ပဲခူးတိုင်း ပေါက်ခေါင်းမြို့မှ မိသားစုလိုက်ကူးစက်ခံရသည့် ဖြစ်စဉ်ကို သင်္ခန်းစာယူပြီး ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု သမ္မတရုံးပြောဆိုခွင့်ရှိသူက ပြောသည်
လာမည့် သင်္ကြန်ကာလရုံးပိတ်ရက် ဧပြီ ၁၀ မှ ၁၉ အထိကာလအတွင်း ဌာနဆိုင်ရာဝန်ထမ်းအားလုံးကို ‘ခရီးသွားလာခြင်းအား ခွင့်မပြု’ ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ (ဧပြီ ၄) ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပြီဖြစ်သည်။
ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ နေပြည်တော်ရှိ ဝန်ကြီးဌာန ၅ ခုကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့ထံ တရားဝင်စာမရောက်သေးကြောင်း ပြောဆိုသည်။ ယင်းထုတ်ပြန်ချက်ကို သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ‘ဟုတ်မှန်ကြောင်း’ Myanmar Now ကို အတည်ပြုသည်။
သင်္ကြန်ရုံးပိတ်ရက်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာအရပ်မှ နေရပ်အသီးသီးသို့ပြန်ကြစဉ် ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံထားရတစ်ဦးဦးနှင့် ထိတွေ့မိရာမှ ကူးစက်ခံရနိုင်သလို ရုံးပိတ်ရက်ကုန်ဆုံး၍ တာဝန်ပြန်လည်ထမ်းဆောင်ရာတွင်လည်း ကူးစက်ခံထားရသည့် ဝန်ထမ်းများမှတစ်ဆင့် အခြားဝန်ထမ်းများသို့ ထပ်ဆင့် ကူးစက်ခံရပါက ရုံးလုပ်ငန်းများ ‘ရပ်ဆိုင်းသွားနိုင်’ သည်အထိ ဖြစ်လာနိုင်သည်ဟု သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထက်ပါအတိုင်း ထုတ်ပြန်ရခြင်းမှာ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့မှ မိသားစုလိုက် ကူးစက်ခံရသည့် ဖြစ်စဉ်ကြောင့်ဖြစ်ပြီး “ပေါက်ခေါင်း ဖြစ်စဉ်မှာ ထွေအုပ်(အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) တစ်ရုံးလုံး Shut Down (ပိတ်ပစ်တာ) လုပ်လိုက်ရပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
သမ္မတရုံး၏ အမြဲတမ်းအတွင်းဝန် ဦးခင်လတ် လက်မှတ်ရေးထိုးထားသည့် အဆိုပါ ထုတ်ပြန်ချက်တွင် ‘ပြည်ထောင်စုအဆင့်အဖွဲ့အစည်းအားလုံး၊ ပြည်ထောင်စုဝန်ကြီးဌာနများအားလုံး၊ နေပြည်တော်ကောင်စီ၊ တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့အားလုံး’ ကို လိပ်မူအကြောင်းကြားထားသည်ကို တွေ့ရသည်။
“ဝန်ထမ်းများအားလုံးကို အရေးကြီးကိစ္စများ(နာရေး)မှအပ ခရီးသွားလာခြင်းအား ခွင့်မပြုရန်နှင့် သင်္ကြန်ကာလရုံးပိတ်ရက်အတွက် ပြန်ပေးရမည့် အစားထိုးရုံးပိတ်ရက်အား ကိုဗစ်နိုင်တင်း ရောဂါပိုး ကင်းစင်သည့်အချိန်တွင် ဝန်ထမ်းအင်အား တစ်ဝက်ရုံးတက်၊ တစ်ဝက်ခွင့်ပြန်စနစ်ဖြင့် ပြန်လည်ဆောင်ရွက်ပေးသွားရန် လမ်းညွှန်မှုအရ အကြောင်းကြားပါသည်” ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ရုံးပိတ်ရက်ဖြစ်သဖြင့် စာမရောက်သေးခြင်း ဖြစ်နိုင်သော်လည်း တရားဝင်စာ ရောက်ရှိလာပါက ထုတ်ပြန်ချက်အတိုင်း လိုက်နာသွားမည်ဟု ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောသည်။


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသာထွန်းကျော်က သမ္မတရုံး၏ ယခုထုတ်ပြန်ချက်အပေါ် ကြိုဆိုလိုက်ပြီး “ခရီးသွားလာမှုကန့်သတ်ခြင်းဟာ ရောဂါပိုးကူးစက်မှုကို ရပ်တန့်အောင် ဆောင်ရွက်တဲ့ လုပ်ငန်းတစ်ခုအနေနဲ့ အရေးကြီးတဲ့လုပ်ငန်း ဖြစ်ပါတယ်” ဟု ဆိုသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက “တချို့ဝန်ထမ်းငယ်တွေတော့ လက်မှတ်တွေဘာတွေ ကြိုဖြတ်ထားတော့ နည်းနည်းလေးတော့ အခက်အခဲဖြစ်သွားနိုင်တာပေါ့။ အခုစာအရဆိုရင် အနည်းဆုံး မေလကုန်လောက်အထိတော့ သွားမယ်ထင်တယ်” ဟု ပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။














