“ကိုဗစ်အတွက် လူအင်အား၊ စက်အင်အား၊ ဆေးဝါးအလုံအလောက်ရှိတယ်”

နိုင်ငံတကာဆေးရုံများ၌ ဆေးရုံသုံးမျက်နှာဖုံးများ၊အသက်ရှုစက်များ၊ ကျန်းမာရေး၀န်ထမ်းများ မလောက်ငှမှုဖြစ်နေသော်လည်း မြန်မာနိုင်ငံတွင် လူအင်အား၊စက်အင်အား အလုံအလောက်ရှိဟု ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောဆိုသည်

မတ် ၂၈ တွင်ပြုလုပ်သည့် ကိုဗစ်နိုင်တင်းရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်အစည်းအဝေးတွင် ဆွေးနွေးနေသည့် ဒေါက်တာသာထွန်းကျော်(ဓာတ်ပုံ - MOHS)

Coronavirus ရောဂါ (Covid-19) ကုသနေသည့် နိုင်ငံအများအပြားရှိ ဆေးရုံများတွင် ဆေးရုံသုံးမျက်နှာဖုံးများ၊ အသက်ရှုစက်များ၊ ကျန်းမာရေး၀န်ထမ်းများ အကြီးအကျယ်မလောက်ငှမှုများဖြစ်ပေါ်နေပြီး လိုအပ်သည့်ပစ္စည်းများ ရရှိရေးအတွက် သက်ဆိုင်ရာအစိုးရများက ငွေကြေးသန်းပေါင်းများစွာသုံးစွဲပြီး အပြိုင်အဆိုင်ကြိုးစားနေကြရသော်လည်း မြန်မာပြည်အတိုင်းအတာဖြင့် လူအင်အား၊ စက်အင်အားနှင့် ဆေးဝါးအင်အားအလုံအလောက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်အသစ်ဖြစ်သူ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်ကပြောဆိုသည်။

ရောဂါ ပျံ့နှံ့မှုမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်မှု လုပ်ငန်းများကို ရက်ပိုင်းတွင် ပိုမိုတိုးမြှင့် လုပ်ဆောင်လာနေပြီး ဧပြီလသည် ရောဂါပိုးနှင့်ဆက်စပ်ပြီး အရေးကြီးဆုံးလဖြစ်ကြောင်း ကိုဗစ်ရောဂါပိုး ကုသရေးကာကွယ်ရေး တစ်နိုင်ငံလုံးအတိုင်းအတာကို စာဖတ်သူများ သိရှိစေရန် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသာထွန်းကျော်ကို Myanmar Now ကဆက်သွယ်မေးမြန်းထားပါသည်။

Myanmar Now-တိုင်းဒေသကြီးအချို့မှာ ဧပြီလအတွင်းကန့်သတ်မှုအသစ်တွေ ထပ်လုပ်လာတာတွေ့ရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနဘက်က ဘာတွေအကြံပြုထားတာရှိပါသလဲ။

‌ဒေါက်တာသာထွန်းကျော် ။ ။ပညာရပ်ပိုင်းဆိုင်ရာရှုထောင့်အရ ဒီကာလလေးဟာသိပ်ပြီး အရေးကြီးတဲ့ကာလဖြစ် ပါတယ်။ အနည်းဆုံးအားဖြင့် အသွားအလာကန့်သတ်ပြီး လူတွေကိုအိမ်မှာနေစေချင်တယ်။ ဒါမှလည်း ရောဂါကူး စက်မှုကိုဖြတ်တောက်လို့ရမှာ။ ကျွန်တော်တို့လိုချင်တာက ခရီးအသွားအလာကန့်သတ်မယ်။ လူတွေကို အိမ်မှာ နေခိုင်းမယ်၊ အတတ်နိုင်ဆုံး အိမ်ထဲမှာဘဲနေပြီးတော့ အပြင်လူတွေနဲ့မတွေ့ဘဲ ရောဂါကူးစက်မှုကိုဖြတ်တောက် ဖို့ရာ ဒီကာလသည် သိပ်အရေးကြီးတဲ့ကာလဖြစ်ပါတယ်။ ဒီဧပြီလရဲ့ ပထမနှစ်ပတ်ဟာ ကျွန်တော်တို့အတွက် သိပ်အရေးကြီးပါတယ်။ ခုနလိုအသွားအလာ ကန့်သတ်တဲ့ကိစ္စတွေကတော့ ကျွန်တော်တို့ကျန်းမာရေးဝန်ကြီး ဌာနဘက်ကတော့ နည်းပညာပိုင်းဆိုင်ရာအကြံဉာဏ်တွေပေးတာပေါ့။ တစ်ကယ်လုပ်ရမှာက အုပ်ချုပ်ရေး ဌာန တွေအာဏာပိုင်အဖွဲ့အစည်းတွေက ဒီကိစ္စကို အကောင်အထည်ဖော်ဖို့လုပ်ရမှာပါ။ ကျွန်တော်တို့ကတော့ ဒီကာလ မှာတစ်ကယ်လုပ်ချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံထဲမှာ ရောဂါအများကြီးမကူးစက်ခင် ရောဂါပိုးရှိနေသူတွေကို စောစောစီးစီးဖော်ထုတ်၊ ကုသမှုပြုမယ်။ တစ်ခြားသူတွေကို ကူးစက်မှုအနည်းဆုံးဖြစ်အောင် ဖြတ်တောက်မယ် ဆိုတာက ကျွန်တော်တို့နည်းပညာပိုင်းဆိုင်ရာအရ ဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါတယ်။

Myanmar Now - မြန်မာနိုင်ငံလက်ရှိရင်ဆိုင်နေရတဲ့အခြေအနေက ဘယ်လိုအနေအထားမျိုးရှိနေပါသလဲ။

‌ဒေါက်တာသာထွန်းကျော် ။ ။ အခြားသောဥရောပနိုင်ငံတွေဖြစ်သလိုမျိုး (ရောဂါပျံ့ပွားနှုန်းနှင့်သေဆုံးမှုနှုန်း မြင့်မား) မဖြစ်ဘူးလို့ ကျွန်တော်တို့ယူဆပါတယ်။ ဘာဖြစ်လို့လဲလို့မေးရင် ရာသီဥတုအနေအထားကြောင့်ပါ။ ဥရောပမှာတအားအေးနေတဲ့အချိန်ပါ။ ကျွန်တော်တို့မှာ ၄၀ဒီကရီစင်တီဂရိတ်အထက်မှာ ကျွန်တော်တို့ ပတ် ဝန်းကျင်အပူချိန်ကရှိနေပါတယ်။ ဒါသည်ရောဂါပိုး ပြင်ပမှာအသက်ရှင်နေထိုင်နိုင်ဖို့အတွက် အပူအချိန်က အခက် အခဲဖြစ်စေတဲ့အနေအထားမျိုးပါ။ ဒါကပတ်ဝန်းကျင်နဲ့ဆိုင်ပါတယ်။

နောက်တစ်ချက်က နိုင်ငံခြားကဝင်လာသူအားလုံးကို သက်ဆိုင်ရာဒေသတွေမှာ အသွားအလာကန့်သတ်စောင့် ကြည့်တွေလုပ်ထားတဲ့အတွက် ပြင်ပလူထုတွေနဲ့ထိတွေ့မှုမရှိရအောင်လုပ်ထားတဲ့အတွက် ရောဂါပိုးကူးစက်မှု ကို အနည်းဆုံးဖြစ်အောင် ကျွန်တော်တို့ဆောင်ရွက်ထားနိုင်ခြင်းဖြစ်ပါတယ်။ ဒါသည်ဒုတိယအချက်ပါ။

တတိယအချက်ကတော့ ကျွန်တော်တို့ပြည်သူလူထုရဲ့ ကျန်းမာရေးအသိပညာမြင့်မားတဲ့ အခြေအနေဖြစ်ပါတယ်။ နိုင်ငံခြားကပြန်လာတဲ့သူတွေ၊ ရန်ကုန်ကပြန်လာတဲ့သူတွေကိုတောင် နယ်မှာရှိတဲ့ရွာတွေမြို့တွေက အဝင်မခံဖို့ ကန့်ကွက်နေသူတွေရှိတာ သိကြမှာပါ။ ပြည်သူလူထုကဒီရောဂါနဲ့ပတ်သက်တဲ့အသိပညာ မြင့်မားတဲ့အခြေအနေ ကိုဖော်ပြတယ်လို့ ကျွန်တော်တို့ကမြင်ပါတယ်။ လူထုက ဒီလိုဆောင်ရွက်တာ ကောင်းမွန်တဲ့လက္ခဏာ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ကျွန်တော်တို့ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်ထားချက်တွေပေါ့။ သံသယရှိတဲ့လူနာတွေကို ဓာတ်ခွဲနမူနာယူပြီးတော့ စစ်ပေးတယ်။ ပိုးတွေ့တဲ့လူနာတွေကို ဆေးရုံမှာသီးခြားထား ပြီးကုသမှုပေးနေတယ်။ နောက်ထပ်တိုးချဲ့ပြီးတော့ ဓာတ်ခွဲစစ်ဆေးမှုတွေပြုနိုင်ဖို့ ကျွန်တော်တို့စီမံဆောင်ရွက်နေ တယ်။ ပိုးတွေ့တဲ့လူနာများလာခဲ့ရင် အဲဒီလူနာတွေကို ဆေးရုံတွေမှာတင်ပြီး ကုသမှုပြုနိုင်ဖို့အတွက် ဝန်ကြီးဌာန မှာစီမံချက်တွေရှိပါတယ်။ အဆင့် ၁ ဆိုရင် ဝေဘာဂီဆေးရုံ၊ ၂ ဆိုရင် တောင်ဥက္ကလာပကဆေးရုံ အဲဒီလို လူနာပိုး တွေ့တဲ့အနေအထားပေါ်ကြည့်ပြီး တိုးချဲ့ဆောင်ရွက်နေပါတယ်။ မန္တလေးမှာဆိုရင်လည်း ကန်တော်နဒီဆေးရုံပေါ့၊ အခြားတိုင်းနဲ့ပြည်နယ်တွေမှာ ပိုးတွေ့လူနာရှိရင် ကျွန်တော်တို့ရဲ့ ပြည်သူ့ဆေးရုံကြီးတွေမှာလက်ခံကုသနိုင် အောင်စီမံဆောင်ရွက်ထားပါတယ်။

နောက်တစ်ခါနိုင်ငံတော်အစိုးရရဲ့စီမံမှုပေါ့။ ဒုတိယသမ္မတခေါင်းဆောင်တဲ့ အဖွဲ့ဖွဲ့စည်းထားသလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ဗဟိုကော်မတီကိုလည်းဖွဲ့စည်းပြီးတော့ဝန်ကြီးဌာနတွေအားလုံးနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေတယ်။

ဒီအခြေအနေအရပ်ရပ်ကိုအားလုံးသုံးသပ်လိုက်ရင် ကျွန်တော်တို့နိုင်ငံမှာ ဥရောပနိုင်ငံတွေလိုဆိုးဆိုးရွားရွား ဖြစ်စရာအကြောင်းမရှိဘူးလို့ ကျွန်တော်တို့သုံးသပ်ရပါတယ်။

Myanmar Now - ဒီရောဂါကိုရင်ဆိုင်ရာမှာလိုအပ်တဲ့ ဥပမာ-အသက်ရှုစက်လို အထောက်အကူပြုပစ္စည်းတွေရဲ့ အနေအထားကရောဘယ်လိုရှိပါသလဲ။

‌ဒေါက်တာသာထွန်းကျော် ။ ။ကျွန်တော်တို့မှာ အဆင့်လိုက်အတွက် အစီအမံလုပ်ပြီးသားဖြစ်ပါတယ်။ အသက်ရှု စက်ကိရိယာလိုအပ်ချက်ကို ပြန်စဉ်းစားလိုက်ရင်လည်း ပိုးတွေ့တဲ့လူနာအယောက် ၁၀၀ မှာ အသက်ရှုစက် တစ်ကယ်သုံးရမယ့်သူက ၄၊၅ ယောက်ထက်မပိုဘူးဆိုတာကို ကိန်းဂဏန်းတွေအရသိရပါတယ်။ အဲဒါတွေကို တွက် ချက်ပြီးတော့ ဆေးရုံတွေမှာ အဆင်သင့်ပြင်ဆင်ထားပါတယ်။ ဆေးရုံနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားတဲ့ အတိုင်းအတာ လုံလုံလောက်လောက်ရှိတယ်ဆိုတာလေးပဲ ကျွန်တော်ပြောပြပါရစေ။

Myanmar Now-ရောဂါပိုးစိစစ်နိုင်စွမ်းအခြေအနေကရော ဘယ်လိုရှိပါသလဲ။

‌ဒေါက်တာသာထွန်းကျော် ။ ။ မနေ့ကအထိ လူနာအရေအတွက် ၁၁၀၈ ဦး စစ်ဆေးပြီးဖြစ်ပါတယ်။ အဲဒီထဲမှာ အယောက်၂၀ ပဲပိုးတွေ့တာဖြစ်ပါတယ်။ အခုတော့စစ်ဆေးတဲ့ပမာဏတွေကိုတိုးချဲ့ဖို့စီမံနေပါတယ်။ လက်ရှိ စစ်ဆေးနေတဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနအနေနဲ့ တစ်နေ့ကို အယောက် ၃၀၀ စစ်ပေးနိုင်တဲ့ စွမ်းရည် ရှိပါတယ်။ လက်ရှိမှာတော့ တစ်နေ့ကိုပျမ်းမျှ အယောက် ၈၀ လောက်ပဲစစ်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကလည်းကျွန်တော်တို့ သတ်မှတ်ထားတဲ့အချက်တွေအရ တစ်ကယ်လိုအပ်တဲ့သူတွေကိုပဲ စစ်နေတာပါ။

ဒီထက်မကလူနာတွေများလာရင် ပိုးစစ်ပေးနိုင်တဲ့ပမာဏကို တိုးချဲ့ဖို့စီမံထားပါတယ်။ မန္တလေးမှာ ဓာတ်ခွဲခန်း နောက်တစ်ခုတိုးချဲ့တာ မကြာခင်စပါမယ်။ ရန်ကုန်ဆေးသုတေသနမှာရှိတဲ့ ဓာတ်ခွဲခန်းကိုလည်း ဒီရောဂါပိုးနဲ့ ပတ်သက်ပြီး စစ်ဆေးနိုင်ဖို့ တိုးချဲ့ဆောင်ရွက်စီစဉ်ထားပါတယ်။ အဲဒီအတွက်စိတ်ပူစရာမရှိပါဘူး။ တိုးချဲ့ဆောင် ရွက်နိုင်အောင် စစ်ဆေးနိုင်အောင် စီစဉ်ထားတယ်လို့ပဲပြောပါရစေ။

Myanmar Now - လက်ရှိအခြေအနေက စစ်ဆေးနိုင်တဲ့ ပမာဏနည်းလို့ ရောဂါပိုးတွေ့ရှိသူအရေအတွက် လျော့နေတာဆိုပြီး ပြောဆိုနေကြတာတွေရှိပါတယ်။ အဲ့လိုပြောလို့ရနိုင်ပါသလား။

‌ဒေါက်တာသာထွန်းကျော် ။ ။ မဟုတ်ပါဘူးခင်ဗျ။ မဟုတ်ပါဘူး။ လူတိုင်းစစ်စရာမလိုပါဘူး။ ကျွန်တော်တို့မှာ သတ်မှတ်ထားချက်တွေရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်များနဲ့အညီ မဖြစ်မနေလိုအပ်သူတွေ ကိုစစ်ဆေးပေးနေတာဖြစ်ပါတယ်။ မြင်သမျှလူတွေ့သမျှလူကို စစ်စရာမလိုပါဘူး။

Myanmar Now - ကုသရေးပိုင်းဆိုင်ရာမှာ အတွေ့အကြုံရှိပြီးသားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာမျိုး မြန်မာ ဘက်ကသုတေသနပြုတွေ့ရှိချက်တွေအရ အထောက်အကူဖြစ်လာတာမျိုး အဲဒီလိုအခြေအနေတွေရောရှိ ပါသလား။

‌ဒေါက်တာသာထွန်းကျော် ။ ။ လက်ရှိအနေအထားမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့စီစဉ်ပြီးတော့ ဒီရောဂါကိုပူးပေါင်း ကုသတဲ့သုတေသနမှာ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ကျွန်တော်တို့မြန်မာနိုင်ငံက ဝင်ရောက်ဆောင်ရွက်နေပါ တယ်။ ဒုတိယတစ်ချက်က တရုတ်နိုင်ငံပညာရှင်အဖွဲ့တစ်ဖွဲ့လာရောက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်းရှိပါတယ်။

Myanmar Now-လောလောဆယ်မှာ အသွားအလာထိန်းချုပ်ကန့်သတ်ခံထားရတဲ့ ဆရာဝန်နဲ့ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအင်အား ဘယ်လောက်ရှိသွားပါပြီလဲ။ ကုသရေးဘက်မှာလိုအပ်တဲ့ လူအင်အားအခြေအနေကရော ဘယ်လိုရှိပါသလဲ။

‌ဒေါက်တာသာထွန်းကျော် ။ ။ ဝန်ထမ်းတွေကကျွန်တော်တို့တာဝန်ချထားတဲ့သူတွေအပြင် အကူအညီပေးမယ့် သူတွေအများကြီး စုဆောင်းရရှိထားတာရှိပါတယ်။ ဆေးပညာရှင်တွေနဲ့ပတ်သက်လို့ အခက်အခဲမရှိဘူးလို့ပဲ ပြော လိုပါတယ်။ စက်ပစ္စည်းပိုင်းရော၊ ဆေးဝါးပိုင်းရော၊ ပညာရှင်ပိုင်း‌ရော လုံလုံလောက်လောက်ရှိပါတယ်လို့ ကျွန်တော်တို့ပြောလိုပါတယ်။

အသွားအလာထိန်းချုပ် ကန့်သတ်မှုလုပ်ထားရတဲ့ ကျန်းမာရေးဝန်ထမ်းအရေအတွက်ကတော့ တစ်နိုင်ငံလုံး အနှံ့ အယောက် ၇၀ ရှိပါတယ်။ ပိုးတွေ့တဲ့လူနာတွေနဲ့ ထိတွေ့ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေဖြစ်ပါတယ်။

Myanmar Now - ပြည်တွင်းနေအချင်းချင်း ကူးစက်မှုအခြေအနေကရော စိုးရိမ်စရာဖြစ်နေပြီလား။

‌ဒေါက်တာသာထွန်းကျော် ။ ။ အခုလောလောဆယ်တော့ နှစ်ယောက်သုံးယောက်လောက်ပဲ ပြည်တွင်းနေ အချင်း ချင်းကူးတာလို့ပြောလို့ရတာပေါ့။ ဒီထက်တိုးချဲ့ပြီး မတွေ့ရသေးပါဘူး။

Myanmar Now - ပြည်သူတွေကိုပေးချင်တဲ့သတင်းစကားရှိရင်ပြောပေးပါ။

‌ဒေါက်တာသာထွန်းကျော် ။ ။ ပြည်သူတွေတစ်ကယ်လိုက်နာရမယ့်လုပ်ငန်းက မိမိတို့အိမ်မှာနေဖို့ပဲဖြစ်ပါတယ်။ အတတ်နိုင်ဆုံးအိမ်အပြင်ထွက်ပြီး ခရီးသွားလာခြင်းကိုရှောင်ရှားဖို့ဖြစ်ပါတယ်။ အပြင်လူတွေနဲ့မတွေ့ပါနဲ့၊ အဲဒီ လိုလုပ်ချင်းသည် ရောဂါပိုးကူးစက်မှုကို ကာကွယ်တားဆီးရာရောက်ပါတယ်။ လူထုကိုအဓိကဒါလေးတိုက်တွန်း ချင်ပါတယ်။

Myanmar Now - နှာခေါင်းစည်းတပ်ဖို့လိုမလို၊ တစ်ဦးနဲ့တစ်ဦးရှိသင့်တဲ့အကွာအဝေးက သုံးပေလား၊ ခြောက်ပေ လားစသဖြင့် ကွဲပြားစွာပြောဆိုနေတာတွေရှိပါတယ်။ ကျန်းမာရေးဘက်က ဘယ်လိုများအကြံပြုချင်လဲ။

‌ဒေါက်တာသာထွန်းကျော် ။ ။ လက်ရှိအနေအထားအရ နှာခေါင်းစည်းတပ်ဖို့လိုတယ်လို့ပဲ ပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်နိုင်ငံရဲ့အတွေ့အကြုံအရ ရောဂါဖြစ်တာ၊ အသေအပျောက်များတာဟာ လေကနေတစ်ဆင့် ကူးစက်တယ်ဆိုတဲ့ ကိစ္စကိုပြောနေတဲ့အခြေအနေရှိပါတယ်။ ရောဂါပိုးသည် အသစ် ဖြစ်တဲ့အတွက် အတိအကျဘာလဲဆိုတာတော့ ကျွန်တော်တို့ ပြောလို့မရသေးပါဘူး။ သို့သော်လည်း နှာခေါင်း စည်းတပ်ခြင်းသည် ရောဂါပိုးရှိသူကလည်း အပြင်ကိုရောဂါပိုးမထွက်ရအောင် ကာကွယ်နိုင်သလို၊ ရောဂါပိုးမရှိသူက လည်းသူ့ဆီရောဂါပိုးမဝင်နိုင်အောင် ကာကွယ်နိုင်ပါတယ်။ ဒါကြောင့်နှာခေါင်းစည်း တပ်ခြင်းဟာ လက်ရှိ အနေ အထားတွေအရ လုပ်ဖို့သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။

တစ်ဦးနဲ့တစ်ဦးရှိသင့်တဲ့အကွာအဝေးကတော့ အနည်းဆုံးသုံးပေမှခြောက်ပေပါ။ အဲဒီလောက်ခြားသင့်တယ်ဆို တာကို ကျွန်တော်တို့အဓိကထားလုပ်ချင်တာက ခရီးသွားလာမှု ကန့်သတ်ခြင်းပဲဖြစ်ပါတယ်။

Myanmar Now - ဒါဆိုရင်မန္တလေးတိုင်းအစိုးရအဖွဲ့က နောက်ဆုံးထပ်လုပ်လိုက်တဲ့ ခရီးသွားလာရေး လုပ်ငန်းတွေ ပိတ်ပင်တာမျိုး၊ ဟိုတယ်၊တည်းခိုခန်းတွေမဖွင့်ခိုင်းတာမျိုး တစ်နိုင်ငံလုံးမှာရှိလာဖို့ ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားပါသလား။

‌ဒေါက်တာသာထွန်းကျော် ။ ။ ဒီလုပ်ငန်းကတစ်ကယ်ကိုလုပ်ရမယ့် လုပ်ငန်းဖြစ်တယ်လို့ ပြောပါရစေ။

++++

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading