“ဝန်ထမ်းတွေလစာပေးဖို့နဲ့ ကုမ္ပဏီလည်ပတ်ဖို့ လုပ်ငန်းဆက်လုပ်လို့ရအောင် ကျွန်တော်တို့က ဖြည့်စွက်ပေးတာပါ” ဦးအောင်နိုင်ဦး

အင်တာဗျူး | ကိုဗစ်နိုင်တင်းကြောင့် စီးပွားရေး လုပ်ငန်းများ ထိခိုက်မှုများစွာဖြစ်နေပြီး စက်ရုံများပိတ်ခြင်း၊ လုပ်သားအင်အား လျှော့ချခြင်းတို့ကြောင့် အလုပ်လက်မဲ့များလည်း ပိုမိုများပြားလာနေသည်။ ယင်းအခြေအနေကို ကုစားနိုင်ရန် မြန်မာအစိုးရက ကနဦးကျပ်ဘီလျံ ၁၀၀ (သန်းတစ်သိန်း) အသုံးပြု၍ စတင်လုပ်ဆောင်နေပြီဖြစ်သည်

Published on Apr 3, 2020
ဓာတ်ပုံ - ဦးအောင်နိုင်ဦး Facebook
ဓာတ်ပုံ - ဦးအောင်နိုင်ဦး Facebook

ကိုဗစ်နိုင်တင်း (Coronavirus Disease 2019) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန် ကနဦးမတည်ငွေ ကျပ်ဘီလျံ ၁၀၀ (နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေမှ ကျပ် ၅၀ ဘီလျံနှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလျံ) ဖြင့်ကြိုးပမ်းမည်ဟု မတ် ၁၈ ရက်တွင် အစိုးရက ကြေညာလိုက်သည်။

အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ချေးငွေကာလ ၁ နှစ်သတ်မှတ်ထားသည့် ယင်းချေးငွေနှင့်ပတ်သက်၍ စီမံရန် ‘COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ’ကို ဖွဲ့စည်းလိုက်ပြီး မတ် ၃၀ မှ ဧပြီ ၉ အတွင်းချေးငွေများ လျှောက်ထားကြရန်လည်း ကြေညာထားသည်။

ကိုဗစ်နိုင်တင်းကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံး ခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP (ကုန်ကြမ်းယူ၊ကုန်ချောပို့၊ ဥပမာ - အထည်ချုပ်) လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေး ကုစားရမည့် ကဏ္ဍအဖြစ် သတ်မှတ်ထားသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်သည့် လတ်တလော အခြေအနေများကို သိရှိနိုင်ရန် ယင်းကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကို Myanmar Now ကဆက်သွယ်မေးမြန်းထားပါသည်။

ဉာဏ်လှိုင်လင်း/Myanmar Now

Myanmar Now - မူဝါဒ၊ သုံးစွဲမယ့်ငွေကြေးပမာဏနဲ့ ဦးတည်ထားတဲ့လုပ်ငန်းကဏ္ဍတွေ အကြောင်းအရင်ဆုံးရှင်း ပြပေးပါ။

ဦးအောင်နိုင်ဦး။ ။ ကနဦးကတော့ ကြေညာထားသလို ကျပ်ဘီလျံ ၁၀၀ နိုင်ငံတော်ကလျာထားတယ်။ ကြေညာ ချက်မှာပါသလိုပဲ။ မြန်မာနိုင်ငံသားပိုင် CMP တွေရယ်၊ ဟိုတယ် နှင့်ခရီးသွားလုပ်ငန်းရယ်၊ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ(SMEs)ပေါ့၊ အဲဒီကဏ္ဍကြီးသုံးခုမှာရှိတဲ့ ထိခိုက်မှုရှိနေတဲ့လုပ်ငန်းတွေအတွက် ငွေချေးဖို့လျှောက်လွှာတွေ ကျွန်တော်တို့လက်ခံနေပါတယ်။

Myanmar Now- လျှောက်ထားမှုအခြေအနေကရော ဘယ်လိုရှိပါသလဲ။ ဘယ်လိုရွေးချယ်မလဲ။

ဦးအောင်နိုင်ဦး။ ။ မနေ့ကလည်း ၅၀ လောက်နီးနီးရတယ်။ ဒီနေ့(ဧပြီ၂)လည်း ၁၀၂ စောင်လောက်ရတယ်။ အဲဒီ တော့လျှောက်လွှာစလက်ခံနေပြီ။ လျှောက်လွှာတွေကိုစပြီးစိစစ်တဲ့ လုပ်ငန်းလုပ်နေပြီ။ ပထမအဆင့်ကတော့ ပဏာမပေါ့၊ တင်လာတဲ့လျှောက်လွှာတွေကသတ်မှတ်ကာလထဲမှာ အကျုံးဝင်မဝင်၊ တကယ်ကိုထိခိုက်တဲ့ လုပ်ငန်းတွေဟုတ်မဟုတ်၊ သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေနဲ့ကိုက်မကိုက် အဲဒါကိုပဏာမစစ်တဲ့အဖွဲ့က စစ်မယ်။ အဲဒီကနေစိစစ်အတည်ပြု၊ရွေးချယ်လိုက်တဲ့ လျှောက်လွှာတွေကို အသေးစိတ်စစ်တဲ့အဖွဲ့တစ်ဖွဲ့ရှိမယ်။ အသေးစိတ်စစ်တာကတော့ မြန်မာနိုင်ငံလက်မှတ်ရစာရင်းကိုင်များအသင်းက အဓိကဦးဆောင်ပြီးစစ်ပေးမယ်။ သူတို့ဆီကလုပ်အားပေးတွေနဲ့ပေါ့။

ပဏာမအဖွဲ့ကတော့ ဘယ်လောက်ငွေကြေးပေးမယ်ဆိုတဲ့ဟာကို အဓိက မထားဘူး။ သူတို့ကဒီဟာကို ခွင့်ပြုသင့်တယ်၊ ခွင့်မပြုသင့်ဘူးစစ်ပေးတာပေါ့။ အဲဒါကိုမှ အသေးစိတ်စစ်တဲ့အဖွဲ့က သူ့ရဲ့လုပ်ငန်းတင်ပြ လာတဲ့စာရွက်စာတမ်း၊ အချက်အလက်တွေပေါ်မူတည်ပြီး ဘယ်လုပ်ငန်းကို ဘယ်လောက်ခွင့်ပြုသင့်တယ် ဆိုတာ ကိုသူတို့က ထောက်ခံပြီးတင်ပြမှာပေါ့။ အဲဒီလိုထောက်ခံတင်ပြတာကို ကျွန်တော်တို့လုပ်ငန်းကော်မတီက အတည်ပြုလိုက်လို့ရှိရင် ဒါကိုချေးငွေစထုတ်ပေးမှာပေါ့။ အဲဒီလိုလုပ်ပါမယ်။

Myanmar Now- လတ်တလောမှာ ဘယ်လုပ်ငန်းတွေက အများဆုံးလျှောက်ထားကြပါသလဲ။

ဦးအောင်နိုင်ဦး။ ။ လောလောဆယ်ကတော့ CMP တင်တာများပါတယ်။ အများဆုံးကတော့SMEs (အသေးစား၊ အလတ်စားလုပ်ငန်းများ)ဗျ။ သူကတော့ ကဏ္ဍပေါင်းစုံတင်တယ်။ လုပ်ငန်းအနေနဲ့သီးသန့်ကြည့်ရင်တော့ CMP ကဒုတိယလိုက်တာပေါ့နော်။

Myanmar Now- လုပ်ငန်းတစ်ခုအတွက် ချေးငွေပမာဏကို ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ခွဲဝေဖို့ရှိပါသလဲ။

ဦးအောင်နိုင်ဦး။ ။ မရှိဘူးဗျ။ ချေးငွေကိုဘယ်လောက်ထိပေးမယ်ဆိုတာ သတ်မှတ်ထားတာမရှိဘူးဗျ။ တင်ပြလာ တဲ့အပေါ်မှာ ပမာဏစစ်တဲ့အဖွဲ့က စစ်ဆေးတွေ့ရှိချက်ရယ်၊ အသေးစိတ်စစ်တဲ့အဖွဲ့ကလုပ်ငန်းအနေအထား လည်ပတ်ငွေ၊ လိုအပ်ငွေကိုတွက်ချက်ပြီးတော့မှ ကျွန်တော်တို့က ခွင့်ပြုသင့်တဲ့အတိုင်းအတာကို ပေးသွားမှာပေါ့။ ပမာဏအမြင့်ဆုံး သတ်မှတ်ချက်မရှိပါဘူး။

Myanmar Now- ချေးငွေပေးမယ့်ကိစ္စမှာ အခုပေါ်ပေါက်နေတဲ့ အလုပ်ရှင် အလုပ်သမားပြဿနာတွေအတွက်ကို ရော ထည့်သွင်းစဉ်းစားမှာလား။ စီးပွားရေးသမားတွေအတွက်ပဲလား။

ဦးအောင်နိုင်ဦး။ ။ ကျွန်တော်တို့ချေးမှာကတော့ စီးပွားရေးလုပ်ငန်းတွေကိုပဲချေးမှာပါ။ ပုဂ္ဂိုလ်ကိုချေးတာမဟုတ် ဘူး၊ လုပ်ငန်းကိုချေးတာပေါ့နော်။ အဲဒီလုပ်ငန်းမှာ ဒီချေးငွေကို အဓိကသုံးရမယ့်နေရာနှစ်ခုပဲရှိတယ်။ နံပါတ်တစ် ကတော့ အလုပ်သမားတွေကိုလစာပေးဖို့၊ နံပါတ်နှစ်ကတော့သူ့ရဲ့လုပ်ငန်းလည်ပတ်ဖို့အတွက် လိုအပ်တဲ့စရိတ် တွေသုံးနိုင်အောင်ပေါ့။ အဲဒီတော့ကျွန်တော်တို့အဓိကပေးတာသည် ဝန်ထမ်းတွေလစာပေးဖို့နဲ့ ကုမ္ပဏီလည်ပတ် ဖို့ လုပ်ငန်းဆက်လုပ်လို့ရအောင် ကျွန်တော်တို့က ဖြည့်စွက်ပေးတာပေါ့။ အဲဒီနှစ်ခုပဲသုံးရမှာ။

Myanmar Now- ချေးငွေချပေးပြီးရင် လုပ်ငန်းအကောင်အထည်ဖော်မှုကိုရော စိစစ်ဖို့ စီစဉ်ထားတာရှိလား။ ဘယ်လိုစဉ်းစားထားလဲ။

ဦးအောင်နိုင်ဦး။ ။ မရှိပါဘူး။ လတ်တလောတော့ ချေးငွေထုတ်ပေးပြီးရင် ဒီငွေကဆပ်ကိုဆပ်ရမှာ။ ပြီးတော့ ချေးမယ့်ကာလကလည်း တစ်နှစ်ပဲရှိတယ်။ အတိုးကလည်း ၁ ရာခိုင်နှုန်းပဲ။ ဒီဟာနဲ့ပတ်သက်ပြီး အာမခံယူတာ တွေ ဘာမှမလုပ်ဘူး။ လုပ်ငန်း ရှင်တွေမြန်မြန်ထက်ထက်နဲ့ရအောင်၊ လွယ်လွယ်ကူကူရအောင်ပေါ့။ အဓိကက တော့ သူတို့ကတိခံဝန်ချက် ပေးရမယ်။ အဲဒီကတိခံဝန်ချက်အတိုင်းပဲ နိုင်ငံတော်ကိုသတ်မှတ်ကာလပြည့် တဲ့အခါပြန်ဆပ်ရမယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ချေးငွေအပေါ်မှာ လိုက်စစ်တာတို့ဘာတို့လုပ်ဖို့ လတ်တလောတော့ စဉ်းစားထားတာမရှိ သေးဘူး။ လုပ်ငန်းတွေလည်း တော်တော်ရပ်နေကြတာ၊ အခက်အခဲပေါ်နေတာတွေ အဆင်ပြေသွားအောင် နိုင်ငံတော်ဘက်က စဉ်းစားပြီးဝင်ကူပေးတာ၊ အဲဒီသဘောပါပဲ။

Myanmar Now- အခုလျာထားငွေ ကျပ်ဘီလျံ ၁၀၀ နဲ့လောက်မယ်လို့ထင်လား။ မလောက်ရင်ရောဘယ်လို လုပ်ဖို့ရှိပါသလဲ။

ဦးအောင်နိုင်ဦး။ ။ စကြေညာတာကိုက ကနဦးအဖြစ် ကျပ်ဘီလျံ ၁၀၀ မတည်တယ်လို့ ဖော်ပြထားပါတယ်။ အကယ်၍ ဒီဟာနဲ့လောက်ရင်လည်းလောက်မယ်၊ မလောက်ဘူးဆိုရင်လည်း ဖြစ်လာနိုင်သမျှကို စဉ်းစားပြီး လုပ်ပေးသွားမှာပေါ့။

Myanmar Now- အခုတင်လာတဲ့လုပ်ငန်းတွေမှာ ချေးငွေပမာဏအများဆုံးနဲ့အနည်းဆုံးက ဘယ်လောက်ရှိပါသလဲ၊

ဦးအောင်နိုင်ဦး။ ။ အဲဒါကရန်ကုန်ကစစ်နေတာဗျ။ ကျွန်တော်ကနေပြည်တော်ဆိုတော့ ပမာဏစစ်တဲ့အဖွဲ့ဆီက အစီရင်ခံစာမရသေးဘူးဗျ။ ပမာဏစစ်တဲ့အဖွဲ့ကလည်း ချေးငွေအနည်းဆုံး၊ အများဆုံးဆိုတာထက်ကို ဒီလုပ်ငန်း ကိုပေးသင့်မပေးသင့် အဓိကကြည့်ကြတာပေါ့။ လတ်တလောတော့ ပြောလို့မရသေးဘူးပေါ့။

Myanmar Now- ဒီချေးငွေက အသေးစားအလတ်စား လုပ်ငန်းတွေအထိပါတယ်ဆိုတော့ အချို့သောလုပ်ငန်းတွေက ဒီထဲမှာမပါဘူး။ (ဥပမာ - အရောင်းဆိုင်လေးတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ တစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းလေးတွေ စသဖြင့်) အခုအချိန်မှာတစ်ချို့ဆို ဆိုင်တွေပိတ်ထားရတယ်။ ဖွင့်နေတဲ့သူတွေကလည်း အရင်ထက်တစ်ဝက်လောက်ပဲ ဝင်ငွေရှိတယ်ပေါ့။ နေ့ပြန်တိုးတွေနဲ့လည်း ဒုက္ခရောက်နေကြတယ်လို့လည်း ပြောကြပါတယ်။ အဲဒီလိုလုပ်ငန်းငယ်လေးတွေအတွက်ရော ကော်မတီက စီမံနေတာမျိုးများရှိပါသလား။

ဦးအောင်နိုင်ဦး။ ။ အဲဒါတော့မရှိသေးဘူး။ မရှိသေးဘူးဆိုတာက လတ်တလောကြည့်တာကတော့ ခုနပြောတဲ့ ကဏ္ဍသုံးခုကတော့ အဓိကကိုကြီးကြီးမားမား ထိနေတယ်ပေါ့နော်။ ဥပမာ အထည်ချုပ်စက်ရုံတစ်ရုံပိတ်လိုက်ရင် လူတစ်ထောင်လောက် အလုပ် အကိုင်အခွင့်အလမ်းဆုံးရှုံးသွားနိုင်တာကိုး။ အဲဒီတော့ကျွန်တော်တို့က နိုင်ငံတော်က ကနဦးပေးနိုင်တဲ့ ခွင့်ပြုထား တဲ့ငွေပေါ်မှာ တကယ့်ကို Input ပေးလိုက်ရင် Output ထွက်နိုင်တဲ့ ထိထိရောက်ရောက် ဖြစ်မယ့်ဟာမျိုးတွေကို ဦးစားပေးပြီးတော့ တကယ်လည်းထိခိုက်နေတယ်၊ တကယ်ထိခိုက်နေတဲ့အတွက် တကယ်လည်း ငွေလိုနေတယ်။ လိုအပ်တဲ့ငွေကိုဖြည့်ပေးလိုက်ရင် လုပ်ငန်းကိုဆက်ပြီး မယိမ်းမယိုင်ဖြစ်အောင် ထိန်းသွားနိုင်မယ်။ ဒါမျိုးတွေကို ဦးစားပေးပြီးပေးတာပေါ့နော်။ ကျွန်တော်တို့က သိပ်အောက်ခြေအထိဆင်းပြီး လုပ်ပေးနိုင်မယ့် အဆင့်တော့လောလောဆယ် မရောက်သေးဘူး၊ တဖြည်းဖြည်းနဲ့တစ်ဆင့်ပြီး တစ်ဆင့်သွားရမယ့်အနေအထားမျိုးရှိပါတယ်။ လတ်တလောတော့ ထိခိုက်မှုကြီးကြီး မားမားဖြစ်နေတာတွေကို ဦးစားပေးပြီး ကျွန်တော်တို့လုပ်ပေးနေပါတယ်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading