ကိုဗစ်လက္ခဏာများဖြင့် ရန်ကုန်ဆေးရုံကြီးသို့ လာရောက်ပြသသူများကို အရေးပေါ်ဌာနတွင် သီးသန့်စောင့်ကြည့်မည်

ကိုဗစ်ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲအဖြေစောင့်ဆိုင်းနေသည့် လူနာများကို အရေးပေါ်ဌာနတွင် သီးသန့်ထား စောင့်ကြည့်ကုသသွားမည်ဟု ဌာနတာဝန်ခံ ပါမောက္ခမော်မော်ဦးက ပြောသည်။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနမဝင်ခင် လူနာများအား ဆေးစစ်သည့်နေရာကို ဧပြီ ၇ ကတွေ့ရစဉ် (ဓာတ်ပုံ- Myanmar Now)

ကိုဗစ်ရောဂါလက္ခဏာရှိသူ အယောက် ၄၀ အထိ တစ်ပြိုင်တည်း စောင့်ကြည့်ကုသပေးနိုင်မည့် နေရာတစ်ခုကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် ပြင်ဆင်နေသည်ဟု ဌာန၏ တာဝန်ခံ ပါမောက္ခမော်မော်ဦးက Myanmar Now ကို ပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်ဌာနကို ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ လသာ (၂) ကျောင်းဝင်းအတွင်း ပြောင်းရွှေ့ဖွင့်လှစ်လိုက်ပြီး ယင်းဌာန၏ မူလနေရာကို ကိုဗစ်နိုင်တင်းရောဂါ သီးသန့်စောင့်ကြည့်ရေးစင်တာ ( COVID-19 Receiving Center) အဖြစ် ဧပြီ ၆ မှ စတင်ကာ ပြင်ဆင်နေကြောင်း ပါမောက္ခမော်မော်ဦးက ပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတစ်ခုလုံးကို ကိုဗစ်နိုင်တင်းရောဂါ လက်ခံကုသရေးဌာနအဖြစ် ပြောင်းလဲခြင်း မဟုတ်ဘဲ အရေးပေါ်ဌာန၊ အရိုးနှင့်အကြော ကုသဆောင် အဆောင် (၅) နှင့် (၆) တို့ကိုသာ ကိုဗစ်နိုင်တင်းရောဂါလက္ခဏာရှိသည့် သံသယလူနာများ လက်ခံစောင့်ကြည့်နိုင်ရန် ပြင်ဆင်ပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ရန်ကုန်ဆေးရုံကြီးထဲမှာ ကိုဗစ်နဲ့ပတ်သက်ပြီး လာပြသူတွေကို လက်ခံမယ်။ လာပြတဲ့လူနာတွေထဲမှာ (ရောဂါ) ဆိုးတဲ့လူလည်းရှိမယ်။ (ရောဂါ) မဆိုးတဲ့လူလည်း ရှိမယ်။ လာပြတဲ့သူ အကုန်လုံးကို အရေးပေါ်ဌာနတစ်ခုတည်းမှာပဲ လက်ခံမယ်။ အခုပြင်ဆင်နေပြီ”ဟု ပါမောက္ခမော်မော်ဦးက ဧပြီ ၆ တွင် Myanmar Now ကို ပြောသည်။

အရေးပေါ်ဌာန၌ ကိုဗစ်နိုင်တင်းရောဂါ သံသယရှိသူများနှင့် ရောဂါလက္ခဏာပြင်းထန်သူများကို သီးခြားစီခွဲ၍ ကြီးကြပ်ကုသမည်ဖြစ်ပြီး ဓာတ်ခွဲခန်းအဖြေအရ ပိုးတွေ့အတည်ပြုလူနာများကို မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီအထူးကုဆေးရုံ၊ တောင်ဥက္ကလာပမြို့နယ်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးနှင့် လှည်းကူးမြို့နယ်ရှိ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) တို့သို့ အချိန်မရွေး ပို့ဆောင်နိုင်ရန် ပြင်ဆင်ထားသည်ဟု ပါမောက္ခမော်မော်ဦးက ပြောသည်။

“(ပိုးတွေ့ အဖြေထွက်ရင်) ရန်ကုန်ဆေးရုံကြီးမှာ ထားဖို့ အစီအစဉ်မရှိဘူး။ ရောဂါအဖြေထွက်တဲ့အထိ စောင့်ကြည့်ဖို့ထားမှာ။ Negative (ပိုးမတွေ့) အဖြေထွက်ရင် ရန်ကုန်ဆေးရုံကြီးက အဆောင် (၅) နဲ့ (၆) မှာ ထားမယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်ဌာနကို ကိုဗစ်နိုင်တင်းရောဂါလက္ခဏာရှိသူများ လက်ခံကုသရေးဌာနအဖြစ် ပြောင်းလဲရခြင်းသည် ဝေဘာဂီဆေးရုံ၌ ကုသမှု မနိုင်သောကြောင့်မဟုတ်ဘဲ ရောဂါပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်လိုသောကြောင့် ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်နိုင်တင်းရောဂါစီမံခန့်ခွဲရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ ပြင်ဆင်ရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်နိုင်တင်းရောဂါစီမံခန့်ခွဲရေးကော်မတီသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီးနှင့် အင်းစိန်ဆေးရုံကြီးတို့မှ ပါမောက္ခဆရာဝန်များဖြင့် ဖွဲ့စည်းထားသည့် ကော်မတီဖြစ်သည်။

တစ်နေ့လျှင် လူနာ ၄၀ ကို အရေးပေါ်ဌာန၌ တစ်ပြိုင်တည်း လက်ခံကုသနိုင်ရန် ပြင်ဆင်ထားပြီး စစ်ဆေးနေဆဲ လူနာများကို သီးသန့်လက်ခံ၍ ကုသပေးနိုင်ရန် ပြင်ဆင်ထားကြောင်း၊ အဆောင် (၅) နှင့် (၆) တို့တွင်လည်း လူနာ ၅၀ ကို တစ်ပြိုင်တည်း လက်ခံကုသနိုင်ရန် ပြင်ဆင်ထားသည်ဟု ပါမောက္ခမော်မော်ဦးက ပြောသည်။

အရေးပေါ်ဌာနကို ကိုဗစ်နိုင်တင်းရောဂါလက္ခဏာရှိသူများ လက်ခံကုသရေးဌာနအဖြစ် မပြောင်းလဲခင်က သံသယလူနာများကို သီးသန့်မစောင့်ကြည့်နိုင်ဘဲ ရောဂါလက္ခဏာပိုမိုပြင်းထန်သူများနှင့်အတူ ကြီးကြပ်ရသောကြောင့် သာမန်ဖျားနာသူများအတွက် ပိုမိုစိုးရိမ်ဖွယ်ရာအခြေအနေ ဖြစ်ခဲ့သဖြင့် လူနာများအတွက် အဆင်ပြေနိုင်စေရန် ယခုကဲ့သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်ဟုလည်း ရန်ကုန်ပြည်သူ့ဆေးရုံမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုဗစ်နိုင်တင်းရောဂါ လက်ခံကုသရာတွင် လိုအပ်သည့် ဆေးပစ္စည်းများ၊ ပိုးသတ်ဆေးများ၊ Patient Monitor များနှင့် အသက်ရှူစက် (Ventilator) များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ရှိပြီးပစ္စည်းများကို အသုံးပြုမည်ဖြစ်သော်လည်း လက်ရှိတွင် အရေးပေါ်ဌာနကို ပြင်ဆင်နေဆဲဖြစ်သဖြင့် ပစ္စည်းအစုံမရွှေ့နိုင်သေးကြောင်း ဦးမော်မော်ဦးက ပြောသည်။

ရန်ကုန်တိုင်း တစ်ခုလုံးအနေဖြင့် အသက်ရှူစက် အလုံး ၁၀၀ကျော် ရှိပြီး ရန်ကုန်ဆေးရုံကြီး၌ ၃၄ လုံး ရှိကြောင်း၊ ကိုဗစ်နိုင်တင်းရောဂါ လက်ခံကုသရေးဌာနတွင် ၈ လုံး ထားရှိထားကြောင်း ဦးမော်မော်ဦးက ဆိုသည်။

“အဓိကက အများကြီး မဖြစ်လာဖို့နဲ့ ထိန်းချုပ်နိုင်ဖို့က အဓိကပါ။ အခုချိန်မှာ ထိန်းချုပ်လို့ရနေပေမယ့် ကျွန်တော်တို့ စိုးရိမ်တာက မိုးတွင်းကာလအတွက် ရည်ရွယ်ပြီး ပြင်ဆင်နေတာ။ ရန်ကုန်ဆေးရုံမှာ ရှိနေတဲ့ ပစ္စည်းတွေကို လှည့်သုံးရမယ်။ လိုအပ်လာရင် တခြားဆေးရုံက ပစ္စည်းတွေကိုလည်း အသုံးပြုဖို့ စီစဉ်ထားကြပါတယ်။ ventilator တင်တိုင်းလည်း အသက်ရှင်တာ မဟုတ်ဘူး။ ကျွန်တော်တို့က ventilator တင်ရမယ့်အခြေအနေ မရောက်အောင် ကြိုးစားနေတာ”ဟု ၎င်းက ပြောသည်။

ဧပြီ ၆ အထိ ရန်ကုန်ဆေးရုံကြီး၌ ကိုဗစ်ရောဂါရှိ၊ မရှိ ဓာတ်ခွဲခန်းအဖြေစောင့်နေသူ ၂၀ ဦးခန့်ရှိပြီး ၎င်းတို့ကို ဖျားနာကူးစက်ရောဂါစောင့်ကြည့်ကုသခန်း၌ ထားရှိကုသမှုပေးနေသည်ဟုလည်း ပါမောက္ခမော်မော်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်ဆေးရုံကြီးမှ သမားတော်များ၊ မေ့ဆေးဆရာဝန်များသည် ဝေဘာဂီဆေးရုံသို့ အလှည့်ကျ သွားရောက် ကြီးကြပ်နေရသော်လည်း ရန်ကုန်ဆေးရုံကြီး၌ စောင့်ကြည့်မည့် ကိုဗစ်နိုင်တင်းရောဂါသံသယလူနာများကို ကြီးကြပ်ရန် သမားတော်များ၊ ခွဲစိတ်ဆရာဝန်များအပါအဝင် ဆေးရုံရှိ ဆရာဝန်များ အလှည့်ကျ တာဝန်ယူ ကြီးကြပ်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးတွေ့သူ ပိုများလာပါက နယ်မှ ဆရာဝန်များကိုပါ စေတနာ့ဝန်ထမ်းအဖြစ် ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading