တရုတ်ပတ်စ်ပို့ ၂၀၀ နှင့်အတူတွေ့ခဲ့သည့် ထိုင်ဝမ်သားလေးဦးကို အရေးမယူသော်လည်း ၎င်းတို့ကို နေခွင့်ပြုထားသည့် လားရှိုးမြို့နေအမျိုးသမီးသည် အများဆုံးထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ခြေရှိသည်
လမ်းမတော်တွင် တရုတ်ပြည်မကြီး နိုင်ငံကူးလက်မှတ် ၂၀၀ ခန့်နှင့်အတူ တွေ့ရှိခဲ့သည့် ထိုင်ဝမ်သားလေးဦး ကို လက်ခံထားသူကို ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်မှုဖြင့် လာမည့်တနင်္လာနေ့တွင် တရားစွဲသွားမည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဆွေက မတ် ၂၆ တွင် Myanmar Now ကိုပြောသည်။
လမ်းမတော်၊ အမှတ် ၄ ရပ်ကွက်၊ ၁၀ လမ်း၊ အိမ်အမှတ် ၂၄၊ မြေညီထပ်တွင် ငှားရမ်းနေထိုင်သည့် နိုင်ငံခြားသား လေးဉီးအား တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) နိုင်ငံကူးလက်မှတ်စာအုပ် ၄ အုပ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (တရုတ်ပြည်မကြီး) နိုင်ငံကူးလက်မှတ်စာအုပ် ၁၉၉ အုပ် စုစုပေါင်း ၂၀၃ အုပ်နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေး၊ ရဲနှင့် လဝကအရာရှိများက မတ်လ ၂၅ ရက် ညတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
“နေထိုင်မှုပုံစံ မမှန်ဘူးလေ လက်ရှိက သူတို့ဧည့်စာရင်း မတိုင်ထားဘူး။ ဧည့်စာရင်းတိုင်မထားတဲ့အတွက် အိမ်ရှင်ကို တရားစွဲမယ်” ဟု ဦးမင်းဆွေကပြောသည်။
အဆိုပါ ထိုင်ဝမ်သားလေးဦး ဗီဇာသက်တမ်းတိုးရန်အတွက် မတ်လ ၂၅ ရက်က ရပ်ကွက်ရုံးတွင် အမည်စာရင်းပြ၍ ထောက်ခံစာလာယူကြောင်း၊ ၎င်းတို့ နေထိုင်ကြောင်း အိမ်ရှင်က တစ်ခါမျှ သတင်းပေးပို့ထားခြင်း မရှိသည့်အတွက် မသင်္ကာသဖြင့် ည ရှစ်နာရီခန့်တွင် အဖွဲ့စုံက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု လမ်းမတော်မြို့နယ် အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဆွေကပြောသည်။
သို့သော် အဆိုပါအခန်းကို လက်ရှိပိုင်ရှင်ဖြစ်သည့် လမ်းမတော် ၁၄ လမ်းနေ ဦးကျော်စိုးလင်းက နိုင်ငံခြားသားများကို တိုက်ရိုက်ငှားရမ်းခြင်းမဟုတ်ဘဲ ထိုအခန်းကိုငှားရမ်းထားသူ လားရှိုးမြို့နေ ဒေါ်ခင်သန်းမြင့်က တစ်ဆင့်ပြန်လည် ငှားရမ်းထားခြင်းဖြစ်သည့်အတွက် ဒေါ်ခင်သန်းမြင့်ကို တရားစွဲသွားမည်ဟု ဦးမင်းဆွေကဆိုသည်။
“အခုလက်ရှိအနေအထားအရ အိမ်ရှင်ကို တရားစွဲဖို့စီစဉ်နေတယ်။ အိမ်ရှင်ဆိုတာက ဆိုကြပါစို့ ဒီအိမ်ကို ဒီတစ်ယောက်ကပိုင်တယ်။ ဒါပေမဲ့ တစ်ဆင့်ငှားထားလို့ရှိရင် ဒီငှားထားတဲ့လူမှာပဲ တာဝန်ရှိတယ်။ ငှားထားတဲ့လူကို တရားစွဲဖို့ ဆောင်ရွက်နေတယ်” ဟု ဦးမင်းဆွေက ပြောသည်။
အဆိုပါ ထိုင်ဝမ်သားလေးဦးအနက် နှစ်ဦးမှာ ဗီဇာသက်တမ်းကျော်လွန်နေပြီး အားလုံးမှာ လုပ်ငန်းဗီဇာ (business visa) များဖြစ်ကြောင်း၊ ၎င်းတို့သည် form C (သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးရုံးသို့ ဧည့်စာရင်းတိုင်ကြားချက်၊ ပုံစံ-ဂ) မပြနိုင်သည့်အပြင် Company Registration (လုပ်ငန်းလိုင်စင်) လည်း မပြနိုင်ကြောင်းလည်း ဦးမင်းဆွေက ဆက်ပြောသည်။
“နိုင်ငံခြားသားကိုတော့ စီမံခန့်ခွဲမှုနည်းလမ်းနဲ့ ဒီလိုဖြစ်တယ်ဆိုရင်တော့ ပထမအကြိမ်သတိပေးမယ်။ သတိပေးပြီးတော့ သူတို့လက်ရှိနေနေတဲ့ အနေအထားအတိုင်း ဆက်ပြီးတော့ နေလို့ရမယ်။ ဒါပေမဲ့ ပြည်သူလူထုကြားမှာ အထိတ်တလန့်ဖြစ်လာပြီဆိုရင် လိုအပ်လို့ရှိရင် စီမံခန့်ခွဲမှုနည်းလမ်းအရ ပြန်ပို့တာတို့ ဘာတို့လုပ်မယ်” ဟု ၎င်းကပြောသည်။
၎င်းတို့ထံမှ သိမ်းဆည်းခဲ့သည့် တရုတ်ပြည်မကြီးပတ်စ်ပို့ ၁၉၉ အုပ်မှာ အစစ်အမှန်များဖြစ်ပြီး ၎င်းတို့သည် ပိုင်ရှင်များကိုယ်စား ဗီဇာသက်တမ်းတိုးပေးရန် ယူဆောင်လာခြင်းဖြစ်နိုင်ကြောင်းနှင့် တရားဝင်လုပ်ငန်း ဟုတ် မဟုတ် စိစစ်နေဆဲဖြစ်သည်ဟု ဦးမင်းဆွေကပြောသည်။
“ကုမ္ပဏီနာမည်ကိုတော့ ကျွန်တော်တို့လက်ရှိစိစစ်နေတုန်းပဲ ဘာမှကို မေးလို့မရတာ ဒီမှာအခက်အခဲဖြစ်နေတာ အဓိက စကားပြန်ပဲ ကျွန်တော်တို့သုံးတဲ့စကားပြန်နဲ့ သူတို့ပြောတဲ့စကား မတူတဲ့အခါကျရင် မေးခွန်းမေးရတာ အဆင်မပြေဘူး” ဟု ၎င်းကပြောသည်။
၎င်းတို့လက်ဝယ်တွင်တွေ့သည့် တရုတ်ပြည်မကြီး နိုင်ငံကူးလက်မှတ် ပိုင်ရှင်များမှာ မြန်မာပြည်တွင်းရှိ အနယ်နယ်အရပ်ရပ်တွင် ရောက်ရှိနေပြီး ၉၁ အုပ်မှာ မြဝတီမြို့မှဖြစ်ကာ အချို့မှာ လှိုင်သာယာစက်မှုဇုန်တွင်ရှိနေကြောင်း စစ်ဆေးတွေ့ရှိထားသည်ဟု ဦးမင်းဆွေက ပြောသည်။
နိုင်ငံခြားသားများကို လက်ခံထားသည့် အိမ်ရှင်(သို့မဟုတ်) ဟိုတယ်ပိုင်ရှင်များသည် ၂၄ နာရီအတွင်း သက်ဆိုင်ရာ လဝကအရာရှိထံ ပုံစံ (ဂ) (ဧည့်စာရင်း) တိုင်ကြားရန် ပျက်ကွက်ပါက နိုင်ငံခြားသားများ မှတ်ပုံတင်ရေးအက်ဥပဒေ ၅(၁) အရ အများဆုံး ထောင်ဒဏ်သုံးနှစ်အထိ အရေးယူနိုင်သည်။
ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်၌ ပုံစံ (ဂ) မတိုင်ခဲ့သည့် တရုတ်နိုင်ငံသား ၈၈ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












