ဆန်စျေးမှာ ယခင်က နှစ်သောင်းခွဲခန့်ရှိရာမှ ယခု ကိုးသောင်းခန့်ထိ ဈေးတက်နေပြီး အခြေခံစားသောက်ကုန်များမှာ သုံးဆခန့် ဈေးတက်သွားသည်
ရန်ကုန်၊ မတ် ၂၀
ချင်းပြည်နယ် ပလက်ဝမြို့မှ စစ်ဘေးသင့်သူများထံ ပို့ဆောင်ပေးမည့် ဆန်အိတ်ပေါင်း ၆၀၀၀ ခန့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရခိုင်ပြည်နယ် ကျောက်တော်နှင့် စစ်တွေ မြို့တို့တွင် သောင်တင်နေသည်မှာ တစ်လခန့်ရှိပြီဟု ချင်းပြည်နယ် စည်ပင်ဝန်ကြီးဦးစိုးထက်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက် မှစတင်ပြီး ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် နယ်စပ်အနီးရှိ ကုလားတန်မြစ်တစ်လျှောက်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားလျက်ရှိသဖြင့် ကျောက်တော်မှ ပလက်ဝသို့သွားရာ ကုန်းလမ်း၊ ရေလမ်းများမှာ ပိတ်ဆို့နေခြင်းဖြစ်သည်။
ချင်းပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းလှူဒါန်းထားသည့် ပလက်ဝသို့ပို့ဆောင်မည့် အဆိုပါဆန်အိတ်များထဲမှ သုံးပုံနှစ်ပုံခန့်မှာ စစ်ရှောင်များကို ကူညီရန်ဖြစ်ပြီး ကျန်သည့်တစ်ပုံမှာ ရိက္ခာအရေးတကြီးလိုအပ်နေသည့် ပလက်ဝမြို့ခံများအတွက် ဖြစ်သည်ဟု ဦးစိုးထက်က Myanmar Now ကို ပြောသည်။
“အခု ပလက်ဝမှာ ဈေးဆိုင်တွေ အကုန်ပိတ်ထားရတယ်၊ ကုန်ကြမ်းလည်းမရှိဘူး၊ ကုန်ချောလည်းမရှိဘူး အကုန်ပြတ်လပ်ကုန်ပြီ” ဟု ၎င်းကဆိုသည်။
ပလက်ဝမြို့နယ်တွင် လူဦးရေ ၁၁၀,၀၀၀ ကျော်ရှိသည့် အနက် ခြောက်သောင်းခန့် စစ်ဒဏ်သင့်နေပြီး ပလက်မြို့နယ်တွင်လည်း စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေသည်ဟု ဝန်ကြီးဦးစိုးထက်က ပြောသည်။


ယခင် ဆန်တစ်အိတ်လျှင် ကျပ် ၂၅,၀၀၀ ခွဲခန့်ရှိရာမှ လွန်ခဲ့သည့် တစ်လခန့်မှစကာ ဆန်တစ်အိတ်တန်ဖိုးမှာ ကိုးသောင်းခန့်အထိ မြင့်တက်သွားသည်ဟု ပလက်ဝမြို့ခံတစ်ဦးဖြစ်သည့် ကိုလာရင်းက Myanmar Now ကိုပြောသည်။
ထို့ပြင် ဆီ၊ ဆား၊ နှင့် အသား၊ ငါးများလည်း ရှားပါးနေပြီး ယခင် ငါးပိ တစ်ပိဿာ ကျပ် ၂၀၀၀ မှ ယခုဆိုလျှင် ၆၀၀၀ သို့ မြင့်တက်သွားသည်ဟု ၎င်းက ဆက်လက်ပြောသည်။
“ဟင်းစားအတွက်ဆိုရင် စိုက်ခင်းရှိတဲ့သူတွေဆီက ဟင်းသီးဟင်းရွက်တွေကို ဝယ်ပြီးစားနေရတယ်” ဟု ကိုလာရင်းက ပြောသည်။
ဖေဖော်ဝါရီနှင့် မတ် တွင် တောက်လျှောက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မီးချောင်းချောင်းနှင့် ကုလားတန်မြစ် ဆုံရာတစ်ဝိုက်ရှိ ကျေးရွာပေါင်း ၁၀ ရွာခန့်သည် မိုင် ၂၀ ခန့်ဝေးသည့် ဆမီးမြို့တွင် ရှောင်နေရပြီး စုစုပေါင်း လူဦးရေ ၂,၅၀၀ ခန့်အထိရှိနေသည်။
ဆမီးမြို့ကိုရောက်နေသည့် စစ်ရှောင်များအတွက် အကူအညီများကို ခြောက်ဘီးကားတစ်စီးဖြင့် ယနေ့စတင်ပေးပို့နေသည်ဟု ချင်းစည်ပင်ဝန်ကြီးဦးစိုးထက်က ဆိုသည်။
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ငွေကြေးတတ်နိုင်သည့် ပလက်ဝဒေသခံများမှာ ရန်ကုန်နှင့် အခြားမြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်နေပြီး ငွေကြေးအရ သွားရလာရခက်ခဲသည့် ဒေသခံများမှာ စားဝတ်နေရေးကျပ်တည်းလာသည်ဟု ၎င်းက ဆက်လက်ပြောသည်။
ပလက်ဝနှင့် ကျောက်တော်နယ်စပ် ကုလားတန်မြစ်အနီးတွင်ရှိသည့် တပ်မတော်၏ မီးဝဗျူဟာကုန်းရှိရာနေရာကို AA က ရက်ပေါင်း ၄၀ ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ပလက်ဝဒေသကို ပိတ်ဆို့ ဖြတ်တောက်ရေးအစီအစဉ်ကို ရိုက်ချိုးနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ် ၁၉ တွင် ထုတ်ပြန်ထားသည်။
တပ်မတော်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် AA ၏ ပြောခွင့်ရအရာရှိ ခိုင်သုခက ရက် ၄၀ ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း တပ်မတော်က ၎င်းတို့၏ စစ်ရေးအရရှုံးနိမ့်မှုများကို ဂုဏ်သိက္ခာအရ အဖတ်ဆယ်ရန် ယခုလို ထုတ်ပြန်ခြင်းဖြစ်နိုင်သည်ဟု တုံ့ပြန်သည်။
ထို့အပြင် ယခင်ရက်များအတွင်း တိုက်ပွဲများတောက်လျှောက်ဖြစ်ပွားခဲ့သည့် ကုလားတန်မြစ်တစ်လျှောက်နှင့် မီးဝဗျူဟာကုန်းဘက်တွင် ယနေ့အထိတိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု ခိုင်သုခက ဆက်လက်ပြောသည်။
အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မူရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုထားသည့် ချင်းအမျိုးသားတပ်ဦး(CNF)က ရက္ခိုင့်တပ်တော် AA ကို ချင်းပြည်နယ်နှင့် ချင်းလူမျိုးများနေထိုင်ရာဒေသများတွင် စစ်ရေးအရ အခြေချလူပ်ရှားခြင်းမပြုရန် ယမန်နေ့က ပြုလုပ်သည့် သတ္တမအကြိမ်ညီလာခံ ထုတ်ပြန်ချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။















