ရောဂါကိုဖိတ်ခေါ်နေသည့် ဆေးရုံထွက် အန္တရာယ်ရှိအမှိုက်များ

ပလတ်စတစ်ဆေးထိုးပြွတ်၊ ဆေးသွင်းပိုက်များကို မီးရှို့ဖျက်ဆီးမပစ်ဘဲ လူနေရပ်ကွက်အတွင်း ပြန်လည်သန့်စင် ဆေးကြောခြင်းသည် စည်ပင်ဥပဒေနှင့်မညီသလို ရောဂါပေါင်းစုံကူးစက်နိုင်ခြေလည်းရှိသည်

Published on Apr 2, 2020
ရွှေပြည်သာမြို့နယ်တွင် ဆေးရုံထွက်အမှိုက်များ သန့်စင်သည့်လုပ်ငန်း လုပ်ကိုင်သည့် ဒေါ်ချိုချိုအောင်၏ နေအိမ်ခြံဝင်းအတွင်း စုပုံထားသည့် စွန့်ပစ်ပစ္စည်းပုံများအနက် ဆေးရုံထွက်ပစ္စည်းများလည်း ပါဝင်သည်ကို ဇန်နဝါရီ ၁၀ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)
ရွှေပြည်သာမြို့နယ်တွင် ဆေးရုံထွက်အမှိုက်များ သန့်စင်သည့်လုပ်ငန်း လုပ်ကိုင်သည့် ဒေါ်ချိုချိုအောင်၏ နေအိမ်ခြံဝင်းအတွင်း စုပုံထားသည့် စွန့်ပစ်ပစ္စည်းပုံများအနက် ဆေးရုံထွက်ပစ္စည်းများလည်း ပါဝင်သည်ကို ဇန်နဝါရီ ၁၀ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

မြောက်ဥက္ကလာမြို့နယ်၊ ဘုမ္မာလမ်း (၂၀) အတွင်းသို့ဝင်သွားလျှင် ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများဖြစ်သည့် ပလတ်စတစ်ဆေးထိုးပြွတ်များ၊ ဆေးသွင်းပိုက်များကို အပုံလိုက်တွေ့ရမည်ဖြစ်သည်။ အချို့သော အိမ်ဝင်းများထဲမှာတော့ ထိုအပုံများထဲမှ အကောင်းဆုံးများကိုရွေးကာ ခြင်းများထဲသို့ ထည့်နေသော လူများကိုလည်း တွေ့ရမည်ဖြစ်သည်။

ထိုလူများသည် စွန့်ပစ်ပစ္စည်းသန့်စင်ဆေးကြောရေး တစ်ပိုင်တစ်နိုင် လုပ်ငန်းလုပ်ကြသူမျာ ဖြစ်သည်။ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာ၊ ရွှေပြည်သာ စသည့်မြို့နယ်များရှိ ရပ်ကွက်အချို့တွင် ထိုလုပ်ငန်းလုပ်ကိုင်သူ အများအပြားရှိသည်။ ၎င်းတို့သည် စွန့်ပစ်ပစ္စည်းများကို ပြန်လည်သန့်စင်ပြီး ကော်အရည်အသွေးကောင်းများကို ရွေးထုတ်ကာ ကော်စေ့ကျိုသည့် လုပ်ငန်းရှင်များထံ ပြန်လည်ရောင်းချကြသည်။ ပြုလုပ်ရရှိသည့် ကော်စေ့နှင့် ကော်ဖတ်များကို လူသုံးကုန် ပလပ်စတစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် ပြန်လည်အသုံးပြုသည်ဟု Myanmar Now က လေ့လာတွေ့ရှိထားသည်။

၎င်းတို့ ဝယ်ယူကိုင်တွယ်နေကြသည့် စွန့်ပစ်ပစ္စည်းများထဲပါ ဆေးသွင်းပိုက်၊ ဆေးထိုးပြွတ်စသည့် ဆေးရုံသုံး စွန့်ပစ်ပစ္စည်းများသည် ယခုလို ရပ်ကွက်များထဲသို့ ရောက်ရှိနေရမည်မဟုတ်ပါ။ အဆိုပါပစ္စည်းများတွင် လူနာ၏ သွေးနှင့် ခန္ဓာကိုယ်မှထွက်သော အရည်များ ပေကျံနေနိုင်သည့်အတွက် အကာအကွယ်မပါဘဲ ကိုင်တွယ်မိပါက ရောဂါပိုးမွှားများ ကူးစက်နိုင်သည့် အန္တရာယ်ရှိသည်ဟု ကျွမ်းကျင်သူများကဆိုသည်။

ထို့ကြောင့်လည်း စည်ပင်သာယာဥပဒေအရ အဆိုပါ “အန္တရာယ်ရှိသည့်အမှိုက်” များကို သီးသန့်အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်းပြီး မြို့ပြင်ရှိသတ်မှတ်ထားသည့်နေရာတွင် မီးရှို့ဖျက်ဆီးပစ်ရန် ပြဋ္ဌာန်းထားသည်။ သို့သော် အဆိုပါ အန္တရာယ်ရှိ ဆေးရုံထွက်အမှိုက်များအနက် အချို့သည် ဥပဒေနှင့်ဆန့်ကျင်လျက် ဖျက်ဆီးရမည့်နေရာသို့ မရောက်ဘဲ ပစ္စည်းအဟောင်းပြန်ဝယ်သည့် ဒိုင်များထံ ရောက်ရှိနေသည်။

သာမန်အချိန်မျိုးမှာပင်လျှင် အဆိုပါပစ္စည်းများသည် အသည်းရောင်အသားဝါ၊ HIV၊ ဝမ်းပျက်ဝမ်းလျှော၊ အရေပြားနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ပိုးမွှားများ သယ်ဆောင်သည့် ပစ္စည်းများဖြစ်သည်။ ယခုလို ကိုဗစ်နိုင်တင်း (COVID-19) ကမ္ဘာ့ကပ်ရောဂါ မြန်မာနိုင်ငံအထိ ပျံ့နှံ့နေသည့် အချိန်မျိုးတွင် အဆိုပါပစ္စည်းများ၏ ကိုရိုနာဗိုင်းရပ်သယ်ဆောင်နိုင်ခြေကိုလည်း ထည့်တွက်စဉ်းစားစရာ ဖြစ်လာသည်။

“ဒီအမှိုက်တွေက တခြားအမှိုက်နဲ့မတူဘူး။ ပိုးသတ်ဆေးနံ့ တအားပြင်းတယ်။ ကြာကြာရှူမိရင် ခေါင်းမူးလာတာ” ဟု ရွှေပြည်သာမြို့နယ်၊ ရန်ကြီးအောင်လမ်းနေ ဒေါ်ချိုချိုအောင်က အမှိုက်အိတ်ပုံ တစ်ပုံပေါ် ထိုင်ရင်း ပြောပြသည်။ ၎င်း၏ ခြံဝင်းအတွင်း လူသွားလမ်း တစ်နေရာစာမှအပ အောက်ဆီဂျင်ပေးသည့် နှာခေါင်းပိုက်၊ ဆီးအိတ်အခွံ၊ သွေးအိတ်အခွံ၊ ဆေးထိုးပြွတ်တို့ထည့်ထားသည့် အိတ်များက တောင်ပုံရာပုံ။

ဒေါ်ချိုချိုအောင်တို့ လုပ်ငန်းသဘောအရ စော်ဘွားကြီးကုန်းရှိ ဒိုင်ထံမှဝယ်လာသည့် ဆေးရုံသုံး ပစ္စည်းဟောင်းများကို ကော်စေ့ကျိုသူထံ ပြန်မသွင်းမီ ဆေးကြောသန့်စင်ရသည်။ ပထမအဆင့်အနေဖြင့် ပိုက်ခေါင်းများ၊ ကော်အမာများကို ပထမဆုံး ဖြုတ်သည်။ သွေးရှိနေသေးသည့် ပိုက်များကိုတော့ အမြင့်တစ်နေရာတွင်ချိတ်ကာ ဆေးသွင်းပိုက် ဘီးလုံးကို လျှော့ပေးပြီး ပိုက်အတွင်းမှ သွေးလက်ကျန်များ အကုန်အပြင်ထုတ်ရသည်။

ထို့နောက် ပိုက်များကို ကျောက်ရေစည်ထဲတွင် အစွန်းချွတ်ဆေး သို့မဟုတ် အက်ဆစ်အပျော့စား ထည့်ဖျော်ထားသည့် ရေဖြင့် တစ်ခေါက် ဆေးကြောသည်။ ထို့နောက် ဆပ်ပြာမှုန့်ဖြင့် ထပ်မံဆေးကြောကာ စွန့်ပစ်ရေများကို ခြံဝင်းထဲသို့ သွန်ချလိုက်သည်ဟု ဒေါ်ချိုချိုအောင်က ရှင်းပြသည်။

ဆေးကြောသန့်စင်ပြီးသည့်ပိုက်များကို ရေစစ်ပြီးနောက် နေပူလှန်း၊ အခြောက်ခံကာ ဓားချွန်ချွန်ဖြင့် ပိုက်များကို ထက်ခြမ်းခွဲရသည်။ ထို့နောက် ထက်ခြမ်းခွဲထားသည့် ပိုက်များကို ကော်စေ့ကျိုမည့် လုပ်ငန်းရှင်ထံ ပြန်လည်ရောင်းချသည်ဟု ၎င်းက ပြောသည်။

အန္တရာယ်ကိုမမှုအားသူများ

တစ်ရက်လျှင် တန် ၂,၅၀၀ ထွက်သည့် ရန်ကုန်တစ်မြို့လုံး၏ အမှိုက်များအနက် သုံးတန်ခန့်မှာ ဆေးရုံ၊ ဆေးခန်းထွက် အမှိုက်များဖြစ်သည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။ အန္တရာယ်ရှိသည့် အမှိုက်များကိုတော့ မြို့တော်စည်ပင်ဝန်ထမ်းများက သီးသန့်အမှိုက်သိမ်းယာဉ်များဖြင့် သိမ်းဆည်းကာ ထိန်ပင်သုသာန်တွင် မီးရှို့ဖျက်ဆီးသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

“အန္တရာယ်ရှိသည့် အမှိုက်” များတွင် ရောဂါပိုးကူးစက်မှုအန္တရာယ် ရှိစေနိုင်သည့် ချွန်ထက်ပစ္စည်းများ (အပ်နှင့် ခွဲစိတ်ခန်းသုံးဓားများ) ၊ လူနာများ၏ ခန္ဓာကိုယ်နှင့် ထိတွေ့ထားသည့် ဆေးသွင်းပိုက်၊ နှာခေါင်းပိုက်၊ ဆီးချူပိုက်စသည့်ပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံး ဓာတုပစ္စည်းများ၊ သက်တမ်းကုန်ဆေးဝါးများ ပါဝင်သည်။

အဆိုပါ အန္တရာယ်ရှိအမှိုက်များသည် ထိန်ပင်သုသာန်သို့မရောက်ဘဲ အဘယ့်ကြောင့် စွန့်ပစ်ပစ္စည်း ပြန်ဝယ်သည့် ဒိုင်များထံသို့ ရောက်ရှိရပါသနည်း။

အဆိုပါ ဆေးရုံထွက်အမှိုက်များကို စည်ပင်သာယာဝန်ထမ်းများနှင့် ဆေးရုံဝန်ထမ်းများက လာရောက် ရောင်းချလေ့ရှိသည်ဟု မြောက်ဥက္ကလာပမြို့နယ် ပုရွက်ဆိတ်ကုန်းဘူတာရုံအနီးနှင့် အင်းစိန် စော်ဘွားကြီးကုန်း ရှိ စွန့်ပစ်ပစ္စည်း ရောင်းဝယ်ရေး ဆိုင်များထံ ဆေးထိုးပြွတ် ဝယ်လိုသူအဖြစ် Myanmar Now က စုံစမ်းကြည့်ခဲ့ရာတွင် သိခဲ့ရသည်။

အဆိုပါပစ္စည်းများ ရောင်းချရာတွင် ငွေကြေးအရ များများစားစားတော့ အလုပ်ဖြစ်ကြမည် မဟုတ်ပါ။ တစ်ပိဿာလျှင် ကျပ် ၅၀၀ မှ ၁၀၀၀ နှုန်းသာ ဈေးပေးသည်ဟု အဆိုပါဆိုင်များက ပြောပြကြသည်။

ဆေးရုံသုံးအမှိုက်များမှာ ရန်ကုန်သာမက မန္တလေး၊ ကျောက်ဆည်၊ ပုသိမ်တို့မှလည်း ဝင်ရောက်ပြီး ရက်သတ္တတစ်ပတ်လျှင် ပိဿာ ၂၀၀ ခန့် ဝင်လေ့ရှိသည်ဟု အင်းစိန် စော်ဘွားကြီးကုန်းရှိ စွန့်ပစ်ပစ္စည်း အရောင်းအဝယ်ဒိုင်တစ်ဦးက ပြောသည်။

လာရောက်ရောင်းချသည့် ပလပ်စတစ်ပစ္စည်းများတွင် သွေးစများ ပေကျံနေသည့် အပ်တန်းလန်းဆေးထိုးများပင် ပါဝင်လေ့ရှိသည်ဟု စွန့်ပစ်ပစ္စည်း အရောင်းအဝယ်ဒိုင်များကဆိုသည်။

စည်ပင်ဝန်ထမ်းများ၊ ဆေးရုံဝန်ထမ်းများ လာရောက်ရောင်းချသည်ကိုတော့ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။ သို့သော် ဖေဖော်ဝါရီ ပထမပတ် မနက်ခင်းတစ်ခုတွင် လမ်းမတော်မြို့နယ်ရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံ၏ ဝင်ပေါက်အနီး ရန်ကုန်မြို့တော်စည်ပင်၏ ဆေးရုံ၊ ဆေးခန်းထွက်အမှိုက်များ သိမ်းသည့်ယာဉ်ဘေးတွင် သန့်ရှင်းရေးယူနီဖောင်း လိမ္မော်ရောင်အင်္ကျီ ဝတ်ဆင်ထားသူနှစ်ဦးသည် ဆေးရုံအမှိုက်အိတ်များအတွင်း လက်ဗလာဖြင့် မွှေနှောက်နေသည်ကို Myanmar Now က မျက်မြင်တွေ့ခဲ့ရသည်။

ထိုစည်ပင်ဝန်ထမ်းနှစ်ဦးသည် နှာခေါင်းစည်းများ ဝတ်ဆင်မထားဘဲ အနီရောင်၊ အဝါရောင် ပလပ်စတစ် အမှိုက်အိတ်များထဲပါ ဆေးထိုးပြွတ်နှင့် ဆေးသွင်းပိုက်များကို ရွေးထုတ်ယူကာ အခြားအိတ်တစ်လုံးထဲသို့ ပြောင်းထည့်နေခြင်းကို နာရီဝက်ခန့်ကြာအောင် ပြုလုပ်နေခဲ့ကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည့် ဆေးရုံသုံးအမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲရေး လမ်းညွှန်ချက်တွင် ဆေးရုံထွက်အမှိုက်များကို နှာခေါင်းစည်း၊ လက်အိတ်၊ ခြေအိတ် စသည့် တစ်ကိုယ်ရည်ကာကွယ်ရေး ပစ္စည်းများဝတ်ဆင်ကာ သိမ်းဆည်းထုပ်ပိုးရပြီး ယင်းအမှိုက်အိတ်များကို အလုံပိတ် သီးသန့်အမှိုက်သိမ်းယာဉ်များဖြင့် မီးရှို့ဖျက်ဆီးသည့်နေရာသို့ သယ်ပို့ရမည်ဟု ရေးသားထားသည်။

၂၀၁၆ ထုတ် ‘ဆေးရုံများတွင် ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်မှုလမ်းညွှန်ချက်’ အရ အန္တရာယ်ရှိအမှိုက်များကို သိမ်းဆည်းရာတွင် ချွန်ထက်သည့် ပစ္စည်းများကို အနီရောင်အမှိုက်အိတ်ဖြင့် လည်းကောင်း၊ ရောဂါပိုးကူးစက်စေနိုင်သည့် ပစ္စည်းများကို အဝါရောင်အမှိုက်အိတ်ဖြင့်လည်းကောင်း၊ စားကြွင်းစားကျန်နှင့် သာမန်အမှိုက်များကို အနက်ရောင်အမှိုက်အိတ်ဖြင့်လည်းကောင်း အသီးသီးထည့်ပြီး စနစ်တကျ စွန့်ပစ်ရမည်ဟု ရေးသားထားသည်။

ဆေးရုံထွက်စွန့်ပစ်ပစ္စည်းများ စွန့်ပစ်မှုနှင့် ပတ်သက်ပြီး အဆိုပါ ပုဂ္ဂလိကဆေးရုံ၏ တာဝန်ရှိသူကို Myanmar Now က မေးမြန်းရန် ကြိုးစားခဲ့သော်လည်း “လောလောဆယ် အင်တာဗျူးဖြေဖို့ အဆင်မပြေသေးဘူး” ဟု ဒေါက်တာဒေါ်စန်းဝင်းအမည်ရှိ ဆေးရုံဝန်ထမ်းတစ်ဦးက ဖုန်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကမူ ၎င်းတို့ဝန်ထမ်းများအား ထိုသို့ ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများကို မိမိသဘောဖြင့် ရှာဖွေသိမ်းဆည်းခွင့်မပြုထားဟု ပြောသည်။ စည်ပင်သန့်ရှင်းရေးဝန်ထမ်းများသည် ဆေးရုံထွက်အမှိုက်များကို သိမ်းဆည်းသယ်ဆောင်ရာတွင် လုံခြုံသည့် သတ်မှတ်ဝတ်စုံကို ဝတ်ဆင်ရမည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“… ကားပေါ်မှာ တင်ပြီးရင် အားလုံးကို တိုက်ရိုက်ဖျက်ဆီးမယ့်နေရာကို ပို့ဆောင်ဖို့ သတ်မှတ်ထားပါတယ်။ ကျွန်မတို့ ဌာနက (မွှေနှောက်ခွင့်) ခွင့်ပြုမထားပါဘူး” ဟု ၎င်းက ဖေဖော်ဝါရီ ၂၀ တွင် Myanmar Now ကို ပြောသည်။

ရွှေသမင် ဘယ်ကထွက်သလဲ

ဈေးကွက်အတွင်းရောက်ရှိလာသော ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများသည် ဆေးရုံများမှ လာခြင်းမဖြစ်နိုင်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဆိုသည်။

“ဆေးရုံက မထွက်ဘူး သေချာတယ်။ ဘာကြောင့်လဲဆိုတော့ ဆေးရုံအတွက်အမှိုက်က အမှိုက်ပုံးသီးခြား ရှိတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

ပြည်သူ့ဆေးရုံများသာမက ပုဂ္ဂလိကဆေးရုံများတွင်လည်း ဆေးရုံနှင့် ဓာတ်ခွဲခန်းထွက် အမှိုက်များကို စည်းကမ်းတကျ မစွန့်ပစ်ပါက ဆေးရုံလိုင်စင် သက်တမ်းတိုးခွင့်မပြုဟု ဒေါက်တာသာထွန်းကျော်က ပြောသည်။ သို့ဖြစ်လျှင် ဆေးရုံစွန့်ပစ်အမှိုက်များသည် ဆေးရုံများမှတစ်ဆင့် ဈေးကွက်အတွင်း မည်ကဲ့သို့သော လမ်းကြောင်းမှ ရောက်ရှိနေပါသနည်းဟုမေးရာ “မပြောလိုဘူး” ဟုသာ ၎င်းက ပြန်ဖြေသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံထွက်အမှိုက်များကို သီးခြားအဆောက်အအုံတစ်လုံးတွင် သော့ခတ်သိမ်းဆည်းထားပြီး စည်ပင်သာယာမှ သီးသန့်အမှိုက်သိမ်းယာဉ်ရောက်မှသာ စွန့်ပစ်သည်ဟု ဆေးရုံလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်ကြီးက ပြောသည်။ ဆေးရုံသုံးအမှိုက်များမှတစ်ဆင့် ရောဂါပိုးကူးစက်နိုင်သည့် အန္တရာယ်ရှိသည့်အတွက် အကာအကွယ်များမပါဘဲ လက်ဗလာဖြင့် မကိုင်တွယ်သင့်ကြောင်းလည်း ၎င်းက ပြောသည်။

ဆေးရုံကြီးတွင် သတ်မှတ်ချက်အတိုင်း ပစ္စည်းစွန့်ပစ်ဖို့ ဝန်ထမ်းများအား အသိပညာပေးကြောင်း၊ သို့သော် တင်းတင်းကျပ်ကျပ် ကိုင်တွယ်အရေးယူခြင်းမျိုးတော့ မရှိသေးကြောင်း ဒေါက်တာခင်မောင်ကြီးက ပြောသည်။

ဆေးရုံထွက်အမှိုက်များ စွန့်ပစ်ပစ္စည်း‌ဈေးကွက်သို့ ရောက်လာခြင်းမှာ အမှိုက်စွန့်ပစ်မှုအပေါ် ဆေးရုံများ၏ ကြီးကြပ်မှုလျော့ရဲခြင်းနှင့် စည်ပင်အမှိုက်သိမ်းယာဉ်များက ဆေးရုံမှ မီးရှို့ဖျက်ဆီးရာ သုသာန်သို့ သွားသည့် လမ်းတစ်လျှောက် လုပ်ဆောင်ရမည့်ပုံစံအတိုင်း မပြုလုပ်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်ဟု မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေလမင်းပုဂ္ဂလိကဆေးရုံ၏ ဆေးရုံအုပ် ဒေါက်တာတင်ညိုညိုလတ်က Myanmar Now ကို ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ၂၀၁၇ တွင်ပူးတွဲပြုလုပ်ခဲ့သည့် ‘ဆေးရုံသုံး အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ အစီရင်ခံစာ’ အရလည်း ဆေးရုံများသည် အမှိုက်ခွဲခြားစွန့်ပစ်မှု အားနည်းနေသေးသည်ကို တွေ့ခဲ့ရသည်ဟု မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဆေးရုံအုပ်ချုပ်ရေးဆိုင်ရာအဖွဲ့၏ အတွင်းရေးမှူးလည်းဖြစ်သည့် ဒေါက်တာတင်ညိုညိုလတ်က ပြောသည်။ ၎င်းသည် ယင်းအစီရင်ခံစာ ပြုစုချိန်က ပါဝင်ခဲ့သည်။

နောက်ဆုံးပေါ်ကမ္ဘာ့ကပ်

ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့နေသော ကိုဗစ်နိုင်တင်းကမ္ဘာ့ကပ်ရောဂါသည် မတ်လကုန်ပိုင်းမှစပြီး မြန်မာနိုင်ငံ သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ ဧပြီ ၁ အထိစာရင်းအရ ကူးစက်ခံထားရသူ ၁၅ ဦးရှိပြီး ၎င်းအနက် တစ်ဦးသေဆုံးပြီး ဖြစ်သည်။ ဗိုင်းရပ် ပိုးမွှားသည် အရာဝတ္ထုများ၊ လူ၏ကိုယ်ခန္ဓာအစိတ်အပိုင်းများမှတစ်ဆင့် ခန္ဓာကိုယ်တွင်း ဝင်ရောက်သည်ဟု ကျန်းမာရေးပညာရှင်များက ဆိုထားရာ အဆိုပါဗိုင်းရပ်ပိုး ကပ်ငြိနေသည့် ဆေးရုံသုံး စွန့်ပစ်ပစ္စည်းများကို ကိုင်တွယ်မိသူအနေဖြင့်လည်း ကူးစက်ခံရနိုင်ခြေရှိမရှိ မေးခွန်းထုတ်စရာဖြစ်လာသည်။

ဆေးရုံသုံးစွန့်ပစ်ပစ္စည်းများမှတစ်ဆင့် ကိုရိုနာဗိုင်းရပ်ပိုး ပျံ့နှံ့မှုမည်မျှရှိသည်ကို အတိအကျပြောနိုင်ရန် အတွက် သုတေသနကောင်းကောင်း မလုပ်ရသေးကြောင်း ဩစတြေးလျအမျိုးသားတက္ကသိုလ် (ANU) မှ ကူးစက်ရောဂါပျံ့နှံမှုဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာမေရု ရှီးလ် (Meru Sheel) က Myanmar Now ကိုပြောသည်။

“ကျွန်မတို့သိတာကတော့ ဗိုင်းရပ်ပိုးဟာ မျက်နှာပြင်တွေအပေါ်မှာ ရှင်သန်နိုင်တယ်ဆိုတာပဲ။ အရာဝတ္ထုကို လိုက်လို့ ရှင်သန်တဲ့အချိန်တော့ ကွာတယ်။ ဒါပေမဲ့ မျက်နှာပြင်တွေအပေါ်မှာ ရှင်သန်နိုင်တာတော့ အမှန်ပဲ” ဟု ၎င်းက ပြောသည်။

ကိုရိုနာဗိုင်းရပ်သည် ပလတ်စတစ်နှင့် အစွန်းခံသံမဏိတို့အပေါ်တွင် သုံးရက်အထိ အသက်ရှင်နိုင်သည်ဟု အမေရိကန်ပြည်ထောင်စု National Institute of Allergy and Infectious Diseases က မတ်လအတွင်း ထုတ်ပြန်သည့် သုတေသနတစ်ခုတွင် ဖော်ပြထားသည်။

ဥပဒေကိုဂရုမစိုက်သူများ

ရပ်ကွက်များထဲ ဆေးရုံသုံးဆေးထိုးပြွတ် ပြန်လည်ဆေးကြောသည့် လုပ်ငန်းများရှိနေခြင်းကြောင့် ရတက်မအေးဖြစ်နေသူမှာ မြောက်ဥက္ကလာပမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန တာဝန်ခံ ဦးကျော်မင်းထွန်းဖြစ်သည်။

၎င်းတို့မြို့နယ်စည်ပင်က ဇန်နဝါရီ တတိယပတ်တွင် ယင်းမြို့နယ်အတွင်း ဝင်ရောက်စစ်ဆေးခဲ့ရာ ကော်ကြိတ်လုပ်ငန်းလိုင်စင် ရရှိထားသည့် လုပ်ငန်းများထဲတွင် ဆေးထိုး ဆေးကြောသည့် လုပ်ငန်း သုံးခုကို တွေ့ရှိခဲ့ရသည်ဟု ဦးကျော်မင်းထွန်းက Myanmar Now ကို ပြောသည်။

ကော်ကြိတ်လုပ်ငန်းများကို စက်မှုဇုန်ပြင်ပတွင် ခွင့်မပြုသော်လည်း ၂၀၁၉ မှစပြီး ယာယီလိုင်စင်များ ထုတ်ပေးထားသည်။ အဆိုပါလုပ်ငန်းများအနေဖြင့် လူနေရပ်ကွက်အတွင်း ဆေးထိုးသန့်စင်သည့်လုပ်ငန်းများ လုပ်ကိုင်နေခြင်းကို အရေးယူနိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံ တင်ပြထားသည်ဟုလည်း ၎င်းက ပြောသည်။

နောက်ဆုံးပြင်ဆင်လိုက်သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင် ဘေးဖြစ်စေတတ်သောအရည်၊ စက်ဆုပ်ဖွယ်ရာများ၊ ဆေးရုံသုံးအမှိုက်များကို စည်းကမ်းမဲ့ စုပုံထားခြင်း၊ သွန်ခြင်း၊ စွန့်ပစ်ခြင်း ပြုလုပ်လျှင် ငွေဒဏ်တစ်သိန်းမှ ငါးသိန်းဖြစ်စေ၊ ထောင်ဒဏ် သုံးလဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ သို့ရာတွင် ဥပဒေအာဏာစက် မည်မျှတည်မတည်ကိုတော့ မေးခွန်းထုတ်စရာဖြစ်သည်။

ဆေးရုံထွက်အမှိုက်များကို ကော်စေ့ပြုလုပ်ရန် ပြန်လည်သန့်စင်ဆေးကြောသည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက စိစစ်နေသည်ဟု ကော်မတီ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီတွင် Myanmar Now ကိုပြောသည်။ မတ် ၁၅ လယ်တွင် တစ်ကြိမ်ပြန်မေးရာမှာလည်း အရေးမယူထားသေးကြောင်း ပြောသည်။

မြန်မာနိုင်ငံ ပလပ်စတစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းကမူ စွန့်ပစ်ပစ္စည်း သန့်စင်သည့် လုပ်ငန်းများကို လူနေရပ်ကွက်များအတွင်း မလုပ်ဆောင်သင့်ဘဲ စက်မှုဇုန်များတွင်သာ လုပ်သင့်သည်ဟု အကြံပြုသည်။

“recycle (ပြန်လည်ပြုပြင်သုံးစွဲမှု) လုပ်တဲ့စက်ရုံက စက်မှုဇုန်မှာလုပ်ဖို့ ကန့်သတ်ချက်ရှိတယ်။ အပြင်မှာ လုပ်လို့မရဘူး” ဟု ဦးထွန်းက ပြောသည်။

ဆေးသွင်းပိုက်ပျော့များကို ပန်းပင်ရေလောင်းသည့် ရေပိုက်များ ထုတ်လုပ်ရန်လည်းကောင်း၊ ဆေးထိုးများကို ပလပ်စတစ်ပန်းအိုးများ၊ လမ်းခင်းသည့် ကော်အမာများ၊ ပလပ်စတစ်ထိုင်ခုံများ ထုတ်လုပ်ရန် ပြန်လည်အသုံးပြုသည်ဟု ဦးထွန်းက ပြောသည်။ ထိုကဲ့သို့ စားသောက်ကုန်နှင့် မပတ်သက်သည့် ပလပ်စတစ်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့်အတွက် ကျန်းမာရေးအန္တရာယ်မရှိဟု ၎င်းက ဆိုသည်။

သို့သော်လည်း မြောက်ဥက္ကလာပမြို့နယ်ရှိ ကော်စေ့ဆိုင်တစ်ဆိုင်သို့ Myanmar Now က ကော်စေ့ဝယ်လိုသူအဖြစ် သွားရောက်စုံစမ်းခဲ့ရာ ဆေးထိုးပြွတ်များ၏ ပလပ်စတစ်အမျိုးအစားသည် အရည်အသွေးကောင်းသည့်အတွက် ပလပ်စတစ်ယပ်တောင် ပြုလုပ်ရာတွင်လည်းကောင်း နိုင်ငံခြားမှ တင်သွင်းသည့် ကော်စေ့များနှင့် ရောပြီး ကော်ဇွန်းများ ထုတ်လုပ်ရာတွင်လည်းကောင်း အသုံးပြုသည်ဟု ဆိုင်ဝန်ထမ်းက ပြောသည်။

ဒေါ်ချိုချိုအောင်ကမူ ယင်းအလုပ်သည် ကျန်းမာရေးအန္တရာယ်များမှန်း သိသော်လည်း ရွေးချယ်စရာနည်းပါးသည့်အတွက် လုပ်ကိုင်နေရသည်ဟုဆိုသည်။

“(အသည်းရောင်) ဘီပိုး ၊ စီပိုးတော့ လန့်တယ်။ ဒါပေမဲ့ ဒါပဲလုပ်စရာရှိတယ်။ သားက ဒီအလုပ် လုပ်တာမကြိုက်ဘူး။ သားအလုပ်ရရင်တော့ ဒီအလုပ် ဆက်မလုပ်တော့ဘူးလို့ မှန်းထားတယ်” ဟု ၎င်းက ပြောသည်။

(တည်းဖြတ် - ညွန့်ဝင်း၊ တင်ထက်ပိုင်)

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading