၂၀၂၀ ရွေးကောက်ပွဲမှတဆင့် ဧရာဝတီတိုင်းတွင် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ်နိုင်ရေးအတွက် အဆိုပါဒေသအတွင်း နေထိုင်သည့် ချင်းလူမျိုးစု စာရင်းကို ကောက်ခံသွား မည်ဟု ချင်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း (ဧရာဝတီတိုင်းဒေသကြီး) မှ အတွင်းရေးမှူးက ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၆၁(ခ) အရ တိုင်းဒေသကြီးအတွင်းရှိ လူနည်းစု တိုင်းရင်းသားများသည် နိုင်ငံလူဦးရေ၏ သုည ဒဿမ တစ် ရာခိုင်နှုန်း ရှိပါက တိုင်းရင်းသားရေး ရာ ဝန်ကြီးတစ်နေရာ တင်မြှောက်နိုင်သည်။

လက်ရှိ လူဦးရေသည် ၅၄ သန်းကျော်ရှိသဖြင့် ချင်းလူမျိုး ၅၄၀၀၀ ခန့် ဧရာဝတီတိုင်းတွင် နေထိုင်ကြောင်း စာရင်းပြနိုင်ပါက အဆိုပါတောင်းဆိုချက် အောင်မြင်နိုင်မည်ဖြစ်သည်။
“ကျွန်တော်တို့တိုင်းမှာ အခုဆို ချင်းလူမျိုး ခန့်မှန်းခြေ ၄ သောင်းကျော်လောက် ရှိမယ်။ တကယ် မြို့နယ်အလိုက် တိတိကျကျ စာရင်းပြန်ကောက်မယ်ဆိုရင်၊ ချင်းလူမျိုးဖြစ်ပြီး မှတ်ပုံတင်ထဲမှာ ဗမာလူမျိုးလို့ ထည့်ထားတဲ့ သူတွေပါ သေချာ ပြန်စိစစ်မယ်ဆိုရင် ချင်းလူမျိုးတွေအတွက် တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်နေရာစာအထိ ရှိမယ်” အတွင်းရေးမှူး ဆလိုင်းငွန်သင်မ်ဇမ်းက ပြောသည်။


၂၀၂၀ ရွေးကောက်ပွဲ မတိုင်မီ အဆိုပါစာရင်းပြုစုခြင်းကို အဆုံးသတ်မည်ဖြစ်ပြီး နေပြည်တော်သို့ တင်ပြတောင်းဆိုမည်ဟု ၄င်းက ပြောသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၆ ဒဿမ ၁ သန်းကျော် နေထိုင်သည့် မြစ်ဝကျွန်းပေါ်ဒေသတွင် ရခိုင် နှင့် ကရင် လူမျိုးစုများသည် ရေးရာဝန်ကြီးနေရာများ ရရှိထားသည်။


ဧရာဝတီတိုင်းမှ ချင်းလူမျိုးတချို့သည် မှတ်ပုံတင်နှင့် အလုပ်အကိုင် လွယ်ကူစေရေးအတွက် ချင်းလူမျိုးနာမည်ကို မခံယူဘဲ ဗမာ အဖြစ် ရေးသွင်းကြကြောင်းလည်း ၄င်းက ပြောသည်။
ချင်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် ဧရာဝတီတိုင်းတွင် တိုင်းဒေသကြီးအဆင့် ပထမဆုံး ဖွဲ့စည်းလိုက်သော ချင်းမျိုးနွယ်စု အသင်းဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီတွင် ကျင်းပခဲ့သည့် အနှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့နောက်ပိုင်း တချို့မြို့နယ်များတွင် ကွဲပြားစွာရှိနေသည့် ချင်းလူမျိုးများနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများကို ပေါင်းစည်းကာ တိုင်းဒေသကြီးအဆင့် အသင်းတစ်ခုအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။








