ရန်ကုန်၊ မန်း သွေးလှူဘဏ်များ အလှူရှင်လျော့ကျသဖြင့် နည်းမျိုးစုံဖြင့်ရုန်းကန်နေရ

သွေးလှူရှင်ထက်ဝက်ကျသွားသည့်မန္တလေးက ‘ကြိုးစားဖြေရှင်း’ မည်ဟုဆိုပြီး သုံးပုံတစ်ပုံ ကျဆင်းသွားသည့် ရန်ကုန်သွေးဘဏ်ကမူ အလှူရှင် ၁၀ ဦးရှိတိုင်း ကြိုပို့အစီအစဉ်လုပ်ပေးနေသည်

ရန်ကုန်အမျိုးသားသွေးဌာနသို့ သွေးလာလှူသူများကို မတ်လအတွင်းကတွေ့ရစဉ်(ဓာတ်ပုံ- စန္ဒာဉာဏ်/Myanmar Now)

သတင်းထောက် စန္ဒာဉာဏ်ရေးသည့် 'သွေးလှူရှင်များကို အိမ်တိုင်ရာရောက် ကြိုပို့ပေးမည့် အစီအစဉ် သွေးလှူဘဏ်စတင်' သတင်းကို မန္တလေးမှရသည့်အချက်အလက်များဖြင့် ထပ်မံဖြည့်စွက် တည်းဖြတ်ထားခြင်းဖြစ်ပါသည်။

ကိုဗစ်နိုင်တင်း (COVID-19) ကြောင့် မြန်မာနိုင်ငံ၏အဓိကမြို့ကြီးနှစ်မြို့ဖြစ်သည့် ရန်ကုန်နှင့်မန္တလေးတို့ရှိ အမျိုးသားသွေးဌာန (သွေးလှူဘဏ်)များ သွေးရရှိမှု ထက်ဝက်နှင့်အောက် လျော့ကျသွားသဖြင့် နည်းလမ်းပေါင်းစုံဖြင့် အရေးပေါ်သွေးစုဆောင်းထားနိုင်အောင် ကြိုးစားနေကြသည်။

ရန်ကုန်မြို့ရှိ သွေးလှူရှင်များကို အိမ်တိုင်ရာရောက် ကြိုပို့ပေးမည့်အစီအစဉ် စတင်နေပြီဟု အမျိုသားသွေးဌာန(ရန်ကုန်)၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်က Myanmar Now ကို ဧပြီ ၃ တွင် ပြောသည်။

ရန်ကုန်သွေးလှူဘဏ်အတွက် သွေး ၅၅ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေသော အဖွဲ့လိုက်သွေးလှူဒါန်းမှုများ ရပ်ဆိုင်သွားသဖြင့် တစ်ဦးချင်း လှူဒါန်းလိုသူများ သွားလာရေး အဆင်ပြေစေရန် ယခုကဲ့သို့ စီစဉ်ပေးခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“လှူချင်တဲ့သူတွေက လာရတာခက်ခဲတယ်ဆိုရင်တော့ အခုချိန်ကတည်းက ကျွန်မတို့ကို ကမ်းလှမ်းရင် ၁၀ ယောက်ဆိုရင် သွားကြိုပေးလို့ ရတာပေါ့နော်” ဟု ဒေါက်တာသီတာအောင်ကပြောသည်။

အဆိုပါ လူ ၁၀ ဦးကို သွေးလှူဘဏ်မှ လူ ၂၀ ဆံ့သည့် ဘတ်စ်ကားဖြင့် အခမဲ့ အကြိုအပို့လုပ်ပေးမည်ဖြစ်ပြီး အနည်းဆုံး လူဆယ်ယောက် ကြိုတင်စုဆောင်းကာ ရက်ချိန်းကြိုပေးရမည်ဟု ၎င်းကပြောသည်။

ကြိုတင်ရက်ချိန်းအတွက် www.donatebloodmyanmar.org တွင်လည်းကောင်း၊ သွေးလှူဘဏ်သို့ ဖုန်းဆက်၍လည်းကောင်း မေးမြန်းနိုင်ပြီး တစ်ဦးချင်းအတွက် ဘတ်စ်ကားစောင့်ဆိုင်းရမည့်လမ်းကြောင်းကို ပြန်လည်ညှိနှိုင်းပေးမည်ဟု ဆိုသည်။

“(သွေး)ထောက်ပံ့မယ်လို့ ဆန္ဒရှိရင် ရှိတဲ့ပြဿနာအကုန်လုံးကို ကျွန်မတို့ ကြိုးစားပြီးတော့ ဖြေရှင်းပေးမယ်” ဟု ၎င်းကဆိုသည်။

သွေးလှူဘဏ်တွင် ယခင်က တစ်နေ့လျှင် သွေးလှူရှင် ၁၅၀ ခန့်ရှိရာမှ ကိုဗစ်နိုင်တင်းရောဂါကြောင့် လူစုလူဝေးကန့်သတ်လိုက်သဖြင့် အလှူရှင် ၂၀ ဦးအထိ ကျဆင်းသွားကြောင်း၊ ယင်းနောက်တစ်ဦးချင်း လှူဒါန်းသူများကို ပြန်လည်ဆက်သွယ်ရာမှ ယခုရက်ပိုင်းတွင် ၅၀ အထိ ပြန်တက်လာသည်ဟု ဒေါက်တာသီတာအောင်ကပြောသည်။

လက်ရှိ သိုလှောင်ထားသည့်သွေးများကို အရေးပေါ် သွေးသွင်းရန် လိုအပ်သူများ၊ ကင်ဆာဝေဒနာသည်များ၊ သွေးရောဂါသည်များနှင့် ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်မှုခံယူသူများအတွက် ဦးစားပေး ထောက်ပံ့နေသည်ဟု ဒေါက်တာသီတာအောင်ကဆိုသည်။

ဂုဏဝတီသွေးအလှူရှင်များအဖွဲ့မှ ရဟန်းတော် အရှင်သောပါသ က ၎င်းတို့ပရဟိတအဖွဲ့များအနေဖြင့် သွေးလှူဘဏ်တွင် မလှူဘဲ အရေးပေါ်လိုအပ်သည့် သွေးများအတွက်သာ အလှူရှင်နှင့်အလှူခံကို ချိတ်ဆက်ပေးပြီး ဆေးရုံသို့ တိုက်ရိုက်လှူဒါန်းကြောင်း၊ လိုအပ်သည့်အချိန်တွင် တစ်ဉီးချင်း ခေါ်ယူရသည်က ပိုအဆင်ပြေပြီး တစ်ရက်တည်းတွင် လူအများကြီး စုဆောင်းပေးရန်မှာ မလွယ်ကူကြောင်း မိန့်သည်။

“အခက်အခဲ တော်တော်ရှိတယ် အခု ကိုရိုနာဗိုင်းရပ်စ်ကြောင့် တော်တော်များများက လိုက်မလှူရဲဘူး ဆေးရုံဆေးခန်းတွေကို သွားရမှာကြောက်တယ် အရင်တုန်းကဆိုရင် သွေးလှူရှင်ရှာရတာ နည်းနည်းလွယ်တာပေါ့” ဟု ၎င်းကမိန့်သည်။

အထူးသဖြင့် မြောက်ဥက္ကလာဆေးရုံကြီးတွင် ကိုဗစ်နိုင်တင်းလူနာ တွေ့ရှိခဲ့ပြီးနောက် ယင်းဆေးရုံသို့ အလှူရှင် ခေါ်လာရန် လုံးဝခက်ခဲသွားသည်ဟု အရှင်သောပါသ က မိန့်သည်။

သွေးလှူရှင်များ ကိုဗစ်နိုင်တင်း မကူးစက်စေရန်အလို့ငှာ အလှူရှင်မှလွဲ၍ အမျိုးသားသွေးဌာနသို့ မည်သူ့ကိုမျှဝင်ခွင့်မပြုတော့ဘဲ သန့်ရှင်းစိတ်ချသော ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးထားကြောင်း ဒေါက်တာသီတာအောင်ကပြောသည်။

ထို့ပြင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ သလိပ်ထွက်၍ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ လွန်ခဲ့သည့်တစ်လအတွင်း နိုင်ငံခြားခရီးစဉ်မှ ပြန်ရောက်ရှိလာခြင်းနှင့် အဆိုပါ ကိစ္စများရှိသည့် မိသားစုဝင်များနှင့် အတူတကွနေထိုင်သူအားလုံးကို အချိန်တစ်လခန့် စောင့်ဆိုင်းပြီးမှ သွေးလှူဒါန်းကြရန် အမျိုးသားသွေးဌာနက သတိပေးထားသည်။

အမျိုးသားသွေးဌာန(ရန်ကုန်)သည် ရန်ကုန်ရှိ အစိုးရဆေးရုံ ၁၄ ရုံသို့ သွေးထောက်ပံ့ပေးနေပြီး ယခင်နှစ်က သွေးလှူရှင် ၁၅၀,၀၀၀ ခန့်ရရှိခဲ့ကြောင်း ယင်းဌာနမှသိရသည်။

မန္တလေး

မြန်မာနိုင်ငံတွင် ရန်ကုန်ပြီးလျှင် သွေးလှူဘဏ်ရှိသည့် တစ်ခုတည်းသောမြို့ဖြစ်သည့် မန္တလေးတွင်လည်း သွေးဌာနသို့ ယခင်က တစ်ရက်လျှင်သွေးလှူဒါန်းမှု ၁၀၀ ဝန်းကျင်ရှိခဲ့ရာမှ ယခု ထက်ဝက်ခန့် ကျဆင်းသွားသည်ဟု မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်၏ ညွှန်ကြားရေးမှူး ဒေါက်တာသန်းအောင်ထွန်းကပြောသည်။

“လူစုလူ‌ဝေးနဲ့လုပ်ရတဲ့ သွေးလှူဒါန်းပွဲတွေမရှိတော့ဘူး။ နောက်ပြီးမန္တလေးမှာဆို သကြန်မတိုင်မီ စေတနာရှင်တွေစုပေါင်းပြီး လုပ်တဲ့ပွဲရှိတယ်။ အခုလူတွေအများကြီး စုဝေးရင်ကူးစက်တဲ့ရောဂါတွေ ဖြစ်နိုင်တဲ့အတွက် မပြုလုပ်ဘူး။ တစ်ပြိုင်နက်တည်း သွေးအလုံးရေများများရဖို့တော့ အခက်အခဲရှိသွားတာပေါ့” ဟု ၎င်းကပြောသည်။

မန္တလေးသွေးလှူဘဏ်အနေဖြင့် ရန်ကုန်ကဲ့သို့ အိမ်တိုင်ရာရောက် ကြိုပို့ပေးမည့်အစီအစဉ် မရှိသော်လည်း

သင်္ကြန်ကာလ အရေးပေါ်သွေးအခြေအနေကိုဖြေရှင်းရန်အတွက် “ကြိုးစားဖြေရှင်းမည်” ဟု ဒေါက်တာ သန်းအောင်ထွန်းက ပြောသည်။

မန္တလေးမြို့ရှိ ဆေးရုံပေါင်း ၃၀ ကျော်ကို သွေးထောက်ပံ့ရန်အတွက် မြို့တွင်းမြို့ပြင် သွေးလှူရှင်များ ချိတ်ဆက်ရှာဖွေပေးနေသည့် မန္တလေးသွေးအလှူရှင်အသင်းများကွန်ရက်သည်လည်း ယခင်က ၎င်းတို့ ကွန်ရက်နှင့်ချိတ်ဆက်သွေးလှူဒါန်းသူ တစ်ရက်လျှင် ၅၀၀ ခန့်ရှိရာမှ ယခု ၂၀၀ ခန့်သို့ကျဆင်းသွားသည်ဟု ယင်းကွန်ရက်၏ ဦးဆောင်ဆရာတော် ဦးသုမနက မိန့်သည်။

“အခု ကိုဗစ်ကြောင့် တော်တော်လေးအခက်အခဲရှိလာတယ်။ ခုဆို lockdown (မြို့ကိုအဝင်အထွက် ပိတ်လိုက်ခြင်း) ချတာနဲ့ဆိုတော့ နယ်တွေကလည်း သွေးလှူရှင်တွေ မထွက်တော့ဘူး။ မြို့တွင်းကပဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ရှာဖွေ ချိတ်ဆက်ရတယ်” ဟု ၎င်းက မိန့်သည်။

မြန်မာနိုင်ငံတွင် မတ် ၂၃ မှစ၍ ကိုဗစ်နိုင်တင်းရောဂါ အတည်ပြုလူနာ စတင်တွေ့ရှိခဲ့ရာ ယနေ့အထိ အယောက် ၂၂ ယောက် ရှိပြီး ရှစ်ယောက်မှာ ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading