လှုပ်လှုပ်ရှားရှား မြန်မာပြည်နှင့် ကိုဗစ်နိုင်တင်းသတင်းများ

မြန်မာနိုင်ငံတွင် ပိုးရှိလူနာ ၃ ဦး တွေ့သည်ဟု ကျန်းမာ​ရေးဝန်ကြီးဌာနက ​ကြေညာလိုက်သည့်​နောက် တစ်​နေ့တာအတွင်း ​ပေါ်​ပေါက်ခဲ့သည့် ကိုဗစ်နိုင်တင်းဆက်စပ် သတင်းများကို စုစည်း​ဖော်ပြလိုက်ပါသည်

ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်သည့်အနေဖြင့် ရန်ကုန်ရှိ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို မတ် ၂၅ ညနေက တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

မြဝတီရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) မနက်ဖြန် ပိတ်ပြီ

ထိုင်း-မြန်မာနယ်စပ် မြဝတီရှိ ချစ်ကြည်ရေးတံတား အမှတ် (၂) မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်လာနေသည့် ပြည်တော်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ယနေ့ (မတ် ၂၅ ) နောက်ဆုံးထားပြီး ဝင်ခွင့်ပြုခဲ့သည်ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က Myanmar Now ကို ပြောသည်။

ယနေ့ တံတားဖွင့်ချိန် မနက် ၆ နာရီမှ ညနေ ၆ နာရီခွဲ ကျော်အထိ လူဦးရေ ၄,၅၀၀ ခန့် ဖြတ်သန်းဝင်ရောက်ခဲ့သည်ဟု ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

မတ် ၂၁ မှ ယနေ့အထိ ပြည်တော်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားပေါင်း ၂၂,၀၀၀ ကျော် ဝင်ခွင့်ပြုခဲ့ပြီး ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူထားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ၎င်းတို့၏ နေရပ် တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ကားများဖြင့် ပို့ဆောင်ပေးနေသည်ဟု ဦးတေဇာအောင်က ဆိုသည်။

ကိုဗစ်နိုင်တင်း ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် ၎င်းတို့ နေထိုင်အလုပ်လုပ်နေသည့် ထိုင်းနိုင်ငံတွင်လည်း ဧရိယာအလိုက် အသွားအလာပိတ်ပင်ပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်ရန်ရှိသည်ကို ကြားသိသဖြင့် ၎င်းတို့၏ ဗီဇာသက်တမ်းကျော်လွန်မည်ကို စိုးရိမ်ကာ ပြန်လာကြခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အချိန်မီ ဝင်ခွင့်မရလိုက်သော အလုပ်သမားများ၏ အလုပ်သမားဗီဇာ အမျိုးအစားအားလုံးကို ကင်းလွတ်ခွင့်ပေးရန် စီစဉ်နေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ (မဲဆောက်မြို့တာဝန်ခံ) ဦးဝေလင်းမောင်က ပြောသည်။ ယနေ့ သို့မဟုတ် မနက်ဖြန် (မတ် ၂၆) တွင် သံရုံးက တရားဝင် ထုတ်ပြန်သွားမည်ဟု ၎င်းက ဆိုသည်။

"ထိုင်းဘက်က ဒီချိန်ကာလ ပြန်ခွင့်မပေးတဲ့အတွက် ဗီဇာကင်းလွတ်ခွင့်ပေးထားတာ” ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားဗီဇာ သုံးမျိုးရှိပြီး ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ၏ အဆိုအရ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ၄ သန်းခန့် ရွှေ့ပြောင်းအလုပ်လုပ်နေကြောင်း သိရသည်။

(စန္ဒာဉာဏ်)

ကိုဗစ်နိုင်တင်း စိုးရိမ်မှုကြောင့် တရားရုံး၌ အမှုကြားနာစစ်ဆေးခြင်းများ ရွှေ့ဆိုင်း

ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပါအဝင် ပြည်နယ်နှင့်တိုင်း ၁၄ ခုရှိ တရားရုံးအသီးသီးတွင် အမှုကြားနာစစ်ဆေးခြင်းများကို ရွှေ့ဆိုင်းကြောင်း တရားရုံးများက ထုတ်ပြန်နေသည်။

ဆိုင်းငံ့မည့် အချိန်အသီးသီးမှာ အောက်ပါအတိုင်းဖြစ်သည်။

စစ်ကိုင်း၊ ချင်း၊  - မတ် ၂၅ မှ ဧပြီ ၂၄

ကယား - မတ် ၂၅ မှ ဧပြီ ၃၀

မန္တလေး၊ ကချင်၊ ပဲခူး  - မတ် ၃၀ မှ ဧပြီ ၂၄

ဧရာဝတီ - မတ် ၃၀ မှ ဧပြီ ၉

ရခိုင် - မတ် ၃၁ မှ ဧပြီ ၂

မွန်- မတ် ၃၁ မှ ဧပြီ ၈

ရန်ကုန်၊ တနင်္သာရီ၊ မကွေး၊ ကရင် - မတ် ၃၀ မှ ဧပြီ ၃၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ် - မတ် ၃၁ မှ ဧပြီ ၉

ရှမ်း - မတ် ၃၁ မှ ဧပြီ ၃၀

နေပြည်တော် - မထုတ်ပြန်သေး

ရန်ကုန်တိုင်းရှိ တရားရုံးအသီးသီးတွင် လာမည့် တနင်္လာနေ့ (မတ် ၃၀) မှ ဧပြီလကုန်အထိ ရုံးချိန်းများ ဆိုင်းငံ့မည် ဖြစ်သည်။ ရုံးချိန်းများအတွက် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များရှိ တရားရုံး အသီးသီးက  စေလွှတ်သော ကိုယ်စားလှယ် တရားသူကြီးတစ်ဦးစီက အလှည့်ကျ အင်းစိန်အကျဉ်းထောင်သို့သာ သွားရောက်ပြီး နေ့စဉ် ရုံးချိန်းပေးရန် ရန်ကုန်တိုင်း တရားလွှတ်တော်က စီစဉ်ထားသည်။

“နေ့တိုင်းသွားရမှာပဲ။ ရုံးချိန်းတွေက နေ့တိုင်းရှိနေတာ။ တိုက်ရိုက် ရုံးချိန်းပေးရမယ်။ တရားခံကို မျက်ကွယ်မှာ ပေးလို့ မရဘူး။ သူ့ရှေ့မှာ ပေးရမယ်။ သူလည်း သိရမယ်။ သူ့ကို လည်း ရုံးချိန်း ပေးရမယ်။ သူ မဟုတ်မဟုတ် ဒီတရားခံ ဟုတ် မဟုတ် စစ်ရမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး တရားရေး ဦးစီးမှူးနှင့် ရန်ကုန်တိုင်းတရားလွှတ်တော်၏ မီဒီယာပြန်ကြားရေးခေါင်းဆောင် ဦးကျော်စွာငြိမ်းက Myanmar Now ကို ပြောသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ညွှန်ကြား၍ ရွှေ့ဆိုင်းခြင်း မဟုတ်ဘဲ တိုင်းတရားသူကြီးတစ်ယောက်၏ ဆင်ခြင်တုံတရားနှင့် ဆုံးဖြတ်ပိုင်ခွင့်အရ အကျဉ်းထောင်တွင်းမှ အချုပ်ဖြင့် တရားရင်ဆိုင်နေရသော အချုပ်သားများကို ငဲ့ညှာပြီး ရုံးချိန်းများ ရွေ့ဆိုင်းရန် ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ဦးကျော်စွာငြိမ်းက ပြောသည်။

“သူတို့တွေ လူစုလူဝေးနဲ့ ထုတ်လာရင် (ဝုန်းဝုန်းဝုန်း) နဲ့ သူတို့ ထုတ်လာမယ်…အပြင်က လူတွေနဲ့ ထိတွေ့မယ်။ သံတိုင်တွေ ထိတွေ့မယ်။ ဟိုဟာကိုင် ဒီဟာကိုင်နဲ့ ဖြစ်နေမှာပဲ။ အဲဒီလိုကိုင်ပြီးတော့ ဒီရောက်သွားရင် (ကူးစက်သွားရင်) သူတို့က တစ်ဆင့် (ထောင်) ထဲမှာ ထောင်သားတွေ အများကြီးပဲ ဘယ်လိုမှ ထိန်းနိုင်မှာ မဟုတ်ဘူး။ အဓိကတော့ သူတို့ကို အပြင်မထုတ်ချင်တာ၊ သူတို့ အကျိုးကျေးဇူးအတွက်ပါ” ဟု ၎င်းက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် လက်ဆေးစင်ပေါင်း ၇၉၀ ခု တပ်ဆင်ထားပြီး အပူချိန်တိုင်း ကိရိယာ ၁၅၅ ခု ရှိကြောင်း မြန်မာနိုင်ငံအကျဉ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်နိုင်က ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ခန့်မှန်းခြေအားဖြင့် အကျဉ်းသားဦးရေ ၈၀,၀၀၀ ဝန်းကျင် ရှိကြောင်း ၎င်းက ပြောသည်။

(ခင်မို့မို့လွင်)

ကိုဗစ်နိုင်တင်း အန္တရာယ်ရှိသော်လည်း ပြည်တွင်းဘဏ်များ ဝန်ဆောင်မှုဆက်လက်ပေးနေမည်

မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသည့် ဖြစ်စဉ်များရှိသော်လည်း ပြည်တွင်းဘဏ်များသည် ဘဏ်ဖွင့်ရက်အတိုင်း ဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်အတိုင်း ဆက်လက် ဆောင်ရွက်ပေးနေမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။

မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ အသုံးပြုကာ ငွေလွှဲ ငွေပို့ရာတွင် သတ်မှတ်ထားသည့် ပုံမှန်ပမာဏထက် တိုးမြှင့်ခွင့်ပြုပေးထားကြောင်းနှင့် ဘဏ်ခွဲများတွင်သာမက အလိုအလျှောက်ငွေထုတ်စက် (ATM) များတွင် ငွေပြတ်လတ်မှု မရှိအောင် စီစဉ်ထားရန် ဘဏ်များကို ညွှန်ကြားထားကြောင်း ဗဟိုဘဏ်၏ မတ် ၂၄ ထုတ်ပြန်ချက်က ဆိုသည်။  

သို့သော်လည်း မလိုလားအပ်သည့် လူစုလူဝေး မဖြစ်စေရန်နှင့် ကိုရိုနာဗိုင်းရပ်ကူးစက်နိုင်သည့် အခြေအနေများ  မဖြစ်ပေါ်လာစေရန် အစီအမံများကိုမူ ဘဏ်များဘက်က ကိုယ်တိုင်လုပ်ဆောင်ရမည်ဟု ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က Myanmar Now ကို ပြောသည်။

ဘဏ်ဝန်ထမ်းများနှင့် ဘဏ်သို့လာရောက်သူများအတွက် လက်သန့်ဆေးရည်များ ထားပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပြီးမှ ဝင်ရောက်ခွင့်ပြုခြင်း၊ ထိတွေ့မှု ရှောင်ရှားနိုင်ရန်အတွက် ထိုင်ခုံနေရာများ ချဲထားပေးခြင်း စသည့်အချက်များကို ဘဏ်များက ဆောင်ရွက်နေပြီ ဖြစ်သည်ဟု ဘဏ်တာဝန်ရှိသူများက ပြောသည်။

"ဝန်ထမ်းတွေအတွက်လည်း တောက်လျှောက် သတင်းအချက်အလက်တွေ ပေးနေတယ်။ ဝန်ထမ်းတွေကို ပြောထားတာက မဖြစ်မနေ mask တွေ တပ်ရမယ်။ ငွေထုတ်ကိုင်ထားပြီးတိုင်း (အရက်ပြန်) သတ်မှတ်ပမာဏ ပါတဲ့ လက်သန့်ဆေးရည်နဲ့ ဆေးရမယ်။ အလုံအလောက်လည်း ထားပေးထားတယ်” ဟု CB ဘဏ်မှ အထွေထွေမန်နေဂျာ ကိုဇေယျာကျော်က ပြောသည်။

နိုင်ငံတစ်ဝန်း ဘဏ်ခွဲအများဆုံး ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ်တွင်လည်း ဝန်ထမ်းများကို ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်နှင့် အကြံပြုချက်များ ထုတ်ပြန်ထားကြောင်း၊ ဝန်ထမ်းများ၏ ကျန်းမာရေးအခြေအနေအတွက်လည်း ဌာနတွင်း ဖွဲ့စည်းထားသည့် ကော်မတီဖြင့် စောင့်ကြည့်စစ်ဆေးနေကြောင်း၊ ဝန်ထမ်းများကို အလုပ်ချိန်ခွဲပြီး တစ်လှည့်စီ လုပ်ခွင့်ပြုထားကြောင်း စသည်ဖြင့် ဘဏ်၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

(ဟေမာန်ပြည့်)

ကျောက်ဖြူတွင် ကိုဗစ်နိုင်တင်း စောင့်ကြည့်လူနာ သုံးဦးရှိ

ရခိုင်ပြည်နယ် ကျောက်ဖြူဆေးရုံတွင် ထိုင်းနှင့် မလေးရှားနိုင်ငံများမှ ပြန်ရောက်လာသည့် လူငယ် ၃ ဦးကို ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စောင့်ကြည့်နေသည်ဟု ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က Myanmar Now ကို ပြောသည်။

၎င်းတို့ သုံးဦးအနက် တစ်ဦးမှာ ထိုင်းနိုင်ငံမှ မတ် ၂၀ တွင် ပြန်ရောက်လာသူဖြစ်ပြီး ကျန်နှစ်ဦးမှာ မတ် ၂၃ တွင် မလေးရှားနိုင်ငံမှ ပြန်ရောက်လာခြင်း ဖြစ်သည်။ ၎င်းတို့သုံးဦးမှာ ကျောက်ဖြူမြို့နယ် တိုင်းချောင်းရွာ၊ ရွှေညိုမရွာနှင့် ရတနာရွာတို့မှ အသီးသီးဖြစ်သည်ဟု ဦးစိုးမိုးကျော်က ပြောသည်။

နိုင်ငံခြားက လူတွေပြန်လာရင် စစ်ဆေးဖို့ အုပ်ချုပ်ရေးမှူးတွေကို စာထုတ်ထားလို့ စစ်ဆေးကြတာ၊ စောင့်ကြည့်တာကတော့ သူတို့ (ဆရာဝန်များ) လိုအပ်လို့ စောင့်ကြည့်တာဖြစ်မှာပါ” ဟု ဦစိုးမိုးကျော်က ပြောသည်။

မတ် ၁၃ မှ စတင်ပြီး ကျောက်ဖြူမြို့နယ်သို့ နိုင်ငံခြားမှ လာရောက်သူ ဒေသခံများနှင့် နိုင်ငံခြားသားများကို လေဆိပ်၊ ကားဂိတ် စသည့်နေရာများတွင် စောင့်ကြည့်စစ်ဆေးနေသည်ဟု ဆိုသော်လည်း အစစ်ဆေး မခံရဘဲ ရွာများသို့ ရောက်လာသူများ ရှိသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆေးရုံများသို့ ခေါ်ဆောင်သွားရကြောင်း ၎င်းက ပြောသည်။

ဦးစိုးမိုးကျော်၏ အချက်အလက်များအရ မတ် ၁၃ ရက်မှ မတ် ၂၅ အထိ နိုင်ငံခြားမှ ပြန်လာသူ ဒေသခံ ၄၆ ဦးရှိပြီး နိုင်ငံခြားသား ခြောက်ဦးရှိသည်ဟု သိရသည်။

(အောင်ငြိမ်းချမ်း)

အသွားအလာ ကန့်သတ်စောင့်ကြည့်မှုအတွက် စီစဉ်ထားသည့် ရန်ကုန်ရှိ နေရာများ

ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လာသူများအား အသွားအလာကန့်သတ်ပြီး စောင့်ကြည့်မှုများ ပြုလုပ်ရန် ရန်ကုန်တိုင်းအတွင်းရှိ တရားရိပ်သာ၊ ဘုန်းကြီးကျောင်း၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ ဟိုတယ်များနှင့် အားကစားလေ့ကျင့်ရေးကျောင်းတို့ကို ပြင်ဆင်ပေးထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက Myanmar Now ကို မတ် ၂၄ တွင် ပြောသည်။

ယင်းနေရာများမှာ မှော်ဘီမြို့ရှိ ဓမ္မဒူတဆေကိန္ဒာရာမ တရားရိပ်သာကျောင်း၊ လှိုင်တက္ကသိုလ်နယ်မြေရှိ ပညာရေးဝန်ထမ်းများ အိမ်ရာ၊ တောင်ဒဂုံ သီရိဂုဏ်ဝေပထမဗိမာန် ဘုန်းကြီးကျောင်းနှင့် အောင်မင်္ဂလာအဝေးပြေးဂိတ်အနီးရှိ ဟိုတယ်တစ်ခုတို့ ဖြစ်ပြီး စုစုပေါင်း လူဦးရေ ၁,၀၀၀ ဝန်းကျင် ထားရှိနိုင်မည်ဟု သိရသည်။

ဧရာဝတီဖောင်ဒေးရှင်း၏ အကူအညီဖြင့် တာမွေမြို့နယ်ရှိ လူဦးရေ ၁၅၀ ဆန့် ဧရာဝတီဘဏ်လေ့ကျင့်ရေးသင်တန်းကျောင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ လူဦးရေ ၅၀ ဆန့်  ဘောလုံးအကယ်ဒမီသင်တန်းကျောင်းတို့ကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်မှုအတွက် အသုံးပြုထားပြီး အစားအသောက်ကိုလည်း အခမဲ့စီစဉ်ပေးထားသည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မီဒီယာဌာနတာဝန်ခံ ဦးဇော်မင်းထိုက်က Myanmar Now ကို ပြောသည်။ လက်ရှိတွင် အဆိုပါ နေရာနှစ်ခု၌ ပြည်ပမှ ပြန်လာသူ ၆၆ ဦး လက်ခံပြီး ဖြစ်သည်ဟု သိရသည်။

အဆိုပါနေရာများအပြင် ရန်ကုန်မြို့ရှိ ဟိုတယ် ၇ ခု ကိုလည်း အသွားအလာကန့်သတ်စောင့်ကြည့်မှုအတွက် စီစဉ်ပေးထားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဌ ဦးခင်အောင်ထွန်းက ပြောသည်။

ဟိုတယ် ၅ ခုတွင် အခန်းပေါင်း ၃၁၅ ခန်း ရှိပြီး ပြည်ပမှ ပြန်လာသူများ နေထိုင်နိုင်ကြောင်း၊ နံနက်စာ၊ နေ့လည်စာ၊ ညစာ အပါအဝင် အခန်းခ ၃၅,၀၀၀ မှ ၄၅,၀၀၀ ကျပ်ခန့်သာ ကျသင့်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကျန် ဟိုတယ် ၂ ခုပေါင်းတွင် အခန်း ၂၀၀ ရှိပြီး ရန်ကုန်ဆေးရုံကြီးနှင့် ဝေဘာဂီဆေးရုံတို့မှ ဆရာဝန်များအတွက် အခမဲ့ စီစဉ်ပေးထားသည်ဟုလည်း ဦးခင်အောင်ထွန်းက ပြောသည်။

ပြည်ပမှ ပြန်လာသူများအနေဖြင့် အသွားအလာကန့်သတ်စောင့်ကြည့်မှုကို လက်ခံပြီး COVID-19 ရောဂါ မပြန့်ပွားအောင် ထိန်းချုပ်ကာကွယ်မှုကို အစိုးရနှင့် အပြည့်အဝ ပူးပေါင်းကူညီပေးရန်လိုသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက မတ် ၂၄ တွင် Myanmar Now ကို ပြောသည်။

"တစ်ချို့တွေက quarantine မလုပ်ချင်ဘူး။ အမျိုးမျိုး အဖုံဖုံ ရှောင်လွှဲတာတွေ ရှိတယ်။ ဒါဟာ အလွန်ကို မှားယွင်းပါတယ်။ ဒါဟာ လူသားတစ်ယောက်ရဲ့ တာဝန်ကို လုံးဝကို ဖောက်ဖျက်ရာ ကျပါတယ်" ဟု ၎င်းက ပြောသည်။

(စန္ဒာဉာဏ်)

ကိုဗစ်နိုင်တင်း စောင့်ကြည့်၊ သံသယနှင့် ကူးစက်ခံရသည့်လူနာများ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ် ၂၅ ည ၉ နာရီ ၄၅ မိနစ်တွင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ လူပုဂ္ဂိုလ် ၂၇၆ ဦးကို ကိုရိုနာဗိုင်းရပ်ပိုး ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးထားပြီး သုံးဦးတွင် ရောဂါပိုးတွေ့ရှိကာ ၂၁၃ ဦးတွင် ပိုးမတွေ့ကြောင်း၊ ကျန် ၆၀ ဦး၏ ဓာတ်ခွဲအဖြေကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

ပိုးတွေ့လူနာ အမျိုးသားသုံးဦးကို ကို ရန်ကုန်ရှိ ဝေဘာဂီအထူးကုဆေးရုံ၊ အင်းစိန်ပြည်သူ့ဆေးရုံနှင့် ချင်းပြည်နယ် တီးတိန်ရှိ တီးတိန်ပြည်သူ့ဆေးရုံတို့တွင် အသီးသီး ကုသပေးနေကြောင်း ဝန်ကြီးဌာနက ဆိုသည်။

၎င်းတို့ သုံးဦးစလုံးမှာ အမေရိကနှင့် အင်္ဂလန်တို့မှ လတ်တလော ပြန်လာကြသူများ ဖြစ်သည်။

၂၆ နှစ်အရွယ် နောက်ဆုံးလူနာမှာ အင်္ဂလန်မှ မတ် ၂၁ တွင် ပြန်လာသူ ဖြစ်ပြီး ရန်ကုန် အင်းစိန်မြို့နယ်ရှိ တောင်သူကုန်းရပ်ကွက်၌ နေထိုင်သည်။ ၎င်းကို အနီးကပ်ပြုစုခဲ့သည့် ၎င်း၏ အစ်ကိုကို ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်မိသားစုဝင် ၇ ဦးနှင့် ၎င်းသွားရောက်ခဲ့သည့် ဆံပင်ညှပ်ဆိုင်ရှိ လူနှစ်ဦးတို့ကို နေအိမ်တွင် ၁၄ ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်မည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်က Myanmar Now ကို ပြောသည်။

ရောဂါပိုးတွေ့ရှိသူ အမျိုးသားနေထိုင်သည့် တောင်သူကုန်းရပ်ကွက်ရှိ ကွင်းမွှေး (၃) လမ်းတွင် အိမ်ခြေ ၅၀ ခန့် ရှိပြီး ယခုအခါ အဆိုပါလမ်းအတွင်း ဝင်ထွက်သွားလာခွင့် ပိတ်ထားကြောင်း ဦးရန်နိုင်က ပြောသည်။

တီးတိန်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် ၃၆ နှစ်အရွယ် လူနာမှာ မတ် ၁၃ တွင် မြန်မာနိုင်ငံသို့ အမေရိကမှ ခေတ္တပြန်လာသူ ဖြစ်သည်။ ၎င်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်ကိုင်းတိုင်း ကလေးမြို့သို့ မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့်လည်းကောင်း၊ ကလေးမြို့မှ တီးတိန်သို့ မတ် ၁၇ တွင် ဘတ်စ်ကားဖြင့်လည်းကောင်း ခရီးသွားခဲ့သည်။

ထို့ကြောင့် ၎င်းလိုက်ပါခဲ့သည့် လေယာဉ်ကို ပိုးသတ်ဆေးဖြန်းထားပြီး လေယာဉ်မောင်းနှင်ခဲ့သူ လေယာဉ်မှူးနှစ်ဦးနှင့် လေယာဉ်မယ် သုံးဦးအပြင် ၎င်းကို လေဆိပ်တွင် ကြိုခဲ့သူ အမျိုးသမီးတစ်ဦး၊ ၎င်းနှင့်အတူ စီးနင်းလိုက်ပါခဲ့သူ ခရီးသည်များအားလုံးကို ၎င်းတို့နေအိမ်များတွင် ၁၄ ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်မည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ထုတ်ပြန်ထားသည်။

ဝေဘာဂီအထူးကုဆေးရုံရှိ ၂၆ နှစ်အရွယ် ပိုးတွေ့လူနာမှာ မတ် ၂၂ တွင် ရန်ကုန်သို့ အင်္ဂလန်မှ ပြန်ရောက်လာသူဖြစ်ပြီး ယင်းနေ့တွင်ပင် အသွားအလာကန့်သတ်စောင့်ကြည့်ထားခဲ့သူ ဖြစ်သည်။

(ဝင်းနန္ဒာ၊ စန္ဒာဉာဏ်)

 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading