ကိုရိုနာဗိုင်းရပ် ကာကွယ်ရေး ပစ္စည်းမလုံလောက်မှု ကျန်းမာရေးဝန်ထမ်းများ စိုးရိမ်

ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လိုအပ်ချက်များရှိနေပါက မြို့နယ်ဆေးရုံဖြစ်စေ၊ ဆေးရုံကြီးဖြစ်စေ အချိန်မရွေးတင်ပြ တောင်းခံနိုင်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူကဆိုသည်

Published on Mar 21, 2020

မြန်မာနိုင်ငံသို့ ကိုရိုနာဗိုင်းရပ် ကူးစက်လာခဲ့ပါက ဝတ်ဆင်ကုသရန်အတွက် ကိုရိုနာ ဗိုင်းရပ်ကာကွယ်ရေးဝတ်စုံ (PPE) နှင့် ဗိုင်းရပ်ကာကွယ်သည့် နှာခေါင်းစည်းများ အလုံအလောက်မရှိသည့်အပေါ်တွင် ကျန်းမာရေးဝန်ထမ်းများက စိုးရိမ်နေကြသည်။

လတ်တလောအထိ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားသူ မရှိသေးဘဲ စောင့်ကြည့်လူနာ ၁၈၇ ဦးနှင့် သံသယလူနာ ၂ ဦးစုစုပေါင်း ၁၈၉ ဦးရှိပြီး ၁၇၆ ဦးတွင် ရောဂါပိုးမတွေ့ရဘဲ ကျန် ၁၃ ဦးမှာ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲဖြစ်ကြောင်း မတ် ၂၁ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ၊ အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဗိုင်းရပ် ကူးစက်လာပါက ဝတ်ဆင်ကုသရန်အတွက် ကိုရိုနာဗိုင်းရပ် ကာကွယ်ရာတွင် ဝတ်ဆင်ရသည့် PPE ဝတ်စုံနှင့် ရောဂါကာကွယ်သည့် နှာခေါင်းစည်း (N-95 mask) များ အလုံအလောက် မရှိသေး၍ ကျန်းမာရေးဝန်ထမ်းများအတွက်သာမက လူနာများအတွက်ပါ စိုးရိမ်မိသည်ဟု စစ်ကိုင်းတိုင်း ရေဦးမြို့ ပြည်သူ့ဆေးရုံ ဆေးရုံအုပ် ဒေါက်တာအောင်ကျော်နိုင်က ပြောသည်။

လက်ရှိတွင် PPE ဝတ်စုံနှင့် N-95 mask များကဲ့သို့ ရောဂါကာကွယ်ရေးပစ္စည်းများ စာရင်းကောက်ခိုင်းထားကြောင်း လိုအပ်ချက်ကို ကျန်းမာရေးဝန်းကြီးဌာနဘက်က ဖြည့်ဆည်းပေးရန် လုပ်နေသည်ဟု ထင်ကြောင်း ၎င်းကဆိုသည်။

၎င်းတို့ ဆေးရုံတွင် အသက်ရှူစက် (ventilator) မရှိသည့်အပြင် လူနာများအခြေအနေကို စောင့်ကြည့်သည့်စက် (patient monitor) မှာလည်း တစ်လုံးသာရှိသည့်အတွက် ကိုရိုနာ ဗိုင်းရစ် ဖြစ်ပွားကူးစက်လာပါက လူနာများအတွက် စိုးရိမ်သည်ဟု ၎င်းကဆက်ပြောသည်။

“တကယ်တမ်း covid-19 တွေဖြစ်ပြီး အသည်းအသန်လူနာတွေ ဖြစ်လာပြီဆိုရင် ဒီ … အသက်ရှူစက် လိုအပ်တာပေါ့။ လိုအပ်တဲ့အခါမှာ ကျွန်တော်တို့ဆီမှာက လောလောဆယ် မရှိဘူးလေ။ မရှိတဲ့ အတွက်ကြောင့် ဒါနဲ့ ပတ်သက်လို့ကတော့ စိုးရိမ်တာပေါ့” ၎င်းကပြောသည်။

ကိုရိုနာဗိုင်းရပ် သံသယလူနာများရှိလာပါက သီးသန့်ဆောင်တွင် ထားရှိရကာ လည်ချောင်း တို့ဖတ်နာမူနာစကို ရန်ကုန်ရှိ အမျိုးသားဓာတ်ခွဲခန်းဗဟိုဌာနသို့ ပို့ဆောင် စစ်ဆေးရမည်ဖြစ်ပြီး ဆေးစစ်ချက် အောင်မြင်ပါက ရေဦးဆေးရုံတွင် ၁၄ ရက်ထားရှိမည်ဖြစ်ကာ ဆေးစစ်ချက် မအောင်မြင်လျှင် မုံရွာဆေးရုံကြီးသို့ ပို့ဆောင်ရမည်ဟု ဒေါက်တာအောင်ကျော်နိုင်က ပြောသည်။

မော်လမြိုင်ဆေးရုံကြီးတွင်လည်း ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးဝတ်စုံ PPE ၁၂ စုံသာရှိပြီး အသက်ရှူစက် ၂ လုံးတွင် ၁ လုံးမှာ အသုံးပြုမရ၍ အလှူရှင်များထံ အကူအညီတောင်းခံထားရသည်ဟု မြန်မာနိုင်ငံဆရာဝန်များအသင်း (မော်လမြိုင်) ၏ အတွင်းရေးမှူး ဒေါက်တာ သက်ကျော်စိုးက ပြောသည်။

မွန်ပြည်နယ်တွင် နေထိုင်သူအများစုမှာ ထိုင်း၊ မလေးရှားနှင့်တောင်ကိုရီးယားနိုင်ငံတို့တွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားများဖြစ်နေပြီး သင်္ကြန်အပြီး မေလဆန်းပိုင်းတွင် မွန်ပြည်နယ်သို့ ပြန်လည်ရောက်ရှိလာပါက ကိုရိုနာ ဗိုင်းရပ်သံသယလူနာများပါ ပါဝင်လာနိုင်သည့်အတွက် ကျန်းမာရေးဝန်ထမ်းများအတွက် စိုးရိမ်မိကြောင်း ၎င်းကပြောသည်။

“အဲဒီအချိန်မှာ ဖျားနာတဲ့သူတွေလာမယ်။ ချောင်းဆိုးတဲ့သူတွေလာမယ်။ အဲဒီလိုလူတွေကို ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ ဖြစ်နိုင်တဲ့အတွက် သံသယထားပြီး ကျန်းမာရေးဝန်ထမ်းတွေက ကိုင်တွယ်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းကပြောသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ နှင့်စစ်ကိုင်းတိုင်း ရေဦးမြို့တို့ရှိ ဆေးရုံများသာမကဘဲ ရန်ကုန်နှင့်မန္တလေးကဲ့သို့ မြို့ကြီးများတွင်လည်း ကိုရိုနာဗိုင်းရစ်များ ဖြစ်ပွားကူးစက်လာပါက ကူးစက်ရောဂါ ကာကွယ်သည့် အထောက်အကူပစ္စည်း မလုံလောက်သည့် ပြဿနာကို ရင်ဆိုင်နေရသည်။

ရန်ကုန်မြို့ရှိ ကျန်းမာရေးဝန်ထမ်းအချို့ကလည်း ၎င်းတို့၏ Facebook စာမျက်နှာများတွင် ဆေးရုံ၏ လိုအပ်ချက်များကို အကူအညီတောင်းခံနေကြသည်။

လှိုင်သာယာမြို့နယ်မှာ နိုင်ငံခြားသား တရုတ်လူမျိုးများ အများစုနေထိုင်ကြသည့် မြို့နယ်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ် ကူးစက်လာပါက ၎င်းတို့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအတွက် Surgical Mask များ လိုအပ်နေ၍ အကူအညီပေးကြရန် လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ ချောစန္ဒာက ၎င်း၏ Facebook တွင် အကူအညီတောင်းခံထားသည်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီ ကူးစက်ရောဂါဆေးရုံတွင် ကိုရိုနာဗိုင်းရပ် စောင့်ကြည့်လူနာ ၁၅ ဦး၊ ရောဂါရှိသူနှင့် ထိတွေ့ဆက်ဆံခဲ့၍ ဆေးရုံတက်ကာ သီးခြားခွဲထား ၁၄ ရက် စောင့်ကြည့်ခံရသည့် လူနာ ၂၂ ဦးရှိကြောင်း ဆေးရုံအုပ် ဒေါက်တာ အေးအေးအောင်ကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုများရှိသော်လည်း အလှူရှင်များက PPE နှင့် လက်ဆေးရည်များကို လာရောက်လှူဒါန်းကြပြီး ငွေသားလှူဒါန်းသည်များလည်း ရှိကြောင်း ၎င်းကပြောသည်။

ကျန်းမာရေးဝန်ထမ်းများ လိုအပ်သည့် အထောက်အပံ့ပစ္စည်းများ စဉ်ဆက်မပြတ်ရရှိနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှင့် ပူးပေါင်းဆောင်ရွက်နေပြီး ကျန်းမာရေးဝန်ထမ်းများ ဘေးကင်းလုံခြုံရေးမှာ ဝန်ကြီးဌာန၏ ပထမဦးစားပေးအချက်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက Myanmar Now ကိုပြောသည်။

ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လိုအပ်ချက်များရှိနေပါက မြို့နယ်ဆေးရုံဖြစ်စေ၊ ဆေးရုံကြီးဖြစ်စေ အချိန်မရွေးတင်ပြ တောင်းခံနိုင်သည်ဟု ၎င်းက ပြောသည်။

“ကျွန်မတို့ နိုင်ငံမှ မဟုတ်ပါဘူး။ ကျန်တဲ့ နိုင်ငံတွေမှာလည်း လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဝန်ထမ်းတွေကို လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ဖို့ကတော့ ကျွန်မတို့မှာ ရှိပါတယ်” ဟု ၎င်းကပြောသည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ် လူမှုအထောက်အကူပြုအဖွဲ့အစည်း Excellent Fortune Foundation ကို တည်ထောင်သူလည်းဖြစ်သည့် ဦးစိုင်းမျိုးဝင်းက ကျပ်သိန်း ၁,၁၇၀ တန်ဖိုးရှိ အကာအကွယ်ဝတ်စုံ (PPE) အစုံ ၃,၀၀၀၊ တစ်ခါသုံး ရော်ဘာလက်အိတ် အစုံ ၂၅,၀၀၀ နှင့် ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ ၂၃,၀၀၀ ခုကို လှူဒါန်းသွားမည်ဖြစ်သည်ဟု ဖောင်ဒေးရှင်း၏ Facebook တွင် ရေးသားဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ကလည်း ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်း မြန်မာအား ကူညီသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။

မတ် ၂၁ မြန်မာစံတော်ချိန် ညနေ ၄ နာရီအချိန်အထိ ကမ္ဘာတစ်ဝန်းလုံးတွင် ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံရပြီးသူ ၂၇၇,၀၅၅ ဦး၊ သေဆုံးသူ ၁၁,၄၂၃ ဦး၊ ပြန်လည်ကျန်းမာလာသူ ၉၁,၉၈၆ ဦးနှင့် အသည်းအသန်လူနာ ၇,၉၁၄ ဦးရှိသည်ဟု ကိုဗစ်၁၉ ရောဂါစောင့်ကြည့်ဝက်ဘ်ဆိုက် covid19stats.live တွင် ဖော်ပြထားသည်။

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading