသည့် လူနေအိမ်အားလုံး (လူဦးရေ ၁၆၀၀ ခန့်) ကိုမီးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရာအိမ်မှူးဦးကျော်မင်းဦး ကပြောသည်။
“ဂေါပကကို မေးကြည့်တဲ့အခါ ဂေါပကက နယ်လုံဝန်ကြီးကနေပြောလို့ သူတို့လုပ်တာပေါ့။ ကျန်တဲ့အကြောင်းပြချက်ကို ဘာမှမပေးဘူး” ဟု၎င်းကဆိုသည်။
လက်ရှိဖယ်ရှားခံရသူများမှာ တောင်ပေါ်တွင် ဆယ်စုနှစ်ကြာ နေထိုင်ခဲ့သူများဖြစ်ပြီး တစ်နှစ်ပတ်လုံး နေထိုင်ကြကြောင်း၊ ဘုရားပွဲကာလတွင် ဈေးရောင်းပြီး ဘုရားပွဲပိတ်ချိန်၌ တောထဲတွင် သစ်ဥသစ်ဖုရှာဖွေကာ ဝမ်းစာရှာကြသည်ဟု ကျိုက်ထိုမြို့ဆိပ်ဖူးတောင်ပရဟိတ ဘကကျောင်းဆရာတော် ဦးဇောတိက ကမိန့်သည်။
“စောစောတုန်းက သူတို့ဒါတွေ လက်ခံထားတာ ဘယ်လိုလက်ခံထားသလဲဆိုတာ ပြန်စဉ်းစားဖို့သင့်တာပေါ့” ဟုဆရာတော်ကမိန့်သည်။
ကျိုက်ထီးရိုးဘုရားပွဲကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ၇ လတိုင်တိုင် ကျင်းပလေ့ရှိသည်။
ရာအိမ်မှူး၏ အဆိုအရ မတ် ၂၁ မှစ၍ မွန်ပြည်နယ်အစိုးရအဖွဲ့က ကျိုက်ထီးရိုးဘုရားပွဲကို ပိတ်ခဲ့ပြီး မတ် ၂၂ တွင် မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ရောက်ရှိလာပြီး တောင်ပေါ်ရှိေဒသခံအားလုံးကို ပြောင်းရွေ့ခိုင်းခဲ့ကြောင်း ၎င်းကပြောသည်။
ယခင်က ကျိုက်ထီးရိုးတောင်ပေါ်တွင် အိမ်ခြေ ၅၉၂ လုံးရှိပြီး ကိုဗစ်နိုင်တင်းကြောင့် ဘုရားပွဲပိတ်လိုက်သဖြင့် အိမ်ခြေ ၃၅၅ လုံးကျန်ခဲ့ကြောင်း၊ ကျန်ခဲ့သည့်အိမ်များမှာ တောင်ပေါ်တွင် အမြဲနေထိုင်သူများဖြစ်ပြီး အခြားနေရာသို့ ပြောင်းရွေ့ရန် မဖြစ်နိုင်ဟု ရာအိမ်မှူးကပြောသည်။
“အခုလုံးဝကျန်ခဲ့တဲ့ လူတွေကတော့ အောက်မှာအိုးအိမ်မရှိဘူး ဒီပေါ်မှာပဲနေခဲ့တာ နှစ်ပေါင်းများစွာ တော်တော်ကြာခဲ့ပြီ အခုလိုမျိုးပြဿနာ တစ်ခါမှမဖြစ်ဖူးဘူး” ဟု ၎င်းကပြောသည်။
လျှပ်စစ်မီးကို လွန်ခဲ့သည့် ၂၅ နှစ်ကတည်းက ကိုယ်ထူကိုယ်ထ သွယ်တန်းခဲ့ကြပြီး မီတာခကိုလည်း မပျက်မကွက်ပေးခဲ့သည်ဟု ဦးကျော်မင်းဦး ကဆိုသည်။
တောင်ပေါ်တွင် နေထိုင်သူများ ဖယ်ရှားခံရသည့်ကိစ္စနှင့်ပတ်သက်၍ မတ် ၂၄ က မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံသို့ အသနားခံ တင်ပြထားသည်ဟု ရာအိမ်မှူးကပြောသည်။
ကိုဗစ်နိုင်တင်းကြောင့် ကျိုက်ထီးရိုးတောင်ပိတ်လိုက်သည့်အတွက် နယ်လုံဝန်ကြီး၏ ညွှန်ကြားချက်ဖြင့် လျှပ်စစ်မီးဖြတ်တောက်ခဲ့ကြောင်း၊ တောင်ပေါ်တွင် လက်ရှိနေထိုင်သူများမှာ ကျူးကျော်များဖြစ်ပြီး တရားဝင်ခွင့်ပြုထားသည့် အိမ်လုံးဝမရှိကြောင်း၊ ဈေးဆိုင်များကိုသာ တရားဝင်ခွင့်ပြုထားကြောင်း ဂေါပကအဖွဲ့ခေါင်းဆောင် ဦးကျော်ဝင်းလှိုင်ကပြောသည်။
“လူမနေတဲ့အရပ်တွေ ဖြစ်တဲ့အတွက် တရားဝင်ဆိုင်တွေမှာ လူမရှိဘူး အဲဒါကြောင့် မီးအန္တရာယ်ကြောင့် ကျွန်တော်တို့ မီးဖြတ်ရတာ” ဟု ၎င်းကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ကို မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးရှိနေ၍ မဖြေနိုင်ဟုဆိုသည်။
ကျိုက်ထီးရိုးတောင်ပေါ်တွင် တရားဝင်ခွင့်ပြုထားသည့် လေလံပြင်ပနှင့် လေလံဈေးဆိုင် ၈၀၀ ခန့်ရှိပြီး ဆိုင်များအားလုံးပိတ်ထားကြောင်း၊ တောင်ပိတ်သည့်နေ့မှစ၍ တောင်တက်ယာဉ်များ ပြေးဆွဲခွင့်မပြုသော်လည်း ကျန်းမာရေးစစ်ဆေးပြီး ဘုရားဖူးများကို ခြေလျင်တောင်တက်လမ်းမှ တက်ခွင့်ပြုသည်ဟု ဂေါပကထံမှ သိရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








