မြန်မာနိုင်ငံသို့ ပြန်လာကြသည့် ပြည်တော်ပြန်များအကြား ကိုရိုနာဗိုင်းရပ် သံသယဖြစ်ဖွယ် အခြေအနေများကို Myanmar Now သတင်းဌာနက စုံစမ်းရရှိထားသည့် စုစည်းတင်ပြထားပါသည်
ပျော်ဘွယ်၊ မန္တလေးတိုင်း
ထိုင်းနိုင်ငံမှ ပြန်ရောက်လာသည့် အသက် ၂၄ နှစ်အရွယ်အမျိုးသားတစ်ဦးတွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများတွေ့ရှိရ၍ စမ်းသပ်မှုပြုလုပ်ကာ စောင့်ကြည့်နေပြီး အဖြေကိုမနက်ဖြန် (မတ် ၂၄) တွင် သိရမည်ဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် ရန်အောင်တိုက်နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ နေလင်းအောင်က ပြောသည်။
ယင်းအမျိုးသားသည် မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ဆိတ်ချိုအုပ်စု စံကျော်နက်ကျေးရွာမှ ဖြစ်ပြီး ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေရာမှ မြန်မာနိုင်ငံသို့ မတ် ၁၄ တွင် ပြန်လည် ရောက်ရှိလာခဲ့သူဖြစ်သည်။
“၂၁ ရက်နေ့မှာ ဆေးရုံကိုရောက်တာ။ အရင်ကဘာရောဂါမှမရှိခဲ့ဘူး။ လက္ခဏာတွေက ဖျားတာနာတာ ချောင်းဆိုးတာတွေ ဒီလက္ခဏာတွေဆိုတော့ သီးသန့်စောင့်ကြည့်နေတယ်။ စမ်းသပ်မှု အဖြေကို မနက်ဖြန်လောက်မှ သိရမယ်” ဟု ၎င်းကဆိုသည်။
မြို့နယ်ဆေးရုံအုပ် ဆရာဝန်ကြီး ဒေါက်တာခင်မာလာက အုပ်ချုပ်ရေးရုံးနှင့် အစည်းအဝေးပြုလုပ်ကာ ပျော်ဘွယ်မြို့နယ်အတွင်း နိုင်ငံခြားမှပြန်လာသူများနှင့် မိသားစုဝင်များလိုက်နာရမည့်စည်းကမ်းများကို နှိုးဆော်ထားပြီး “ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက ပြန်လာတဲ့သူတွေအကုန်လုံးကို သိရမယ်။ ထူးခြားတဲ့ လက္ခဏာတွေရှိရင် အဆင့်ဆင့် သတင်းပို့ချိတ်ဆက်ဖို့ ညွှန်ကြားထားတယ်” ဟု ဆိုသည်။
မော်လမြိုင်၊ မွန်ပြည်နယ်
ထိုင်းမှ မွန်ပြည်နယ်သို့ ပြန်ရောက်လာသည့် လင်မယားနှစ်ဦး ကိုယ်ပူချိန်မြင့်တက်နေသည့်အတွက် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ယနေ့ (မတ် ၂၃) တွင် ရောက်ရှိနေကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က Myanmar Now ကို အတည်ပြုပြောဆိုသည်။
“စောင့်ကြည့်အဆင့်ပါ။ မနေ့က ဘန်ကောက်က ပြန်လာတယ်။ ဒီနေ့ မွန်ပြည်နယ်ရောက်တယ် မော်လမြိုင်ရောက်တယ် သူတို့ အဆုတ်နဲ့ပတ်သက်လို့ ရောဂါလက္ခဏာတော့ မရှိသေးဘူး အဖျားလေးနည်းနည်းရှိလို့ ကျွန်တော်တို့ စောင့်ကြည့်မှာပါ” ဟု ၎င်းကအတည်ပြုသည်။
အမျိုးသားမှာ အသက် ၅၂ နှစ်နှင့် အမျိုးသမီးမှာ အသက် ၄၂ နှစ်ဖြစ်ပြီး မော်လမြိုင်၊ သွေးသောက်ရွာမှဖြစ်ကြောင်း၊ ဆေးရုံတွင် အနည်းဆုံး ၇ ရက်မှ ၁၄ ရက်အထိ ထားပြီး စောင့်ကြည့်သွားမည်ဟု ဒေါက်တာကျော်မြင့်ကဆိုသည်။
လက်ရှိကိုယ်ပူချိန်မှာ တစ်ဦးမှာ ၉၉ ဒီဂရီဖာရင်ဟိုက်ဖြစ်ပြီး ကျန်တစ်ဦးမှာ ၁၀၀ ဒီဂရီဖာရင်ဟိုက်ရှိကြောင်း၊ အခြားရောဂါလက္ခဏာများ မတွေ့ရသေးကြောင်း ၎င်းကပြောသည်။
ယနေ့ လူနာနှစ်ဦးအပါအဝင် မွန်ပြည်နယ်တွင် စောင့်ကြည့်လူနာသုံးဦးရှိနေပြီး ပထမဆုံးလူနာမှာ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသည့် အမျိုးသမီးတစ်ဦးဖြစ်ကာ သံဖြူဇရပ်ဆေးရုံကြီးသို့ မတ် ၁၉ တွင်ရောက်ရှိခဲ့ပြီး ယနေ့အထိ စောင့်ကြည့်ခံနေရဆဲဖြစ်သည်။
၎င်းအပြင် ထိုင်းနိုင်ငံမှ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာသို့ အလည်အပတ်ရောက်ရှိလာသော အသက် ၁၃ နှစ်အရွယ် စောင့်ကြည့်ရမည့် လူနာတစ်ဦးမှာ မတ် ၁၉ တွင် ထိုင်းနိုင်ငံသို့ပြန်လည် ထွက်ပြေးသွားကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
မော်လမြိုင်ဆေးရုံကြီးတွင် လူနာ ၅၀ ဆန့်သည့် Quarantine Ward နှင့် လူနာ ၅ ဦးဆန့်သည့် Isolation Ward များပြင်ဆင်ထားကြောင်း၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း အခု ၁၅,၀၀၀ ခန့်၊ N 95 Mask အခု ၁၀၀ ခန့်နှင့် PPE ဝတ်စုံ ၅ဝ ခန့် ပြင်ဆင်ထားကြောင်း ဒေါက်တာကျော်မြင့်ကဆိုသည်။
ကသာ၊ စစ်ကိုင်းတိုင်း
စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင်လည်း တရုတ်နိုင်ငံမှပြန်လာသူ အမျိုးသားတစ်ဦး ဖျားနေသဖြင့် အိမ်တွင်စောင့်ကြည့်လူနာအဖြစ် နေခိုင်းထားသော်လည်း ရွာခံများက ကြောက်ပြီးလက်မခံသဖြင့် ဆေးရုံတွင် စောင့်ကြည့်နေကြောင်း ကသာဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးကပြောသည်။
စောင့်ကြည့်လူနာမှာ အသက် ၂၅ နှစ်ရှိပြီး ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နိုင်ငံ ရွှေလီမှပြန်လာကာ နေအိမ်တွင်ဖျားနေ၍ မိသားစုကပါလက်မခံသဖြင့် ယခုကဲ့သို့ဆေးရုံတွင် သီးခြားထားစောင့်ကြည့်နေသည်ဟု ဆိုသည်။
၎င်းကို ကသာမြို့နယ် ကျောက်ထုံးကြီး တိုက်နယ်ဆေးရုံတွင် ၁၄ ရက်ကြာစောင့်ကြည့်သွားမည်ဟု ဆေးရုံအုပ်ကဆိုသည်။
“စောင့်ကြည့်လူနာပါ အခုညနေပဲ ရန်ကုန်က အမျိုးသားဓာတ်ခွဲဌာနကို ပို့မယ်။ သူက တရုတ်ပြည်ကပြန်လာပြီးတော့ ခုလိုထဖြစ်တာ။ သူ့မိသားစုက လက်မခံဘူးဆိုတော့ ဆေးရုံမှာ သီးခြားထားစောင့်ကြည့်ရမှာပေါ့” ဟု ကသာမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောသည်။
ကသာတွင်ယခုလူနာမှာ ပထမဆုံးစောင့်ကြည့်လူနာဖြစ်သည်။
မိတ္ထီလာ၊ မန္တလေးတိုင်း
ထိုင်းမှပြန်ရောက်လာသော အမျိုးသမီးတစ်ဦး ချောင်းဆိုးခြင်း၊ ဖျားနာခြင်းတို့ကြောင့် မိတ္ထီလာမြို့နယ်ဆေးရုံတွင် စောင့်ကြည်လူနာအဖြစ် ဆေးကုသမှုခံယူနေပြီး ဆေးစစ်ချက်ရရှိရန် အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းသို့ ယနေ့ (မတ် ၂၃) ပေးပို့သွားမည်ဖြစ်ကြောင်း မိတ္ထီလာဆေးရုံအုပ် ဒေါက်တာညွန့်စိန်ကပြောသည်။
ထိုင်းမှပြန်ရောက်လာပြီး ၅ ရက်ခန့်အကြာတွင် ဖျားနာမှုဖြစ်ပြီး တစ်ပတ်ကြာ ချောင်းဆက်တိုက်ဆိုးနေသည့် အမျိုးသမီးတစ်ဦးကို ရပ်ကွက်နေသူများက အကြောင်းကြား၍ မိတ္ထီလာမြို့နယ်ဆေးရုံသို့ မတ် ၂၂ ညကပို့ဆောင်လိုက်ခြင်းဖြစ်ပြီး ယနေ့တွင် အဖျားမရှိတော့ကြောင်း ဆေးရုံက အတည်ပြုပြောဆိုသည်။
မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးတွင် အဆိုပါ အမျိုးသမီးအပါအဝင် စောင့်ကြည့်လူနာ လေးဦးရှိနေပြီး အဖျားအနည်းငယ်ရှိသူတစ်ဦးမှလွဲ၍ ကျန်သုံးဦးမှာ ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း ဒေါက်တာညွန့်စိန်ကဆိုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









