ထိုင်းရောက်မြန်မာလုပ်သား ၁၅,၀၀၀ ခန့် ၂ ရက်အတွင်း ပြည်တော်ပြန်

ရွေ့ပြောင်းလုပ်သားများ အလုံးအရင်းဝင်ရောက်လာမှုသည် ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုအတွက် စိုးရိမ်စရာဖြစ်သော်လည်း နေရပ်ပြန်လာသူများကို ဝင်ခွင့်ပိတ်၍မရကြောင်း ပြည်နယ်လွှတ်တော်အမတ်ကဆိုသည်

Published on Mar 22, 2020
မြန်မာနိုင်ငံပြန်ရန် ထိုင်းနိုင်ငံဘက်တွင် စောင့်ဆိုင်းနေသည့် မြန်မာရွေ့ပြောင်းလုပ်သားများကို တွေ့ရစဉ် (Credit – Myanmar Labour Attache Office- Thailand)
မြန်မာနိုင်ငံပြန်ရန် ထိုင်းနိုင်ငံဘက်တွင် စောင့်ဆိုင်းနေသည့် မြန်မာရွေ့ပြောင်းလုပ်သားများကို တွေ့ရစဉ် (Credit – Myanmar Labour Attache Office- Thailand)

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ထိုင်းနိုင်ငံ တာ့ခရိုင်ရှိ မြန်မာနယ်စပ်ဂိတ်များကို မနက်ဖြန်မှစ၍ လူအဝင်အထွက် ပိတ်ထားရန် ထိုင်းအာဏာပိုင်များက ကြေညာပြီးနောက် ထိုင်းရောက် မြန်မာရွေ့ပြောင်းလုပ်သား တစ်သောင်းခွဲခန့် ပြည်တွင်းပြန်ဝင်လာကြောင်း ရွေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

ယနေ့(မတ် ၂၂) နံနက်ပိုင်းတွင် မြဝတီချစ်ကြည်ရေး တံတားအမှတ်(၂)မှတစ်ဆင့် လူနှစ်ထောင်ကျော် ဝင်ရောက်ခဲ့ကာ ငါးထောင်ခန့်မှာ ဂိတ်တွင်စောင့်ဆိုင်းနေကြောင်း၊ ယနေ့ည ၁၂ နာရီအထိ ဆက်လက်ဝင်ရောက်ခွင့်ရမည်ဖြစ်ပြီး ယမန်နေ့ကလည်း ၇,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသည့် AAC Myanmar တည်ထောင်သူ ဦးရဲမင်းကပြောသည်။

“မြန်မာပြည်သား ငါးသိန်း၊ ခြောက်သိန်းလောက်ရှိတဲ့ မဟာချိုင်မြို့နယ် တစ်ခုတည်းမှာတင်ကို ကုန်တိုက်တွေ ဈေးတွေ အကုန်ပိတ်သွားပြီဗျ။ လူတွေဟာ အကုန်လုံး တိုက်ခန်းမှာပဲနေရမယ်ဆိုရင် အဲဒီက မြန်မာပြည်သားတွေ ကြိုတင်စုဆောင်းထားတာလည်း မရှိဘူးဆိုတော့ တော်တော်လေး အခက်အခဲဖြစ်မယ့် အနေအထားမှာရှိပါတယ်။ အဲဒါတွေကို ကြောက်ပြီးတော့ စိုးရိမ်ပြီးတော့ ပြန်လာကြတာ” ဟု အမှတ်(၂)တံတားတွင် ရောက်ရှိ‌နေသည့် ၎င်းက ဆိုသည်။

အချို့မှာ ဗီဇာသက်တမ်းမကုန်သေးဘဲ ပြန်လာကြခြင်းဖြစ်ပြီး မတ်လကုန်လျှင် အလုပ်လုပ်ခွင့်သက်တမ်းကုန်မည့် အလုပ်သမား သုံးသိန်းခန့်ရှိပြီး ၎င်းတို့လည်း ပြန်လာကြမည်ဟု ၎င်းကဆက်ပြောသည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနှင့်မဲဆောက် တရားဝင်နယ်စပ်ဂိတ်နှစ်ခုအနက် ချစ်ကြည်ရေးတံတားအမှတ်(၁)ကို မတ် ၂၁ မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ပြီး မနက်ဖြန် (မတ် ၂၃) တွင် အမှတ်(၂)တံတားကို ကုန်ပစ္စည်းမှအပ လူအဝင်အထွက် ပိတ်တော့မည်ဟု တာ့ခရိုင်အုပ်ချုပ်ရေးမှူးက ပြီးခဲ့သည့်နှစ်ရက်က အမိန့်ကြော်ငြာစာ ထုတ်ခဲ့ခြင်းဖြစ်သည်။

ရွေ့ပြောင်းမြန်မာလုပ်သားများ အလုံးအရင်းဝင်ရောက်လာမှုသည် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနိုင်ချေအတွက် စိုးရိမ်စရာဖြစ်သကဲ့သို့ နေရပ်ပြန်လာသူများကိုလည်း ဝင်ခွင့်ပိတ်ပင်၍ မရကြောင်း မြဝတီမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်ကပြောသည်။

“မြန်မာနိုင်ငံသားတွေကနေ ကျွန်တော်တို့ မြန်မာပြည်ထဲပြန်ဝင်လာရင် ဘယ်လိုပဲဖြစ်ဖြစ် ခွင့်ပြုရမှာပဲလေ။ သူတို့အနေနဲ့ နိုင်ငံတွင်းဝင်လာတာ ကျွန်တော်တို့က မဝင်ပါနဲ့ ပြောလို့မရဘူး။ စိုးရိမ်တာက စိုးရိမ်တာ တစ်ပိုင်းပေါ့လေ” ဟုဆိုသည်။

ပြည်တွင်းဝင်လာသည့် မြန်မာနိုင်ငံသားများ၏ နေရပ်လိပ်စာ၊ မြန်မာနိုင်ငံတွင် နေထိုင်မည့်ကြာချိန်၊ ထိုင်းသို့ပြန်မည့်အချိန် စသည့်အချက်အလက်များအားလုံး ယူထားပြီး ဂိတ်တွင်လည်း ကိုယ်ပူချိန်တိုင်းခြင်း ကျန်းမာရေးစစ်ဆေးခြင်းများ လုပ်ပေးနေသည်ဟု ၎င်းကဆက်ပြောသည်။

လက်ရှိအထိ စောင့်ကြည့်ရမည့်လူနာ၊ သံသယရှိလူနာများ မတွေ့သေးဘဲ အကယ်၍ တွေ့ရှိလာပါက သီးသန့်ခွဲထားရန် နေရာနှစ်ခု ပြင်ဆင်ထားပြီး ယင်းအနီးရှိ ပြည်သူများ အစိုးရိမ်လွန်မည်စိုး၍ အတိအကျ မပြောလိုကြောင်း ပြည်သူများအနေဖြင့် လုံးဝစိတ်မပူစေလိုကြောင်း ၎င်းကဆိုသည်။

စောင့်ကြည့်လူနာ၊ သံသယလူနာများနှင့် ပတ်သက်ပြီး အသေးစိတ်စီစဉ်ထားမှုကို မြဝတီခရိုင်အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ စီစဉ်ထားပြီးဖြစ်ကြောင်းသာ ပြန်လည်ဖြေဆိုသည်။

မြဝတီခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာရန်နိုင်ဦး၏ ပြောပြချက်အရ မြဝတီတွင် ယနေ့အထိ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ၊ စောင့်ကြည့်လူနာ၊ အတည်ပြုလူနာ တစ်ဦးမျှမရှိသေးဟု သိရသည်။

“(စောင့်ကြည့်လူနာထားဖို့) လေးကေကော်ဆိုတဲ့ ဆင်ခြေဖုံးမှာ စီစဉ်ထားတယ်။ အဲဒါက အုပ်ချုပ်ရေးမှူးကပိုသိတယ် ကျွန်တော်က တစ်ချက်ပဲ လိုက်ကြည့်ထားလို့။ အဆောက်အဦနဲ့ ဆံ့တဲ့အရေအတွက်က ခရိုင်အုပ်ချုပ်ရေးမှူးပိုသိတယ်” ဟု ၎င်းကပြောသည်။

ယနေ့အထိ ခရိုင်ပြည်သူ့ဆေးရုံတွင် ထိုင်းမှပြန်လာပြီး ကိုယ်ပူချိန်မြင့်၍ ဆေးရုံရောက်သူ သုံးဦးရှိခဲ့ပြီး ကိုဗစ်လက္ခဏာမတွေ့သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း၊ လက်ရှိတွင် အမျိုးသားတစ်ဦးကျန်သေးသည်ဟု ဆေးရုံအုပ်ကပြောသည်။

“စောင့်ကြည့်လည်းမဟုတ်ဘူး သံသယထဲလည်းမဝင်ဘူး။ ကိုယ်ပူချိန်မြင့်ပြီးတော့ ဆေးရုံတက်ပြီး ရောဂါရှာဖွေကုသနေတဲ့အဆင့်။ သူတို့က သံသယလူနာလို့လည်းမခေါ်ဘူး စောင့်ကြည့်လူနာလို့လည်းမခေါ်ဘူး” ဟု ဆိုသည်။

သံသယလူနာများနှင့်ပတ်သက်ပြီး ဆေးရုံတွင်စီစဉ်ထားရှိမှုကို Myanmar Now က မေးမြန်းရာ ဒေါက်တာရန်နိုင်ဦးက အလုပ်များနေသည်ဟုပြောပြီး ဖုန်းချခဲ့သည်။ ထပ်မံ၍ ဖုန်းခေါ်ဆိုသော်လည်း ဖုန်းမကိုင်ခဲ့ပါ။

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် နိုင်ငံရပ်ခြား၌ နေထိုင်သူ နှစ်သန်းကျော်ရှိပြီး ၇၀ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံနှင့် ၁၅ ရာခိုင်နှုန်းမှာ မလေးရှားတွင် ရွေ့ပြောင်းလုပ်သား အဖြစ်လုပ်ကိုင်နေကြသည်။

ကရင်ပြည်နယ် ဘုရားသုံးဆူ၊ မြဝတီနှင့် တနင်္သာရီတိုင်း ကော့သောင်းနယ်စပ်မြို့များသည် ထိုင်းနှင့် မလေးရှားနိုင်ငံသို့သွားသည့် အဓိက ဝင်ပေါက်၊ ထွက်ပေါက်များဖြစ်ကြပြီး မြဝတီနယ်စပ်ဂိတ်ကို အများဆုံးအသုံးပြုကြသည်။

နယ်စပ်ဂိတ်များမှတစ်ဆင့် နိုင်ငံခြားသားများ ဝင်ရောက်ခွင့်ကို မြန်မာနိုင်ငံအစိုးရက မတ် ၁၉ မှစ၍ ကန့်သတ်လိုက်ပြီး မြဝတီမှ မဲဆောက်သို့ နေ့စဉ်အလုပ်ဆင်းနေသော ဒေသခံများအတွက် အချိန်ပိုင်းဖွင့်ပေးထားသည့် ဆီးဂဲဂိတ်၊ သရက်ပင်ဂိတ်နှင့် ဘောဂိတ် တို့မှအပ တရားမဝင်လှေဂိတ်များတွင်လည်း အဝင်အထွက် ပိတ်လိုက်သည်။

ယနေ့အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ မရှိသေးသော်လည်း ထိုင်းနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ ၇၈၇ ဦးနှင့် သေဆုံးသူ တစ်ဦး၊ မလေးရှားနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ ၁,၁၈၃ ဦးနှင့် သေဆုံးသူ ၉ ဦးရှိပြီဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ရောဂါပိုးတွေ့ရှိသူ ၃၀၈,၇၂၀ ရှိပြီး သေဆုံးသူ ၁၃,၀၇၁ ဦး ရှိခဲ့ပြီဖြစ်သည်။

ထိုင်းရောက် မြန်မာရွေ့ပြောင်းလုပ်သားနှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း မတ်လ ၂၀ တွင် ထိုင်းပြည်သူ့ ကျန်းမာရေးဌာနက အတည်ပြုထုတ်ပြန်ထားသည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading