မြန်မာလုပ်သား ၂ ဦး ဗိုင်းရပ်တွေ့ကြောင်း ထိုင်းကအကြောင်းကြားသည်ဟု တာဝန်ရှိသူပြော

ကူးစက်ခံရသူမြန်မာနှစ်ဦးမှာ ထိုင်းဆေးရုံတွင် ကုသမှုခံယူနေပြီး ၎င်းတို့နှင့်နီးစပ်ခဲ့သူများကိုလည်း စစ်ဆေးမည်ဟု ထိုင်းနိုင်ငံက အကြောင်းကြားကြောင်း မြန်မာကျန်းမာရေးဝန်ကြီးဌာနကဆိုသည်

ကိုရိုနာဗိုင်းရပ်ပျံ့ပွားမှု အစောပိုင်းကာလ ဘန်ကောက်မြို့တွင် နှာခေါင်းစည်းတပ်ဆင်ကာ သွားလာနေကြစဉ် (ဓာတ်ပုံ - Reuters)

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်ပိုးတွေ့ရှိသဖြင့် ထိုင်းဆေးရုံတစ်ရုံတွင် ကုသမှုခံယူနေသည်ဟု ထိုင်းနိုင်ငံဘက်က မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနကို ချိတ်ဆက် အကြောင်းကြားလာသည်ဟု ဝန်ကြီးဌာန အဆင့်မြင့်အရာရှိတစ်ဦးက Myanmar Now ကိုပြောသည်။

ဘန်ကောက်မြို့ရှိ မြန်မာရွှေ့ပြောင်း အမျိုးသားနှင့် အမျိုးသမီးတို့တွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရခြင်းဖြစ်ပြီး ၎င်းတို့၏ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို မသိရှိရသေးကြောင်း ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၏ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆိုသည်။

၎င်းနှစ်ဦးနှင့် နီးစပ်ခဲ့သူများကိုလည်း စစ်ဆေးခြင်းများ ဆောင်ရွက်မည်ဟု ထိုင်းကပြောကြောင်း ၎င်းက ပြောသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦး ကူးစက်ခံရကြောင်း ထိုင်းနိုင်ငံ၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါထိန်းချုပ်ရေးဌာနမှ အကြီးအကဲတစ်ဦးဖြစ်သည့် Mr. Surasak Thanaisawanyangkoon ဆိုသူက ယနေ့ နေ့လယ်ပိုင်းတွင်၎င်း၏ Facebook စာမျက်နှာပေါ်တွင် စတင်ရေးသားခဲ့သည်။

ဘန်ကောက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကမူ မြန်မာလုပ်သားနှစ်ဦး ဗိုင်းရပ် ကူးစက်ခံရကြောင်း အတည်ပြုနေဆဲဟုသာ Myanmar Now ကိုပြန်လည်ဖြေကြားသည်။ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အဆိုပါ သံရုံးသို့ ထပ်မံ ဆက်သွယ်မေးမြန်းရာ အစည်းအဝေး ပြုလုပ်နေ၍ မဖြေကြား နိုင်သေးကြောင်း ဆိုသည်။

ယခုနှစ်ယောက်နှင့်ဆိုလျှင် ရောဂါပိုးကူးစက်ခံရသည်ဟု သတင်းထွက်ပေါ်သည့် မြန်မာနိုင်ငံသား သုံးဦးရှိပြီဖြစ်သည်။ စင်ကာပူတွင် အိမ်အကူ လုပ်နေသည့် မြန်မာနိုင်ငံသားအမျိုးသမီးတစ်ဦး ရောဂါကူးစက်ခံထားရသည်ဟု မတ်လအစောပိုင်းတွင် စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ် အမျိုးသမီးအကျဉ်းထောင်တွင် မြန်မာအမျိုးသမီး အကျဉ်းသားနှစ်ဦး ကိုရိုနာဗိုင်းရပ် ရောဂါပိုး ကူးစက်ခံရ၍ ဆေးရုံတက်ကုသမှုယူရကြောင်း ပေကျင်းအခြေစိုက် မြန်မာသံရုံးက ဖေဖော်ဝါရီတွင် သတင်းထုတ်ပြန်ဖူးသော်လည်း အဆိုပါ အကျဉ်းသား နှစ်ဦးမှာ မြန်မာနိုင်ငံသား ဖြစ်ကြောင်း အတည်မပြုနိုင်ဟု သံရုံးမှ ပြောရေးဆိုခွင့် ရှိသူက ဆိုခဲ့သည်။

အကျဉ်းကျနေသည့် “မြန်မာနိုင်ငံသားဟုဆိုသူ” နှစ်ဦးမှာ ကုသမှုခံယူပြီး ၁၀ရက်ကျော်ခန့်အကြာတွင် ဆေးရုံမှ ပြန်ဆင်းသည့်အကြောင်းကို ပေကျင်းအခြေစိုက် မြန်မာသံရုံးက သတင်းထုတ်ပြန်ပေးခဲ့သည်။

မြန်မာအလုပ်သမားနှစ်ဦး ရောဂါ ကူးစက်ခံရကြောင်း သတင်းကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ထိုင်းနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနတို့က တရားဝင် မထုတ်ပြန်သေးဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသည့် AAC မဟာမိတ်အဖွဲ့တည်ထောင်သူ ဦးရဲမင်းကလည်းပြောသည်

ထိုင်းနိုင်ငံရှိ ကျန်းမာရေးနှင့် ပတ်သက်သည့် အရပ်က်အဖွဲ့အစည်းများပင် မြန်မာရွေ့ပြောင်းလုပ်သားနှစ်ဦး ကူးစက်ခံရသည့် သတင်းကို အတည်မပြုနိုင်သေးသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသားများ ရွေ့ပြောင်းအလုပ်လုပ်ကိုင်မှု အများဆုံး အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံရောက် အရပ်ဖက်အဖွဲ့အစည်းများ ပြုစုသော ၂၀၁၉ စာရင်းအရ တရားဝင်လုပ်ကိုင်သူနှင့် တရားမဝင်လုပ်ကိုင်သူ လုပ်သားဦးရေ လေးသန်းကျော် ရှိ‌ကြောင်း ဦးရဲမင်းက ဆိုသည်။

ထိုင်းနိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၃၂၂ ဦး ရှိပြီး တစ်ဦးသေဆုံးကြောင်း ထိုင်းနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါထိန်းချုပ်ရေးဌာန ဝက်ဆိုက်တွင် ယနေ့ရက်စွဲဖြင့် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာ ၁၇၃ ဦးနှင့် သံသယလူနာ ၂ ဦးစုစုပေါင်း ၁၇၅ ဦးရှိပြီး ၁၅၇ ဦးတွင် ရောဂါပိုးမတွေ့ရဘဲ ကျန် ၁၈ ဦးမှာ ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲဖြစ်ကြောင်း ယနေ့ညနေတွင် မြန်မာနိုင်ငံ၊ အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မတ် ၂၀ ည ၇ နာရီအထိ ကမ္ဘာတစ်ဝန်း Covid-19 ရောဂါကူးစက်ခံရသူ ၂၅၃,၂၇၉ ဦးရှိပြီး ၁၀,၅၁၄ ဦး သေဆုံးခဲ့ပြီးဖြစ်သည်ဟု nCov2019.live ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ရောဂါကူးစက်ခံရသည့် နိုင်ငံများအနက် အီတလီနိုင်ငံမှာ သေဆုံးသူ ၃၄၀၅ ဦးဖြင့် အမြင့်ဆုံးဖြစ်သည်။

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုတ်ချကြောင်းလည်း ကန်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့သည်...

Published on Mar 18, 2021

အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး အန်သိုနီဘလင်ကန်နှင့် တောင်ကိုရီးယားနိုင်ငံခြား​ရေးဝန်ကြီး ​ချောင်အီ​ယောင်တို့သည် မြန်မာ​အ​ရေးအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုက​ရေစီတိုက်စားမှုအ​​ကြောင်း ယနေ့ (မတ်လ ၁၈) ​ဆွေး​နွေးခဲ့ကြသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်က ဒီမိုက​ရေစီနည်းကျ​ရွေး​ကောက်ပွဲရလဒ်​တွေကို ​ပြောင်းပြန်လှန်ဖို့ ကြိုးစား​နေပြီး ငြိမ်းချမ်းစွာဆန္ဒပြ​နေသူ​တွေကို ရက်ရက်စက်စက် နှိမ်နင်း​နေပါတယ်။ တိုင်းပြည်အနာဂတ် အတွက် ဆန္ဒပြ​တောင်းဆိုတာလုပ်​နေတဲ့ လူငယ်​လေး​တွေကို ပစ်သတ်​နေတာပါ'' ဟု ကန်နိုင်ငံခြား​ရေးဝန်ကြီး ဘလင်ကန်က ​ပြောသည်။

ထို့အပြင် ​တောင်ကိုရီးယားသို့​ရောက်ရှိ​နေ​သော အ​မေရိကန် နိုင်ငံခြား​ရေးဝန်ကြီးက "ကျွန်​​တော်တို့အ​နေနဲ့ အ​​ခြေခံအခွင့်အ​​ရေး​နဲ့ လွတ်လပ်ခွင့်​တောင်းဆို​နေကြတဲ့ပြည်သူ​တွေဘက်က ရပ်တည်​ပေးရမှာ ဖြစ်ပြီး သူတို့အ​ပေါ် ဖိနှိပ်တဲ့သူ​တွေကို ဆန့်ကျင်ရပါမယ်'' ဟု မြန်မာပြည်သူများနှင့်အတူ ရပ်တည် ကြောင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် ဘလင်ကန်က တရုတ်အ​စိုးရအ​ကြောင်းကိုလည်း ထည့်သွင်း​ပြောဆိုပြီး ထိုင်ဝမ်၊ ​ဟောင်​ကောင်၊ တိဘက်၊ ရှင်းကျန်းအ​ရေးအပါအဝင် ​တောင်တရုတ်ပင်လယ်အ​ရေးကိစ္စများကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

"မြန်မာနိူင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ နောက်ပြန်လိမ့်နေတဲ့ အချိန်မျိုးမှာ ပီကင်းရဲ့လုပ်ဆောင်ချက်တွေက ကျွန်ုပ်တို့ရဲ့မဟာမိတ်တွေ အကြားဘုံချဉ်းကပ်မှု တစ်ခု ပေါ်ပေါက်စေဖို့ အရေးအကြီးဆုံးပါပဲ" ဟု ဘလင်ကန်က တရုတ်နိုင်ငံအ​ပေါ် တိုက်ရိုက်ရည်ညွှန်း၍ ​ပြောကြားခဲ့သည်။

ဘလင်ကန်နှင့် အ​​မေရိကန်ကာကွယ်​​ရေးဝန်ကြီး လွိုက်ဒ်​အော်စတင်သည် မတ်လ ၁၆ ရက်ကလည်း ဂျပန်နိုင်ငံသို့ ​ရောက်ရှိစဥ် အာရှမဟာမိတ်များနှင့် ဆွေး​နွေး​​ရေး သီတင်းပတ် စတင်မှုအဖြစ် ဂျပန် နိုင်ငံခြား​ရေးဝန်ကြီး မိုတီဂီ၊ ဂျပန်ကာကွယ်​ရေးဝန်ကြီး ကီရှီတို့နှင့် ​တွေ့ဆုံစဥ် မြန်မာအ​ရေး၊ ​မြောက်ကိုရီးယားနျူအ​​ရေးနှင့် တရုတ်ကြီးစိုးမှု ထိန်းချုပ်​ရေး အပါအဝင် အခြားအ​ရေးကြီးကိစ္စများ ​ဆွေး​နွေးခဲ့ကြသည်။ 

စစ်အာဏာသိမ်းမှုအ​ပေါ်ဆန့်ကျင်​ကြောင်း ငြိမ်းချမ်းစွာ၊ ရဲရင့်စွာဆန္ဒပြ နေ​သောမြန်မာပြည်သူများအ​ပေါ် စစ်သားများက ရက်စက်စွာ နှိမ်နင်း​နေမှုအ​ပေါ်  နိုင်ငံတကာက တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်ရှုံ့ချရန်လည်း ဘလင်ကန်က တိုက်တွန်းခဲ့သည်

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၈ နံနက်ပိုင်းတွင် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ကြုံခဲ့ရသူ ဒေသခံရွာသားတစ်ဦးက အတည်ပြုသည်

Published on Mar 18, 2021
သေဆုံးသွားသော ဦးခင်မောင်လတ်၏ ရုပ်အလောင်းအား မိသားစုဝင်များနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Ma May Facebook)

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ နှင့် ပါတီထောက်ခံသူများကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးနေသဖြင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက Myanmar Now ကို ပြောသည်။

ယနေ့ (မတ်လ ၁၈) နံနက်ပိုင်း ၁၁ နာရီခန့်တွင် စစ်ကောင်စီ၏ လက်နက်ကိုင်များသည် မအူပင်မြို့နယ် မီးသွေးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာသား ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ ကြုံ ခဲ့ရသူ ဒေသခံ ရွာသားတစ်ဦးက အတည်ပြုသည်။

“ပေါ်တာဆွဲသလို ဖမ်းသွားတာပေါ့။ အကုန်လုံးကို ဆွဲတင်သွားတာ ဝင်မွှေတဲ့နေရာလည်း ဝင်မွှေသွား တယ်။ NLD သမားအကုန်ဖမ်းမယ်ဆိုပြီး အကုန်လုံးကို လိုက်ဖမ်းနေတာ” ဟု ၎င်းက ပြောသည်။

ယနေ့ အဖမ်းခံရသည့် NLD ပါတီ ထောက်ခံသူများတွင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီးတစ်ဦးပါဝင်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များပါ မီးသွေးချောင်း ကျေးရွာအနီးရှိ တောထဲတွင် ထွက်ပြေး တိမ်းရှောင်နေရကြောင်း အဆိုပါရွာသားက ပြောသည်။

“ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့မှာ ရွာလုံးပေါက် ဘဝပျက်ပြီး နေစရာ ထိုင်စရာ မရှိဘူး ကိုယ့်ရွာတောင် ကိုယ်မပြန်ရဲဘူး” ဟု ၎င်းက ဆက်ပြောသည်။

၎င်းတို့ ကျေးရွာတွင် နေထိုင်သည့် ပြည်ခိုင်ဖြိုး ပါတီဝင်များက စစ်တပ်ကို သတင်းပေးခြင်းကြောင့် ထိုသို့ လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ထိုဒေသခံက ဆိုသည်။

မအူပင်မြို့နယ်ရှိ မီးသွေးချောင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၄ ရွာပါဝင်ပြီး အိမ်ခြေ ၁၀၀၀ ကျော်ရှိ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် မြန်အောင်မြို့အနီး ထူကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာလျင် အမျိုးသား ၁၀ ဦးနှုန်း ထုတ်ပေးရန် ဒေသခံ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ အကူအညီဖြင့် စစ်တပ်နှင့်ရဲများက မတ် ၁၅ ရက် ကတည်းကပင် လူစာရင်းကောက် နေသည်ဟု ဒေသခံကျေးရွာသားအချို့က Myanmar Now ကို ပြောသည်။

“ဘာလို့ ဒီလိုတွေ အသွားအလာရှိလည်းဆိုတော့ ဒီနယ်မြေတစ်ခုလုံးက ဦးသန်းဌေးရဲ့ ဩဇာအာဏာ အတော်အသင့် သက်ရောက်တဲ့နယ်မြေဗျ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များက NLD ပါတီဝင်များကို လိုက်လံဖမ်းဆီး ခဲ့ရာ ပါတီဝင် အမြောက်အများ ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံထားရသူများထဲမှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့သည်။

ထိုသို့ စစ်တပ်နှင့်ရဲက ကျေးရွာဒေသခံများ၏ စာရင်းကို လိုက်လံ ကောက်ခံနေသော်လည်း အင်တာနက် ပြတ်တောက်မှုကြောင့် သတင်းအချက်အလက်များ ပေးပို့ရန် အခက်အခဲရှိနေသည်ဟုလည်း ဒေသခံများက ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

Published on Mar 18, 2021
ဓာတ်ပုံ − Kachinwaves

ဖားကန့်- ကချင် ပြည်နယ် ဖားကန့် မြို့နယ်ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး ရှိ​သော အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်စခန်းများအား ကချင်လွတ်​မြောက်​ရေးတပ်မ​တော် (KIA)က ယနေ့မနက် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ ကြောင်း ဒေသခံအချို့ ကပြောသည်။

"နမ့်မှော်တခွင်မှာ ရဲတပ်ရင်း တပ်စခန်းတွေရှိတယ်။ အဲဒါကို KIAက ပစ်တယ်လို့ ကြားရတယ်။ စခန်းသုံးနေရာလောက်ကို ဝင်တိုက်တယ်လို့ ပြောတယ်"ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

တိုက်ပွဲဖြစ်ပွား​နေစဉ် လက်နက်ကြီးကျည် ကျ၍ ဒေသခံအမျိုးသားတစ်ဦး၏ ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ် တွင်လည်းဖော်ပြထားသည်။

KIA က ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အနေဖြင့် မြစ်ကြီးနားမြို့ တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်လာပြီး နောက်ပိုင်း KIA က ယခုကဲ့သို့ ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်သည်။

ဆန္ဒပြပြည်သူများအား ထိခိုက်အောင် မလုပ်ရန် KIA ကပြောဆိုထားသကဲ့သို့ ပြည်သူလူထု၏ လှုပ်ရှားမှုများကို ကြိုဆိုကြောင်းသဘောထားထုတ်ပြန်ထားသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading