အင်တာဗျူး | ဖွဲ့စည်းပုံကိုပြည်သူကြိုက်မကြိုက်သိရန် လူထုဆန္ဒခံယူပါဟု NLD အမတ်ပြော

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူကတကယ်ပြင်ချင်ရဲ့လားဟု တပ်မတော်က မေးခွန်းထုတ်ခဲ့သည့်အပေါ် ပြည်သူ့ဆန္ဒအမှန်သိလိုပါက လူထုဆန္ဒခံယူပွဲကျင်းပလိုက်ပါဟု ဦးအောင်ကြည်ညွန့်ကပြန်တုံ့ပြန်သည်

Published on Mar 21, 2020
NLD ပါတီဗဟိုအလုပ်အမှုဆောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို မတ် ၁၈ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် တွေ့ရစဉ် (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း / Myanmar Now)
NLD ပါတီဗဟိုအလုပ်အမှုဆောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို မတ် ၁၈ရက်နေ့ ပြည်ထောင်စုလွှတ်တော်တွင် တွေ့ရစဉ် (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း / Myanmar Now)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အဆိုပြုပုဒ်မပေါင်း ၁၃၅ ခုကို ပြည်ထောင်စုလွှတ်တော်၌ ကိုးရက်တိုင် မဲခွဲဆုံးဖြတ်မှုမှာ မတ် ၂၀ တွင် ပြီးဆုံးခဲ့ပြီဖြစ်သည်။ ‘မသန်မစွမ်း’ နှင့် ‘မသန်စွမ်း’ ကဲ့သို့သော ဝေါဟာရဆိုင်ရာပြင်ဆင်သည့် ပုဒ်မသုံးခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများနှင့်ဆိုင်သည့် အရည်အချင်းပြဋ္ဌာန်းချက်တွင် ပိုနေသည့်စာသားများကို အဓိပ္ပာယ် မပြောင်းဘဲ ဖြုတ်သည့် ပုဒ်မတစ်ခု စုစုပေါင်းလေးခုသာ လိုအပ်သည့် ထောက်ခံမဲပမာဏကို ကျော်လွန်ရရှိခဲ့သည်။

ယင်းတို့အနက် ပုဒ်မနှစ်ခုမှာ လူထုဆန္ဒခံယူပွဲကျင်းပ အတည်ပြုရဦးမည်ဖြစ်ပြီး၊ အပြီးသတ်ပြင်ဆင်လိုက်နိုင်သည့် ပုဒ်မမှာ နှစ်ခုသာရှိသည်။ အဆိုပါအခြေအနေတွင် ပြည်ထောင်စုလွှတ်တော်၌ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကိုအစပြုနိုင်ရန် အဆို တင်သွင်းခဲ့သူ NLD ပါတီဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၄)၊ အမျိုးသား လွှတ်တော်အမတ်လည်းဖြစ်သည့် ဦးအောင်ကြည်ညွန့်နှင့် Myanmar NOW က တွေ့ဆုံမေးမြန်းထားပါသည်။

Myanmar NOW - ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမဲခွဲမှုလည်းပြီးပြီ။ ဒီလုပ်ငန်းစဉ်ကြီး စတင်ဖို့အတွက် အဆိုတင်ခဲ့တဲ့ အဆိုရှင်တစ်ယောက်အနေနဲ့ ရလဒ်အပေါ်မှာ ဘာများပြောစရာရှိလဲ။

ဦးအောင်ကြည်ညွန့်။ ။ အဆိုရှင်တစ်ယောက်အနေနဲ့ တကယ်ပြောရမယ်ဆိုရင်တော့ တကယ်ကို လေးလေးနက်နက် ထားပြီးတော့ ရည်ရွယ်ခဲ့တဲ့ ရည်ရွယ်ချက်အတိုင်းတော့ ခရီးရောက်ခဲ့ခြင်းမရှိဘူးလို့ ပြောရမှာပေါ့။

Myanmar NOW - ဘာကြောင့်လို့ သုံးသပ်သလဲ။

ဦးအောင်ကြည်ညွန့်။ ။ အကုန်လုံးကို ပူးပေါင်းပြီးတော့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ကြရအောင်၊ တိုင်ပင်ပြီးတော့ ဆောင်ရွက်ကြရအောင်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်မို့လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းဖို့တင်တာ။ အဲဒီလိုဖွဲ့စည်းဖို့တင်တယ်ဆိုတာ တကယ့်ရည်ရွယ်ချက်က ရိုးရိုးလေးပဲ။ အားလုံးပူးပေါင်းပြီးတော့ တိုင်ပင်ကြရအောင်ဆိုပြီးတော့ တင်ပြီးတော့ လုပ်ခဲ့တာပဲ ဖြစ်တယ်။ အဲဒီလို လုပ်လိုက်တဲ့အခါကျတော့ ဘယ်အပေါ်မှာ အထင်အမြင်၊ အယူအဆလွဲသလဲဆိုတာတော့ ကျွန်တော်တို့ကတော့ မသိဘူး။ ဟိုးပြီးခဲ့တဲ့ သက်တမ်း (၂၀၁၁-၂၀၁၅) တုန်းကလည်း ဒီလိုပဲ အရေးကြီးအဆိုတင်ပြီးတော့ လုပ်ခဲ့တဲ့ လွှတ်တော်ရဲ့ အစဉ်အလာလည်းရှိတယ်။ အစဉ်အလာလည်းရှိလို့ ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် လွှတ်တော်ထဲမှာရှိတဲ့ နိုင်ငံရေးပါတီအသီးသီးကော၊ တပ်မတော်သားအစုအဖွဲ့ကော၊ ပူးပေါင်းပါဝင်ပြီးတော့ ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကို လုပ်လိုက်တာ။

ဒါပေမဲ့ စတင်လိုက်ကတည်းက ဘယ်လို သဘောပေါက်သွားလဲ မသိဘူး။ ဒီလို အရေးကြီးအဆိုတင်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဥပဒေနဲ့မညီဘဲနဲ့ ပြင်ဆင်မယ်ဆိုပြီးတော့ ယူဆတယ်ဆိုပြီးတော့ အကုန်လုံး ဝိုင်းပြီးတော့ ကန့်ကွက်တယ်။ အဲဒီတော့ အခြေခံက စပြီးတော့ အခင်းအကျင်းက မလှမပဖြစ်လာတယ်လို့ ပြောရမှာပေါ့။ အဲဒီတော့ လွှတ်တော်ကနေပြီးတော့ ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့ဖို့ အဆို ဆုံးဖြတ်ချက်လည်းကျရော တကယ်တမ်း ပူးပေါင်း‌ဆောင်ရွက်ရမယ့် လမ်းကြောင်းအတိုင်းကို မသွားတော့ဘဲနဲ့ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ စင်ပြိုင် ပြင်ဆင်တဲ့ဥပဒေတွေ အသီးသီးကောက်တင်တဲ့အခါ ဆွေးနွေးညှိနှိုင်းပြီးတော့ လုပ်ရမယ်ဆိုတဲ့ မူလရည်ရွယ်ထားတဲ့ လမ်းကြောင်းရဲ့ အခင်းအကျင်းဟာ အခုလို ပုံစံတစ်မျိုး ပြောင်းသွားတာပေါ့။

Myanmar NOW - ပူးပေါင်းကော်မတီ (၄၅ ဦး) က ညှိနှိုင်းနိုင်တဲ့ နေရာမဟုတ်ဘူး၊ တက်လာတဲ့ အချက်တွေအပေါ်မှာ မဲခွဲဆုံးဖြတ်ပြီးတာ့ မဲရလဒ်အသာနဲ့ ဥပဒေကြမ်းထဲ ထည့်လိုက်တာလို့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးဘက်ကတော့ ပြောကြပါတယ်။

ဦးအောင်ကြည်ညွန့်။ ။ ပူးပေါင်းကော်မတီဖြစ်လာတော့ ပူးပေါင်းကော်မတီမှာ ပါဝင်လာတဲ့ တိုင်းရင်းသားပါတီတွေ အကုန်လုံးကလည်း သူတို့က ဘယ်လိုတွေ ဆန္ဒရှိတယ်။ ပြင်လို့ရနိုင်ခြေရှိတာ၊ မရှိတာတော့ အခြေအနေပေါ်မှာ မူတည်တယ်။ တချို့ဟာတွေက ဘယ်လောက်အထိ ဆန္ဒရှိကြသလဲဆိုတာ ထုတ်ဖော်ခွင့်ရသွားတယ်။ အဲဒီလို ပုံစံမျိုးအတိုင်းပဲ အတူတူပဲ။ တပ်မတော်သား ကိုယ်စားလှယ်ဘက်ကလည်း ဒါလေးတော့ ပြင်ချင်တယ်၊ ကြံ့ခိုင်ရေးဘက်က ဆိုရင်လည်းပဲ ဒါကျွန်တော်တို့ဘက်က ပြင်ချင်တယ်လို့များ လာခဲ့မယ်ဆိုရင်၊ အဲဒီလိုအခြေအနေမျိုးမှာဆိုရင် တိုင်ပင်ကြဖို့၊ ညှိနှိုင်းကြဖို့ အခင်းအကျင်းက တစ်မျိုးပြောင်းသွားမယ်။

အခု အဲဒီလိုမဟုတ်ဘဲနဲ့ ဒီအထဲကို သပ်သပ်မပါလာတော့ဘဲနဲ့ သီးခြား စင်ပြိုင်ဥပဒေကြမ်းတွေ တင်တယ်။ ပူးပေါင်းကော်မတီ အစည်းအဝေးထဲကို ရောက်လာတဲ့အခါကျ ဘာသဘောထားမှမပေးဘူး။ အဓိကကျတဲ့သူတို့က ဘာသဘောထားမှ မပေးဘူးဆိုရင် တိုင်းရင်းသားပါတီတွေနဲ့ ဒီ NLD အနေအထားနဲ့ ဆက်ပြီး လုပ်သွားတဲ့အခါကျတော့ အဓိကကျတဲ့ ဆွေးနွေးဘက်တွေက မပါလာဘူးဆိုရင် တိုင်းရင်းသားပါတီတွေကလည်း သူတို့ကလည်း ဘာကြောင့်၊ ဘယ်လို လိုချင်တယ်ဆိုတာ ပြောပေးနိုင်တဲ့ အနေအထားမျိုးမှာ အခွင့်အလမ်းက တစ်ခြမ်းပဲ့နေတယ်။

အဲဒီလို အနေအထားမျိုးမှာ ပူးပေါင်းပါဝင်လာတဲ့ တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းမှုတွေ၊ နားလည်မှုတွေ ယူပြီးတဲ့အခါကျတော့ ဒီလိုဆိုလို့ရှိရင်တော့ မဲခွဲပြီးတော့ပဲ ဆုံးဖြတ်သွားကြမယ်။ ဘယ်လိုပုံစံမျိုးနဲ့ မဲခွဲဆုံးဖြတ်ကြတော့မယ်ဆိုတာ အဲဒီပါတီတွေရယ်၊ ထွက်သွားတဲ့ ရခိုင်(ရခိုင်အမျိုးသားပါတီ ANP)နဲ့ ဦးစိန်ဝင်းတို့ပါတီ (အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ - NUD)ပေါ့။ ဒီနှစ်ခုကလွဲပြီး ကျန်တာတွေနဲ့ နားလည်မှုယူပြီးတော့ ဖြစ်သင့်တဲ့အနေအထားမျိုးကို အကောင်းဆုံး ရွေးချယ်ပြီးတော့ တင်ပေးလိုက်နိုင်တဲ့ အနေအထားမျိုးမှာရှိတယ်။

အဲဒီတော့ ဘာ့ကြောင့် ဒီလိုအခင်းအကျင်းဖြစ်သွားတာလည်းဆိုတာက စပြီးတော့ ကမ်းလှမ်းလိုက်ကတည်းကိုက ပူးပေါင်းပါဝင်လာမယ်ဆိုရင် ဒီကနေ့ အခင်းအကျင်းမျိုး မဟုတ်ဘဲနဲ့ တိုင်ပင်၊ ဆွေးနွေး၊ ညှိနှိုင်းလို့ရတဲ့ နေရာတစ်ခုကို တည်ထောင်ပေးခဲ့တာပဲ။ အဲဒီမှာ ခုန်ထွက်သွားတယ်၊ ဝင်မလာတဲ့ အနေအထားမျိုးမှာ ရှိတယ်။

Myanmar NOW - ပူးပေါင်းကော်မတီမှာ နောက်ဆုံးအချိန်အထိ ပူးပေါင်းပါဝင်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေက ဘာပြောလဲဆိုတော့ ဥပမာ- SNLD (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်) ဆိုရင် ပြင်ဆင်ချက်အများဆုံး တင်ထားပေမယ့် သူတို့ပြင်ဆင်ချက်တွေ တစ်ခုမှ ပါမလာဘူးပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း NLD အပေါ် ဝေဖန်ကြတာတွေရှိတယ်ဆိုတော့ ဘာများမှတ်ချက်ပေးချင်လဲ။

ဦးအောင်ကြည်ညွန့်။ ။ အဲဒါလေးက ဒီလိုတော့ရှိတယ်။ တကယ်တမ်းဆိုရင် ကျွန်တော်အရင်ကလည်း မီဒီယာတွေမှာ ပြောခဲ့ဖူးပါတယ်။ အဲဒါဘာလည်းဆိုတော့ တိုင်းရင်းသားတွေလည်း တကယ်တမ်း နောက်ဆုံးပိတ်၊ အပြီးသတ်အထိ ပါဝင်ပြီးတဲ့အပြင်ကို အခုမဲပေးတဲ့အခါတွေမှာဆိုရင် ပူးပေါင်းကော်မတီကတင်လာတဲ့ အပေါ်မှာဆိုရင် ထောက်ခံမဲတွေပေးတာ NLD တင် မဟုတ်ဘူး။ တွက်ကြည့်လိုက်ရင် ကိန်းဂဏန်းတွေအရ တိုင်းရင်းသားပါတီတွေရဲ့ ထောက်ခံမဲတွေလည်း အမြဲတမ်းပါနေတယ်။ NLD က သီးသန့်မဖြစ်ဘူးဆိုတာ အဲ့ဒီမှာ အဖြေပေါ်တယ်။

လေးဆယ့်ငါးဦးကော်မတီတုန်းကလည်း ဒီလိုညှိနှိုင်းကြတယ်။ ညှိနှိုင်းကြပြီးတော့ အဲဒီလို မဲခွဲကြတယ်။ ဒါသူတို့ရဲ့ ရပ်တည်ချက်ကို သူတို့ပြောတဲ့အနေအထားမျိုးမှာ ရှိတယ်။ ဘာဖြစ်လို့ အဲဒီလိုဖြစ်ခဲ့တာလည်းဆိုရင် NLD အနေအထားမျိုးမှာ တိုင်းရင်းသားပါတီတွေနဲ့လည်း ညှိရတယ်။ ဆိုလိုချင်တာက အခုတိုင်းရင်းသားတွေက တင်ပြတဲ့ သူတို့ရဲ့ ဆန္ဒအရ ဘာတွေကို ဘယ်လောက်အထိ ပြင်ဆင်ချင်သလဲဆိုတာ ဖတ်ကြည့်လိုက်ရင်သိတယ်။ လက်ရှိ နိုင်ငံရေးအခြေအနေအရဆိုရင် တစ်ကယ့်ဖက်ဒရယ်ကို တကယ်သွားနိုင်တယ်။ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကျောရိုးရဲ့ ဘောင်ထဲကအတိုင်း ပြင်လို့မရတဲ့ အကြံပြုချက်တွေ ပါနေတယ်။

ဥပမာအားဖြင့်ဆိုရင် ပြည်ထောင်စုအဆင့်မှာရှိတဲ့ တရားရုံးတို့ဘာတို့ဆိုရင် အကုန်လုံးကို ပယ်ပစ်လိုက်တယ်။ အဲ့ဒါဘာလည်းဆိုရင် ပြည်နယ်အသီးသီးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ၊ ပြည်နယ်အသီးသီးရဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့သာ သွားမယ်ဆိုပြီး အကုန်ပယ်ပစ်လိုက်တယ်။ ဆိုလိုချင်တာက ဒီလိုအနေအထားမျိုးဟာ ဘာသွားဖြစ်တုန်းဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကျောရိုးနဲ့က ဘယ်လိုမှ ပြင်လို့မရနိုင်ဘူး။

အဲဒီတော့ NLD အနေအထားနဲ့ ရပ်တည်တာက အခုသွားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကျောရိုးဘောင်နဲ့လည်း ကိုက်ပစေ၊ ရှိနေတဲ့ နိုင်ငံရေးအခြေအနေရဲ့ လက်ရှိ အခြေအနေအရလည်းပဲ ပြင်သင့်၊ ပြင်ထိုက်တဲ့ဟာလောက်ပဲ ပြင်ဖို့ကောင်းတယ်။ ဒီလို အနေအထားမျိုးနဲ့ NLD က သွားရတယ်။ အဲဒီလိုသွားတဲ့အခါမှာ ဘာဖြစ်လို့ အဲဒီလိုဟာမျိုးတွေအကုန် မပါလာတာလဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဘောင်ထဲမှာ ပြင်ဆင်နိုင်လောက်တဲ့ အနေအထားမျိုးတွေမဟုတ်ဘဲနဲ့ အလွယ်ကူဆုံး လုပ်လို့ရတဲ့နည်းရှိတယ်။ ကျွန်တော်တို့ NLD ရဲ့ ခေါင်းဆောင်ကလည်း မကြိုက်တဲ့ကိစ္စက နိုင်ငံရေးကို ရိုးရိုးသားသား ကစားစေချင်တယ်။ လုပ်ရမယ့်နည်းက လွယ်လွယ်လေးပဲ။ သူတို့တင်လာတယ်။ တိုင်းရင်းသားပါတီတွေ တင်လာတယ်။ အကုန်လုံး ထည့်ပေးလိုက်မယ်။ ဥပဒေကြမ်းထဲမှာ ထည့်ပေးလိုက်မယ်။ ဘယ်ကျရင် ပြုတ်မလဲ။ လွှတ်တော်ထဲ မဲပေးရင် ပြုတ်မယ်။ အဲဒီလိုပြုတ်တဲ့အခါကျရင် ဘာပြောလို့ရလဲ။ ‘တပ်မတော်ကမှ ခင်ဗျားတို့ကို မထောက်ခံတာ၊ ပြုတ်သွားမှာပေါ့။ ကျုပ်တို့ကတော့ လုပ်ပေးသားပဲ’ ဆိုတဲ့ပုံစံမျိုး လုပ်လို့ရတယ်။ ဒါပေမဲ့ အဲ့ဒီလို လုပ်ကောင်းရဲ့လား။ NLD က အဲ့ဒါ စဉ်းစားတယ်။

ဒါကြောင့်မို့လို့ ဒီလိုရှိနေတဲ့ အခြေအနေမျိုးမှာ ပြင်နိုင်လောက်တဲ့ အနေအထားမျိုးနဲ့ ပြင်သင့်၊ ပြင်ထိုက်တဲ့၊ ပြင်နိုင်လောက်တဲ့ အနေအထားမျိုးလေးလောက်ကိုပဲ NLD က စိစစ်ပြီးတော့ တင်ပေးတယ်။

Myanmar NOW - ပုဒ်မ ၂၆၁ လို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ပိုပြီးလုပ်ပိုင်ခွင့်ပေးတဲ့ ကိုယ့်ဝန်ကြီးချုပ် ကိုယ်တိုင်ရွေးခွင့်ရှိတဲ့ဟာမျိုးကို ပထမအကြိမ်လွှတ်တော်သက်တမ်းမှာ ဥပဒေကြမ်းတင်ကြတုန်း (၂၀၁၄-၂၀၁၅) က NLD ကလည်း တင်ခဲ့ဖူးတယ်။ အခု ဥပဒေကြမ်းထဲမှာ ဘာလို့ထည့်မလာတာလဲ။

ဦးအောင်ကြည်ညွန့်။ ။ ပြီးခဲ့တဲ့ သက်တမ်းတုန်းက NLD က ပြင်ဆင်ချက်ထဲမှာ ပုဒ်မ ၂၆၁ ကို အဲ့ဒီအတိုင်းပဲ (ယခုပြည်ခိုင်ဖြိုးတင်သွင်း ချက်ကိုရည်ညွန်း) ပြင်ခဲ့တာ။ ပြင်ဖို့အကြံပြုခဲ့တယ်။ … ပုဒ်မ ၂၆၁ လိုဟာမျိုးမှာ တကယ်တော့ ဗဟိုချုပ်ကိုင်မှုလျှော့ပြီးတော့ အဲ့ဒီ ရွေးကောက်ခံကိုယ်စားလှယ်တွေရှိတဲ့ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေဟာ မိမိတို့ရဲ့ဝန်ကြီးချုပ်ကို ရွေးဖို့ဆိုပြီး NLD က တင်ခဲ့(ဖူး)တယ်။ အဲဒီတုန်းက အကြီးအကျယ် ကန့်ကွက်ခဲ့တာက ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်အစုအဖွဲ့ပဲ။ အခု ဒီဘက်ကျတော့ ကျွန်တော်တို့က ဖြစ်နိုင်ခြေပေါ်မှာ ညှိလိုက်တဲ့အခါမှာ တပ်မတော်သားကိုယ်စားလှယ် အကုန်လုံး ထွက်သွားရမယ်ဆိုတဲ့ လက်ရှိ နိုင်ငံရေးအခြေအနေမျိုးမှာ ဒီလိုတော့ ညီမျှခြေမဖြစ်နိုင်ဘူး။ အဲဒီလိုဆိုရင် နိုင်ငံတကာရဲ့ အတွေ့အကြုံပေါ် မူတည်ပြီးတော့ အဆင့်အလိုက် ဆယ်ရာခိုင်နှုန်းစီ လျှော့ချသွားဖို့လို့ပဲ ပြင်တဲ့အကြံပြုချက်မှာ ပြင်ထား တော့တယ်။

အဲဒီလိုဆိုရင် ဒါအောင်မြင်ခဲ့ပြီးပြီဆိုရင်တောင်မှ တပ်မတော်သားကိုယ်စားလှယ်တွေက ပြည်နယ်တွေမှာ တိုင်းဒေသကြီးတွေမှာ အနည်းဆုံး ၁၀ ရာခိုင်နှုန်းတော့ ပါနေဦးမယ်။ … တကယ်လို့ ၁၀ ရာခိုင်နှုန်း ပါနေခဲ့တယ်ဆိုရင်တောင်မှ အခု တွက်ကြည့်လိုက်လို့ရတယ်။ ၂၅ ရာခိုင်နှုန်းဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပမာဏဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကိုယ့်ဟာကိုယ် ဝန်ကြီးချုပ်ကို ရွေးချယ်တော့မယ်ဆိုရင် အဓိကကျတဲ့ အင်အားစုဟာ ဘယ်လိုအင်အားစု ဖြစ်သွားမလဲဆိုတာကို ပြန်ပြီးတော့ ချင့်ချိန်တာ။ ဆိုလိုချင်တာက ဒီမိုကရေစီကို ဒီမိုကရေစီလမ်းကြောင်းဘောင်ပေါ်မှာပဲ သွားစေချင်တယ်။ တစ်နည်းအားဖြင့်ဆိုရင် စစ်အုပ်ချုပ်ရေးဆိုတဲ့နယ်ပယ် ချဲ့လာတဲ့ပုံစံမျိုးနဲ့ ရှေ့တုန်းကို တက်သွားနိုင်တဲ့ အချိုးအစားမျိုးကို မဖြစ်စေချင်တာပဲ။

ဆိုလိုချင်တာက အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ပါတီတွေက အမျိုးမျိုးကွဲကြတယ်။ ဝင်ပြီးယှဉ်ပြိုင်ကြတယ်။ ယှဉ်ပြိုင်ကြတယ်ဆိုလို့ရှိရင် ရနိုင်တဲ့ ရာခိုင်နှုန်းတွေက မျှပြီးတော့ ရနေမယ်။ အဲဒီလိုအနေအထားမျိုးမှာ တပ်မတော်သားအစုအဖွဲ့နဲ့ သဟဇာတဖြစ်တဲ့ သို့မဟုတ် သူနဲ့ပူးပေါင်းတယ်ဆိုတဲ့ အဖွဲ့အစည်းမျိုးကပဲ ဝန်ကြီးချုပ်တွေကို ရွေးချယ်သွားမယ်ဆိုရင် အဖြေဟာ ဘယ်လိုထွက်လာမလဲဆိုတာ ထည့်သွင်းစဉ်းစားကြည့်လို့ရတယ်။ ဒါကြောင့်မို့လို့ တပ်မတော်သားကိုယ်စားလှယ်တွေ ဒီလိုရှိနေစဉ် ကာလအတွင်းထဲမှာဆိုရင်တော့ဖြင့် အဲဒါဟာ မပြင်ဆင်သင့်သေးဘူးလို့ သဘောရတဲ့အတွက် ကျွန်တော်တို့က ဒီသက်တမ်းမှာ မပြင်ခဲ့တော့တာ။

Myanmar NOW - နောက်ထပ် ဝေဖန်မှုက ရွေးကောက်ပွဲ ကတိကဝတ်ကျေရုံပဲ လုပ်တယ်ပေါ့။ တကယ်ပြင်ချင်လိုစိတ် အနေအထားမျိုး မရှိဘူး။ ဘာ့ကြောင့်လဲဆိုရင် အဓိကအင်အားစု အထူးသဖြင့် တပ်မတော်နဲ့ ညှိနှိုင်းတာ မရှိဘူးပေါ့။ ဒီအပေါ်မှာရော NLD အနေနဲ့ ဘာများပြောစရာရှိလဲ။

ဦးအောင်ကြည်ညွန့်။ ။ အဲဒီတော့ ရွေးကောက်ပွဲရဲ့ ကြေညာစာတမ်းမှာ ပါတဲ့အတွက်ကြောင့်မို့လို့ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ စတိလောက်ပဲ လုပ်တယ်လို့စွပ်စွဲတာက ဒီလိုအခြေအနေမျိုးမှာ စွပ်စွဲစရာအကြောင်းပေါ်ကို မပေါ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွယ်လွယ်လေးရယ်။ ၂၀ ရာခိုင်နှုန်း (အခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းတစ်ခု တင်သွင်းရန် ပြည်ထောင်စုလွှတ်တော်၌ လိုအပ်သောထောက်ခံလက်မှတ်) သော ကိုယ်စားလှယ်က NLD မှာ အမြဲတမ်း အဆင်သင့်ရှိတယ်။ ရုတ်တရက်ကောက်တင်လိုက်မှာပေါ့။ ရရင်လည်းပြီးရောပေါ့။ မရလည်းပြီးကော၊ ကျုပ်တို့တာဝန်ကျေတယ် ဒီလိုပုံစံမျိုး ဖြစ်သွားမယ်။

အမှန်က NLD က အဲ့ဒီလို မရည်ရွယ်ဘူး။ NLD က လုပ်နေတာ နိုင်ငံရေးအရ ရွေးကောက်ပွဲအတွက်ပဲ မျှော်ပြီးတော့၊ လာမယ့်သက်တမ်းကို‌ မျှော်ပြီးတော့ ဒါဟာ နိုင်ငံရေးကစားစရာ ကစားကွက်အနေနဲ့ဆိုတဲ့ အနေအထားမျိုး NLD မှာ ဘယ်တုန်းကမှ စိတ်မကူးခဲ့ဘူး။ စိတ်မကူးခဲ့လို့ ဒီလိုလုပ်တာ။ တကယ်လို့ အဲဒီလိုသာလုပ်မယ်ဆို လွယ်လွယ်လေးပဲ။ ၂၀ ရာခိုင်နှုန်းနဲ့ ကောက်တင်လိုက်မှာပေါ့။ အဲဒီလိုဆိုရင် ဘာဖြစ်လာမလဲ။ NLD ဟာ ဘယ်သူနဲ့မှ ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲနဲ့ လျှပ်တစ်ပြက်နဲ့ ချုံခိုတိုက်လိုက်တယ်လို့ အဲဒီကျမှ စွပ်စွဲလို့ရတယ်။

အခုလုပ်နေတာ ဘယ်လိုမှကို စွပ်စွဲလို့မရဘူး။ အဲ့ဒီလို မလုပ်ချင်လို့ကိုပဲ အားလုံးပူးပေါင်းပါဝင်နိုင်ဖို့ရန်အတွက် ပူးပေါင်းကော်မတီဖွဲ့ပြီး လုပ်ကြရအောင်လို့ ကမ်းလှမ်းတာ။ လိုက်မလာတာက ဘယ်သူတွေလဲ။ အဲဒီတော့ မကမ်းလှမ်းတာ မဟုတ်ဘူး။ NLD က ကမ်းလှမ်းတယ်။ လိုက်မလာတဲ့သူတွေက လိုက်မလာဘူး။ ပြီးတော့ NLD က မဆွေးနွေးဘူးဆိုတော့ စွပ်စွဲချက်က ပြောင်းပြန်ဖြစ်နေတယ်။

Myanmar NOW - တပ်မတော်အင်အားစုဘက်က ပြောတာရှိတယ်။ လွှတ်တော်ထဲမှာ အခြေခံဥပဒေပြင်ဖို့ လုပ်နေတာ ပြည်သူ့ဆန္ဒဟုတ်ရဲ့လားပေါ့။ ပြည်သူတွေကကော တကယ်ပြင်ချင်ရဲ့လားပေါ့။ အဆိုရှင်တစ်ယောက်အနေနဲ့ ဘာများမှတ်ချက်ပြုချင်လဲ။

ဦးအောင်ကြည်ညွန့်။ ။ ပြောရရင် အနာတွေကို ဖော်ပြီးတော့ ပြောရမလိုဖြစ်နေတော့ တချို့ဟာတွေကို သိပ်ပြီးတော့ ပြန်ပြီး မတုံ့ပြန်တာ ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ တိုင်းရင်းသားတွေ အားလုံး လူထုတွေအားလုံး စကတည်းကိုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့အခါမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ထဲမှာပါတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေများ ဘယ်နှစ်ယောက်ပါခဲ့လို့လဲ။ နောက် ဆွဲခဲ့တဲ့ ပုံစံတွေရဲ့ အနေအထားအရ အခု ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ကြည့်လိုက်မယ်ဆိုရင်ပဲ ရှေ့နောက်မညီညွတ်တာတွေလည်း အများကြီးပါတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာကနေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုပြီးတော့ တင်ပြနေတဲ့ ဆန္ဒထုတ်ဖော်မှုတွေလည်း အများကြီး ရှိနေခဲ့တာတွေ့တယ်။ အဲဒီလို အများကြီးရှိနေကြတဲ့ အနေအထားမျိုးကို မမြင်ကြဘူးလား။ သို့မဟုတ်ရင် မကြားကြဘူးလား။ သို့မဟုတ်ရင် မမြင်ချင်ယောင်၊ မကြားချင်ယောင် ဆောင်နေတာလားလို့ ပြန်ပြီးတော့ မေးခွန်းထုတ်ရမယ်။ အဲဒီလို ပြည်သူတွေက တကယ်ပြင်ချင်တာ ဟုတ်ရဲ့လားလို့မေးရင် တကယ်သတ္တိရှိမယ်ဆိုရင် လူထုဆန္ဒခံယူလိုက်စမ်းပါလို့ ကျွန်တော် ဒီလိုပဲ ပြောချင်တယ်။

Myanmar NOW - ပြီးခဲ့တဲ့လွှတ်တော်အတွေ့အကြုံအရ ဆန္ဒခံယူပွဲမလုပ်ဖြစ်လိုက်လို့ တချို့ပုဒ်မတွေဟာ ပြင်ဆင်ပြီးလျက် နဲ့ မူလအတိုင်းပဲ ခုထိရှိနေတယ်။ အခု ပြည်ထောင်စုလွှတ်တော်မှာ လိုအပ်တဲ့ထောက်ခံမဲရခဲ့တဲ့လေးခုမှာ နှစ်ခုက လူထုဆန္ဒခံယူပွဲ လုပ်ရဦးမယ်၊ အခုရထားတဲ့ပုဒ်မတွေကို လူထုဆန္ဒခံယူပွဲလုပ်မှာလား။

ဦးအောင်ကြည်ညွန့်။ ။ သေသေချာချာတော့ ပြန်ပြီးလေ့လာရမှာပေါ့နော်။ တိုင်းပြည်ရဲ့အနေအထားနဲ့ တာဝန်ရှိတဲ့လူကြီးတွေရော လွှတ်တော်ရော စဉ်းစားရမှာပေါ့၊ အခုလောလောဆယ်ပြင်လို့ရတဲ့ အခြေအနေက တပ်မတော်နဲ့ကြံ့ခိုင်ရေးပါတီ အနေနဲ့က ဒီနေ့မဲပေးတဲ့အခြေအနေကိုကြည့်လိုက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အဓိကကျတဲ့ အနှစ်သာရပိုင်းကို လုံးဝအထိမခံဘူးလို့ အဦးအောင်ကြည်ညွန့်ထွက်တယ်။ ဘာလေးပဲပြင်လို့ရမလဲ ရေးထုံးတွေနဲ့ စကားလုံးပဲပြင်လို့ရမယ်ဆိုတဲ့ အဖြေက ထွက်တယ်။ တစ်နည်းအားဖြင့်ဆိုရင် Sprit of Law ကိုအထိမခံဘူး။ ရထားပြီးသားရှိနေတဲ့ အခြေအနေကနေ လုံးဝကိုနောက်မဆုတ်ဘူးလို့ ရပ်တည်ထားတဲ့သဘောမျိုးရှိတယ်။

Myanmar NOW - မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးကာလကနေစပြီး တည်ဆောက်ရေးကာလအထိ ပါဝင်လာသူတစ်ယောက် အနေနဲ့ အခြေခံဥပဒေပြင်ဆင်ရေးရလဒ်ထွက်ပေါ်ပြီး အခြေအနေမှာ ဒီမိုကရေစီအရွေ့က ဘယ်လောက် ခရီး ရောက်ပြီလို့ပြောနိုင်လဲ။

ဦးအောင်ကြည်ညွန့်။ ။ ပူးပေါင်းကော်မတီဖွဲ့ပြီး ဆောင်ရွက်တဲ့အခါမှာ ဆွေးနွေးနိုင်မှု၊ ညှိနှိုင်းနိုင်မှု အခြေအနေရလာမယ်၊ တာဝန်ရှိတဲ့သူတွေ ဆွေးနွေးညှိနှိုင်းနိုင်ဖို့ရာ အခွင့်အလမ်းရရှိသွားမယ်။ ပြေလည်တဲ့ လမ်းကြောင်းတစ်ခု အထွေထွေသဟဇာတဖြစ်ရေး လမ်းကြောင်းပေါ်မှာ ရောက်လာလိမ့်မယ်လို့ ကမ်းလင့်လိုက်တာပဲ။

အခုအချိန်အထိ အရွေ့ကိုပြောင်းလဲနေရတဲ့ အနေအထားမျိုးမှာပဲရှိတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ဖို့လုပ်လိုက်တဲ့ အနေအထားမျိုးအရဆိုရင် တပ်မတော်အနေအထားနဲ့က ဒီမိုကရေစီအရွေ့ကိုသွားတဲ့ နေရာမှာ တပ်ပိုင်းဆိုင်ရာနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရယူထားတဲ့ အခွင့်အရေးတွေထဲက တစ်ရွေးသားမှ လျှော့မပေးနိုင်ဘူး ဆိုတဲ့ ရပ်တည်ချက်မျိုးကတော့ ပေါ်လာနေတာပေါ့။

တစ်ကယ့်ဒီမိုကရေစီကိုသွားဖို့ရာ အများကြီးဆက်ပြီးကြိုး စားကြရဦးမယ်၊ ရုန်းကန်ကြရဦးမယ်။ နောက်ဆုံးပိတ် တကယ်တန်းအခြေအနေကို ပြန်ကြည့်ရင် စေတနာရင်းခံပဲ။ အကျိုးစီးပွားတွေပေါ်မှာ ရပ်တည်နေတာမဟုတ်ဘဲနဲ့ အနာဂတ်နိုင်ငံတော်မှာ ကိုယ်တွေရဲ့သားသမီး၊ မြေး၊ မြစ်တွေ ကိုဘယ်လိုနိုင်ငံမျိုးကို ထားခဲ့မလဲဆိုတဲ့ စေတနာမှန်ပေါ်ပေါက်လာဖို့ရာတော့ အင်မတန်မှအရေးကြီးတယ်။ အဲဒီလို အနေအထားမျိုးတွေ ရောက်ရှိလာမယ်လို့တော့ မျှော်လင့်ထားပါတယ်။

Myanmar NOW - အခုအခြေအနေအရ ဘာဆက်လုပ်ဖို့ရှိမလဲ။

ဦးအောင်ကြည်ညွန့်။ ။ ဘာလုပ်မလဲဆိုတဲ့ ကိစ္စရပ်တွေက ကြိုပြောလို့ရတဲ့ကိစ္စရပ်တွေမဟုတ်ဘူး။ ကြိုပြောကောင်းတဲ့ ကိစ္စရပ်တွေ မဟုတ်ဘူး။ ဒါပေမဲ့သေချာတယ်၊ နိုင်ငံတော်မှာ နိုင်ငံအတွက် အခြေခံနိုင်ငံသား၊ ပြည်သူပြည်သားတွေအတွက် ထိခိုက်မှု၊ နစ်နာမှု၊ ဆုံးရှုံးမှုအနည်းဆုံးနဲ့ ပြုပြင်ပြောင်းလဲမှုကို ဘယ်လိုသွားနိုင်မလဲဆိုတဲ့ လမ်းကြောင်းပေါ်မှာ ရှိသမျှကတော့ ဆက်ပြီးဆောင်ရွက်နေဦးမှာပါပဲ။

ပြည်သူတွေကိုပြောပြချင်တာက ရွေးကောက်ခံကိုယ်စားလှယ်တွေ အကုန်လုံးညီပြီး မဲပေးရင်လည်းမရနိုင်ပါဘူး။ အခုတကယ်တန်းဆိုရင် တက်ရောက်ခွင့်ရှိတဲ့ ၆၅၄ ယောက်ပေါ်မူတည်ပြီး တွက်လိုက်တဲ့အခါကျတော့ အနည်းဆုံးထောက်ခံမဲ ၄၉၁ မဲရမှ၊ ရွေးကောက်ခံကိုယ်စားလှယ် အကုန်လုံးတက်ခွင့်ရှိတာမှ ၄၈၈ ယောက်ပဲရှိတယ်။ တစ်ယောက်မှမဖျားဘူး၊မနာဘူး။ အကုန်တက်မှနော်။ အဲဒီတော့လက်ရှိ နှုန်းထားအတိုင်း အခြေခံဥပဒေပြင်နိုင်ဖို့ လိုအပ်တဲ့မဲအတွက်ဆိုရင် အဖြေရှင်းပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေမဲမပါဘဲ ဘယ်တော့မှမရနိုင်ဘူး ဆိုတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးရဲ့ မအောင်မြင်ရတဲ့အကြောင်းက အဓိကဘာလဲဆိုတာတွက်ကြည့် လိုက်ရင်သိပါလိမ့်မယ်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading