တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ် သတင်းမှားပေါင်း ၂၀ ကျော် ထွက်ပေါ်ခဲ့

လူအများစိုးရိမ်ထိတ်လန့်ချိန်ကို အခွင့်ကောင်းယူလေ့ရှိသည့် သတင်းမှားဖြန့်သူများမှာ ယနေ့ တရက်အတွင်း အကြောင်းအရာကွဲများစွာဖြင့် အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာခဲ့သည်

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ နှစ်ဦးတွေ့ရှိကြောင်း ယနေ့ (မတ် ၂၄ တွင်) အစိုးရက တရားဝင် ထုတ်ပြန်လိုက်သည့်နောက် သတင်းမှား အများအပြားထွက်ပေါ်လာခဲ့သည်။ Myanmar Now ၏ စောင့်ကြည့်စစ်ဆေးမှုများအရ တစ်နေ့တည်းမှာပင် လူအများကို စိုးရိမ် ထိတ်လန့်စေသည့် သတင်းမှား အကြောင်းအရာပေါင်း (၂၀) ထက်မနည်း ရှိခဲ့ပြီး အဆိုပါသတင်းမှားများကို ပြန်လည်ဖြန့်ဝေသူ သောင်းချီရှိခဲ့သည်။ အဆိုပါသတင်းမှားများထဲမှ လူအများကိုစိုးရိမ်မှုဖြစ်စေပြီး အပျံ့နှံ့ဆုံးဖြစ်ခဲ့သည့် သတင်းမှားများကို ဖော်ပြလိုက်ပါသည်။

ပဲခူးစက်ရုံတစ်ခုမှာ Covid-19 ကူးစက်ခံထားရသူတစ်ဦး လဲကျ (သတင်းမှား)

အဆိုပါအကြောင်းအရာသည် သတင်းမှားတပုဒ်သာဖြစ်သည်။ Htet Nay Aung ဆိုသည့် account မှ “အခုပဲခူးကစက်ရုံမှာ Covid-19 ကူးစက်ခံထားရသူတစ်ဦး လဲကျသွားပါတယ်‌၊ ထောင်နဲ့ချီတဲ့စက်ရုံအလုပ်သမားများ၊ အထိတ်တလန့် ထွက်ပြေး” ကြောင်း ရေးသားခဲ့သည့် အကြောင်းအရာဖြစ်သည်။

အဆိုပါအကြောင်းအရာကို ပြန်လည်မျှဝေသည့်အကြိမ်ရေ တစ်ထောင်နီးပါးရှိခဲ့သည်။ အဆိုပါအကြောင်းအရာကို Sai Sai khan Leng ဆိုသည့် အဆိုတော် စိုင်းစိုင်းခမ်းလိုင် အယောင်ဆောင်ထားသည် Page အတုကလည်းဖြန့်ဝေခဲ့သည်။

အမျိုးသမီးများ လဲကျနေသည့်ပုံနှင့် ထွက်ပြေးနေသည့်ပုံများကို အသုံးပြုထားသည်။ ဓာတ်ပုံများကို စစ်ဆေးကြည့်သည့်အခါ ၂၀၁၇ ခုနှစ်အတွင်းက ပဲခူးရှိ အထည်ချုပ်စက်ရုံတစ်ခုမှသရဲ ပူးကပ်သည်ဆိုကာ အလုပ်သမားများ အထိတ်တလန့်ဖြစ်ခဲ့ကြသည့် ဓာတ်ပုံများဖြစ်ပြီး မီဒီယာများက ရေးသားခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။

ထို့အပြင် Myanmar Now မှ ပဲခူးစက်မှုဇုန်ကြီးကြပ်ရေးကော်မတီမှ ကို ဆက်သွယ်မေးမြန်းရာမှာ ပဲခူး (ဘောနက်ကြီး) စက်မှုဇုန်အတွင်းမှ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း တရုတ်နိုင်ငံသား တစ်ဦးလဲကျခြင်းမှာ COVID-19 ကြောင့်မဟုတ်ဘဲ အပူလျှပ်ခြင်းသာဖြစ်ကြောင်း သိရသည်။

ပဲခူး စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးဟိန်းထက်က “ဘက်ဟိုးမောင်းတဲ့သူပါ။ နေကလည်းအရမ်းပူတော့ ကိုယ်အပူရှိန်တက်ပြီး heat attack (heat stoke) ဖြစ်သွားတာပါ။ သေလည်း မသေဘူး။ ဘာမှမဖြစ်ဘူး” ဟုပြောသည်။

ဘောနပ်ကြီးစက်မှုဇုန်အတွင်းမှ မြန်မာ့အလှကုမ္ပဏီလီမိတက်မှ ဆောက်လုပ်ဆဲစက်ရုံတွင် ဘတ်ဟိုးမောင်းနေသည့် တရုတ်နိုင်ငံသားသည် မတ် ၂၄ နေ့လည်ပိုင်းက မူးလဲသွားခြင်းဖြစ်သည်။

အဆိုပါ စက်ရုံသို ကျန်းမာရေးဌာနနှင့် အုပ်ချုပ်ရေးအဖွဲများလည်း နေ့လယ်ပိုင်းက သွားရောက်စစ်ဆေးခဲ့သည် ဟု ပဲခူးတိုင်း မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောသည်။

ယခုအခါ အဆိုပါ Htet Nay Aung ဆိုသည့် Account နှင့် Sai Sai khan Leng Page အတုကို Facebook တွင်မတွေ့ရတော့ပေ။

ဝေဘာဂီမှ Covid-19 လူနာထွက်ပြေး ( သတင်းမှား)

အဆိုပါအကြောင်းအရာကို Account တုများစွာဖြင့် တပြိုင်နက် ဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။ Myanmar Now စောင့်ကြည့်စစ်ဆေးမှုအရ အဆိုပါအကြောင်းအရာကို ဖြန့်ဝေခဲ့သည့်အကြိမ်ရေ ရာနှင့်ချီရှိခဲ့ပြီး Account အစစ် အသုံးပြုသူ တချို့ကလည်း ပြန်လည်ဖြန့်ဝေခဲ့ကြသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ကိုရိုနာဗိုင်းရပ်ကူးစပ်ခံရသည့်လူနာမှာ ကျန်းမာရေးကောင်းမွန်ပြီး သီးခြားထားရှိ (Isolation) ပြီး စနစ်တကျစောင့်ကြပ်ကုသနေကြောင်း သိရသည်။ 

တီးတိန်မှ ကိုရိုနာဗိုင်းရပ်ကူးစပ်ခံရသူ သေဆုံး (သတင်းမှား)

အဆိုပါအကြောင်းအရာသည် သတင်းမှား ဖြစ်သည်။ Nyome Tun ဆိုသည့် Account ပိုင်ရှင်က “ကိုရိုနာကူးစက်ခံ တီးတိန် အမျိုးသား ယနေ့နံနက် ဆုံးသွားပါပြီ RIP” ဟု ရေးသားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ရေးသားချက်ကို ပြန်လည်မျှဝေမှု တစ်ထောင်ကျော်ရှိခဲ့ပြီး ထပ်ဆင့်ကူးယူဖော်ပြမှုများလည်း ရှိခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်မှုနှင့် Myanmar Now က တီးတိန်ဆေးရုံရှိ အထွေထွေရောဂါကုသမားတော် ဒေါက်တာကျော်ဇင်လင်းကို မေးမြန်းချက်အရ အဆိုပါ ရောဂါပိုးတွေ့ရသည့် တီးတိန်မှ အမျိုးသားသည် ကျန်းမာစွာဆေးကုသမှုခံယူလျက်ရှိကြောင်း သိရပြီး Nyome Tun ၏ ရေးသားမှုမှာ သတင်းမှားသာဖြစ်သည်။ လက်ရှိတွင် အဆိုပါ အကောင့်ပိုင်ရှင်ကို Facebook တွင် မတွေ့ရှိရတော့ပေ။

ရန်ကုန်ဆေးရုံကြီးတွင် ကူးဆက်ခံရသူ ၃၃ ဦးရှိပြီ (သတင်းမှား)

အဆိုပါအကြောင်းအရာသည် သတင်းမှားဖြစ်သည်။ အမျိုးသမီးတစ်ဦးအသံဖြင့် “ရန်ကုန်ဆေးရုံကြီးတင် ကူးစက်ခံရသူ ၃၃ ယောက် ရှိပြီးပြီ” ဟုအစချီကာ ပြောထားသည့် ၂၂ စက္ကန့်ကြာ အသံဖိုင်ဖြစ်သည်။ ကူးစက်ခံသူ ၃၃ ဦးရှိပြီး လူများစိုးရိမ်ထိတ်လန့်မည်စိုးသောကြောင့် နှစ်ယောက်သာ စတင်ကြေညာခြင်းဖြစ်သည်ဟု ပြောကြားထားသည့် အဆိုပါအသံဖိုင်ကို Facebook Messenger မှတဆင့် သတင်းမှားဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် သတင်းမှားဖြန့်ဝေလေ့ရှိသည့် Click Baits ဝက်ဆိုက်များမှလည်း ပုံတူကူးချကာ ဖြန့်ဝေခဲ့ကြသည်။ အဆိုပါအကြောင်းအရာနှင့်ပတ်သက်ပြီး သတင်းမှားသာဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးတွင် ကိုရိုနာဗိုင်းရပ် ကူးစက်လူနာမရှိသေးကြောင်း နှင့် ကောလာဟလဖြန့်ဝေသူများကို အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးက ထုတ်ပြန်ခဲ့သည်။ အရေးယူမှု တစုံတရာတော့ ယခုအချိန်ထိ မတွေ့ရသေးပေ။

ကလေးမြို့ တည်နေရာဖော်ပြထားသည့် ဆေးရုံမှ Covid-19 လူနာထွက်ပြေး (သတင်းမှား)

စစ်ကိုင်းတိုင်း ကလေးမြို့ တည်နေရာဖော်ပြထားသည့် စောင့်ကြည့်နေစဉ်ကာလအတွင်း ဆေးရုံမှ ထွက်ပြေးသွားပြီဟု ကောလာဟလများ ပျံ့နှံ့နေသည့် သတင်းမှာ သတင်းမှား တပုဒ်ဖြစ်သည်။ အစိုးရ၏ ထုတ်ပြန်ချက်အရမူ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် စောင့်ကြည့်၊ သံသယလူနာ မရှိသေးပေ။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နေထိုင်သည်ဟု ရေးသားထားသည့် Boih Key ဆိုသည့် Facebook Account က “Covid19 လူနာ တာဟန် ဝီစလီး ဆေးရုံက ထွက်ပြေးသွားပါတယ်။ ရဲများက ခု ရှာနေတာ မတွေ့သေးပါဘူး။ အပြင်မသွားကြပါနဲ့” ဟု ကလေးမြို့တွင် ရောက်ရှိသယောင် ရေးသားထားပြီး မျှဝေမှုအကြိမ်ရေ တစ်သောင်းနီးပါးရှိခဲ့သည်။

အစိုးရ၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း ကလေးမြို့တွင် သံသယလူနာ မရှိပေ။ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့တွင်သာ စောင့်ကြည့်ခံ လူ နှစ်ဦးရှိသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။ အဆိုပါ Boih Key ဆိုသူမှာ ဂျူတီကုတ် ဝတ်ထားပြီး ဆရာဝန်ပုံစံနှင့် ဓာတ်ပုံကို Profile အဖြစ်တင်ထားကာ အမည်မှန်နှင့် ရုပ်ပုံအမှန် ဖြစ်မည်ဟု ယုံကြည်နိုင်စရာမရှိပါ။

အဆိုပါ သတင်းမှားမှာ လူပေါင်းများစွာထံ ပျံ့နှံ့ခဲ့သော်လည်း စတင်ဖြန့်ဝေခဲ့သူ Boih Key ဆိုသူ၏ Facebook Account မှာ ယခု မရှိတော့ပေ။

ယခုအခါ ရောဂါပိုးတွေ့ရှိမှုနှင့်ပတ်သက်ပြီး ကောလာဟလများ အလွန်အမင်း ပျံ့နှံ့လျက်ရှိသည်။ သတင်းမှားများတင်လေ့ရှိသည့် ဝက်ဆိုက်များမှလည်း သူတို့နှင့်ချိတ်ဆက်ထားသည့် Page များ Group များမှတဆင့် Account အတုများအသုံးပြုက သတင်းမှားမှားဖြန့်ဝေခြင်း အကြောင်းအရာဟောင်းများကို အများပြည်သူထိတ်လန့်စေရန် ပြန်လည်ဖြန့်ဝေနေခြင်းများရှိသည်။ ထို့ကြောင့် ပြည်သူများအနေနှင့် ယုံကြည်စိတ်ချရသော သတင်းဌာနများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့၏ တရားဝင် ထုတ်ပြန်ချက်များကိုသာ ယုံကြည်ကြရန် အရေးကြီးပါသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading