အငှားယာဉ်မောင်း သေဆုံးမှု အမှုမှန်ပေါ်အောင် စစ်ပေးရန် မိခင်က သမ္မတထံ တိုင်ကြားထား

အမှုရင်ဆိုင်နေရသော အငှားယာဉ်မောင်း သေဆုံးရခြင်းမှာ ရဲတို့က နှိပ်စက်ခြင်းကြောင့် ဖြစ်ကြောင်း၊ မိသားစုနှင့် တွေ့ဆုံစဉ် အခြားအကျဉ်းသားတို့က တွဲထားရသည်အထိ ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း ၎င်း၏ မိခင်က ပြောသည်။

Published on Nov 12, 2018
ခိုးမှုသံသယဖြင့် ဖမ်းဆီးခံခဲ့ရပြီးနောက် အမှုစစ်နေစဉ်အတွင်း သေဆုံးခဲ့သည့် ကိုအောင်အောင်။ ၎င်း၏ မိခင်ကမူ ၎င်းသည် ရဲ၏ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရသည်ဟု ဆိုကာ သမ္မတထံ တိုင်စာပို့ထားသည်။
ခိုးမှုသံသယဖြင့် ဖမ်းဆီးခံခဲ့ရပြီးနောက် အမှုစစ်နေစဉ်အတွင်း သေဆုံးခဲ့သည့် ကိုအောင်အောင်။ ၎င်း၏ မိခင်ကမူ ၎င်းသည် ရဲ၏ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရသည်ဟု ဆိုကာ သမ္မတထံ တိုင်စာပို့ထားသည်။

ရန်ကုန် - ခိုးမှုကြံရာပါသံသယဖြင့် ဖမ်းခံခဲ့ရသည့် အငှားယာဉ်မောင်းတစ်ဦး အမှုစစ်ခံနေစဉ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာလက သန်လျင်မြို့နယ်၌ သေဆုံးခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ကာယကံရှင်၏ မိခင်က ထိုကိစ္စကို စစ်ဆေးပေးရန် နိုင်ငံတော်သမ္မတအပါအဝင် သက်ဆိုင်ရာ ဌာနများသို့ ပြီးခဲ့သည့် လပိုင်းအတွင်း စာဖြင့် တိုင်ကြားထားသည်။

သန်လျင်မြို့နယ် ဗိုလ်ချုပ်နေဝင်းလမ်းနေ အငှားယာဉ်မောင်း အသက် ၂၈ နှစ်အရွယ် ကိုအောင်အောင်သည် စက်တင်ဘာ ၁၂ ရက်နေ့ ညက သန်လျင်မြို့နယ်အတွင်း ခရီးသည်အမျိုးသား နှစ်ဦးကို ပို့ဆောင်ပေးနေစဉ် ရဲက ပိတ်ဆို့ရှာဖွေသည့် နေရာအရောက် စစ်ဆေးခံစဉ် ခရီးသည်နှစ်ဦးနှင့်အတူ ပါလာသည့် ဘက်ထရီအိုးနှစ်လုံးမှာ ခိုးရာပါ ပစ္စည်းများဖြစ်ကြောင်း၊ ထိုခိုးမှုတွင် ကိုအောင်အောင်လည်း ပါဝင်သည်ဟု ရဲက ယူဆကာ သန်လျင်မြို့နယ်ရဲစခန်းသို့ ဖမ်းခေါ်သွားခဲ့ကြောင်း အတူနေ မိခင် ဒေါ်အေး၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

၎င်း၏ သားဖြစ်သူ ကိုအောင်အောင်ကို သန်လျင်စခန်းအချုပ်တွင် ရဲက ရိုက်နှက်စစ်ဆေးခြင်းကြောင့် အရိုက်ခံရသည့်ဒဏ်ရာများဖြင့် စက်တင်ဘာ ၂၆ ရက်နေ့တွင် သန်လျင်ဆေးရုံ၌ သေဆုံးခဲ့သဖြင့် အမှန်တရား ပေါ်ပေါက်အောင် ကူညီပေးပါဟု ဆိုကာ ဒေါ်အေးက နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် လူ့အခွင့်အရေး ကော်မတီ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်နှင့် သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ စသည်ဖြင့် ရှစ်နေရာအထိ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ထိုတိုင်စာတွင် ဖော်ပြထားသည်။

“ကျွန်မသားကို ရဲစခန်းမှာ (စက်တင်ဘာ) ၁၂ ရက်နေ့ကနေ စချုပ်ထားတာ။ ၁၄ ရက်နေ့မှ (ရဲစခန်းမှာ) ကျွန်မ တွေ့ရတယ်။ တွေ့တော့ သူ့မှာ မတ်တပ်တောင်မရပ်နိုင်လို့ လူတွဲပြီး တွေ့ရ တာ။ အင်းစိန်ထောင်ကို ပို့ပြီး ထောင်ဝင်စာ သွားတွေ့တော့လည်း သားကို အချုပ်သားအချင်းချင်းတွဲပြီး ထုတ်လာရတယ်။ (အင်းစိန်ရောက်တော့မှ) သားက ပွင့်ပွင့်လင်းလင်း ပြောရဲ တော့တယ်။ သူ့ကို (ရဲအချုပ်မှာတုန်းက) လက်ထိတ်နောက်ပြန်ခတ်ပြီး ရင်ဘတ်ကို တုတ်နဲ့ရိုက်၊ ကျင်စက်နဲ့ တို့တယ်။ ဒူးထောက်ခိုင်းပြီး ကျောကုန်းကို ဖိနပ်နဲ့ ကန်တယ်တဲ့” ဟု ဒေါ်အေးက Myanmar Now ကို ပြောသည်။

ထိုနေ့က ကိုအောင်အောင်ကို စစ်ဆေးခဲ့သည့် ရဲဝန်ထမ်းများစာရင်းကို အတိအကျ မသိရသော်လည်း ဒေါ်အေး၏ တိုင်စာထဲတွင်မူ “အမှုကိုင် သူရထွန်း”အပါအဝင် ငါးဦးက အလှည့်ကျ ရိုက်နှက်ကန်ကျောက်၍ စစ်မေးသည်ဟု ဖော်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ကိုအောင်အောင်၏အလောင်းကို စစ်ဆေးခဲ့သည့် သန်လျင်မြို့နယ်ဆေးရုံ ခရိုင် ဆရာဝန်ကြီးနှင့် တွေ့ဆုံကာ ဆေးစစ်ချက်အသေးစိတ်ကို ဆက်သွယ် မေးမြန်း ထားကြောင်း၊ လုပ်ထုံးလုပ်နည်းများအရ ပြောခွင့်ရှိမရှိကိုတော့ အတိအကျ မသိရသေးကြောင်း သန်လျင်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောသည်။

“တိုင်စာထဲမှာ တိုင်ထားတဲ့အချက်က မှန်လား၊ မမှန်လားဆိုတာ ကျွန်တော်တို့မှာ သေသွားသူရဲ့ ဓာတ်မှန်တွေ သက်သေ ရှိတယ်။ ကျွန်တော်တို့က အဲဒါဖြစ်နေတဲ့ အချိန်တုန်းက ကြားဖြတ် ရွေးကောက်ပွဲရှိနေလို့ မအားလပ်တာနဲ့ ဖိဖိစီးစီး မကူညီနိုင်ခဲ့တာ။ အခု ဒီကိစ္စကို သေသေချာချာ ဖြစ်အောင်ကို လုပ်ပေးမယ်” ဟု အဆိုပါ ကိစ္စကို လိုက်ပါကူညီပေးနေသည့် သန်လျင်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမည်အဖော်လိုသူ တစ်ဦးက ပြောသည်။

ယခုကိစ္စကို သိရှိပြီးဖြစ်သော်လည်း ၎င်းသည် ပြောရေးဆိုခွင့်ရှိသူတစ်ဦး မဟုတ်သဖြင့် အသေးစိတ်ကို မှတ်ချက်မပြုလိုကြောင်း နေပြည်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းဌာန တာဝန်ခံ ရဲမှူးကြီး မင်းဟန်က Myanmar Now ကို ပြောသည်။

သန်လျင်မြို့နယ်ရဲစခန်းမှ မှတ်တမ်းယူသည့် ရဲတပ်ကြပ်ကြီးစောနုကမူ ကိုအောင်အောင်သည် ရောဂါအခံကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု Myanmar Now ကို ဖုန်းဖြင့် ဖြေကြား သည်။

“ကျွန်တော်တို့က ဆေးစာကို အမှုတွဲနဲ့အတူ ပူးတွဲပြီး တရားရုံးကို ပေးပို့ထားလိုက်ပါပြီ။ သေဆုံးသူကို ဖမ်းတဲ့နောက်နေ့မှာပဲ ရမန်ယူတယ်။ ထောင်ကို အချုပ်နဲ့ပို့တယ်။ ၁၅ ရက်ပြည့်တဲ့ နေ့မှာ သူ ရုံးထုတ်တယ်။ ရုံးထုတ်တာ ကျန်းမာရေးမကောင်းလို့ တရားရုံးတောင်မလာနိုင်ပဲ သန်လျင်ဆေးရုံကို ပို့တယ်။ (၂၆ ရက်နေ့) ညနေပိုင်းမှာ သူသေသွားတာ” ဟု သူက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ တိုင်ကြားစာများဌာနသို့ တိုင်စာ မရောက်ရှိသေးကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

“ဆေးစာမှာ ဘာတွေပါလဲ မသိသေးတော့ လတ်တလော မှတ်ချက်မပြုချင်သေးပါဘူး။ စာရောက်လာတာနဲ့ ဆေးစာကို ကျွန်တော်တို့ ရအောင်ကြည့်မယ်။ တကယ်မှန်ကန်တယ်ဆိုရင် ပြည်ထဲရေးကို ဒီကိစ္စ ဆက်လက်အရေးတယူ ဆောင်ရွက်ဖို့ စာပို့မယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံ၌ ပြည်သူတို့၏ အဝေဖန်ခံရဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးကို အလုံမြို့နယ်တွင် ရဲက ခိုးမှုတရားခံနှင့် လူမှားဖမ်းကာ စခန်းတွင် နှိပ်စက် ညှဉ်းပန်းမှုနှင့် ကြုံခဲ့ရပြီးနောက် အသိမိတ်ဆွေများ၏အကူအညီဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။

၎င်းကို ရိုက်နှက်စစ်ဆေးခဲ့သည့် ရဲများကိုယ်တိုင်က ပြန်လည်တောင်းပန်သဖြင့် အမှုမဖွင့်တော့ဘဲ ကျေအေးပေးခဲ့သည်။

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading