ပြည်ခိုင်ဖြိုး၏ မူရင်းပြင်ဆင်ချက်၌ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီး/ဒေသဦးစီးအဖွဲ့” ဟူသော စာသားကျန်ခဲ့၍ ယင်းပြင်ဆင်ချက်ကို တင်သွင်းသူများကိုယ်တိုင်က ကန့်ကွက်မဲပေးခဲ့ရသည်
အခြေခံဥပဒေပြင်ဆင်ရေး ယနေ့မဲခွဲမှုတွင် ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့ ပူးတွဲတင်သွင်းထားသည့် ပုဒ်မတစ်ခုကို ၎င်းတို့ကိုယ်တိုင်ပင် ကန့်ကွက်မဲပေးခဲ့၍ ထောက်ခံမဲ ၃၀ သာရရှိခဲ့ပြီး ပြည်ထောင်စုလွှတ်တော်၌ ရှစ်ရက်တာမဲခွဲမှုများအတွင်း ထောက်ခံမှုအနည်းဆုံးအဖြစ် မှတ်တမ်းဝင်သွားသည်။
ယင်းပုဒ်မမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိတ္ထီလာမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာမောင်သင်းက တပ်မတော်သားများ၏ ထောက်ခံလက်မှတ်ဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ပိုင်ခွင့် တစ်ခုကို ပြင်ဆင်ရန် အဆိုပြုထားခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုး၏ မူရင်းပြင်ဆင်ချက်တွင်ပင် စာသားကျန်ခဲ့၍ ကန့်ကွက်မဲပေးခဲ့ရခြင်းဖြစ်သည်။
အခြေခံဥပဒေဆိုင်ရာခုံရုံး၏ မူလလုပ်ပိုင်ခွင့်ဖြစ်သည့် “ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး/ဒေသဦးစီးအဖွဲ့တို့က ပြဌာန်းသည့်ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ညီညွတ်ခြင်းရှိမရှိ စိစစ်ခြင်း” ဆိုသည့်ပုဒ်မကိုပြင်ဆင်ရန် ပြည်ခိုင်ဖြိုးက ပြင်ဆင်ချက် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းပုဒ်မတွင် “ပြဌာန်းသည့်ဥပဒေများ”အစား “ဆောင်ရွက်ချက်များ”၊ “စိစစ်ခြင်း” အစား “အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်း”ဟု ပြင်ဆင်ရန် ဒေါက်တာမောင်သင်းကအဆိုပြုခဲ့ခြင်းဖြစ်သော်လည်း “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီး/ဒေသဦးစီးအဖွဲ့” ဟူသော စာသားကျန်ရစ်ခဲ့၍ ယင်းပြင်ဆင်ချက်အပေါ် ကန့်ကွက်မဲ ပေးလိုက်ရခြင်းဖြစ်သည်။

မဲရလဒ်ကြေညာအပြီးတွင်ဒေါက်တာမောင်သင်းက “ကျွန်တော်တို့ ကထောက်ခံခဲ့လို့ရှိရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဦးစီးအဖွဲ့အတွက် ကျန်နေမယ်”ဟု မီဒီယာများကိုပြောသည်။
ပြည်ထောင်စုလွှတ်တော်၌ ယနေ့မဲခွဲမှုတွင် အထက်ပါပုဒ်မအပါအဝင် စုစုပေါင်း ၁၄ ခုပါဝင်ပြီး တပ်မတော်သား များနှင့်သက်ဆိုင်သည့် စကားအသုံးအနှုန်း ပြင်ဆင်ပြောင်းလဲမှုတစ်ခုသာ ၅၇၄ မဲရခဲ့၍ လိုအပ်သည့် ထောက်ခံမဲပမာဏကို ကျော်လွန်ခဲ့သည်။
ပြည်ခိုင်ဖြိုး၏ ပြင်ဆင်ချက်နောက်တစ်ခုဖြစ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်ကို လျှော့ချရေးပုဒ်မတစ်ခုမှာလည်း လုံလောက်သည့်ထောက်ခံမဲမရခဲ့ပေ။
ထို့အတူ NLD ၏ အဆိုပြုချက်များအားလုံးမှာလည်း အရေးနိမ့်ခဲ့ရသည်။ နိုင်ငံရှိလက်နက်ကိုင်အဖွဲ့အားလုံး တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် တည်ရှိမှုကိုပယ်ဖျက်ရန်၊ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှပြန်လည် ရုပ်သိမ်းလိုလျှင် မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက တိုင်ကြားရုံဖြင့် ဆောင်ရွက်နိုင်မည့်အစား ၂၀ ရာခိုင်နှုန်းဟု ပြင် ဆင်ရန် စသဖြင့် NLD ကအဆိုပြုထားခြင်းဖြစ်သည်။

ပြင်ဆင်လိုသည့် ပုဒ်မပေါင်း ၁၃၅ ခုအထိရှိသည့် အခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှုများမှာ ယနေ့တွင် ၉၀ ရာခိုင်နှုန်းနီးပါး ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
အဆိုပါကာလအတွင်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲရ၍ လူထုဆန္ဒခံယူပွဲကျင်းပအတည်ပြုရဦးမည့် ပုဒ်မနှစ်ခု၊ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမဲရ၍ ပြင်ဆင်ပြီးဟု မှတ်ယူနိုင်သည့် ပုဒ်မ နှစ်ခုသာ ရှိသေးသည်။ ယင်းတို့မှာလည်း စကားရပ်၊ စကားသုံး၊ ရေးထုံးဆိုင်ရာ ပြင်ဆင်ချက်များသာဖြစ်သည်။
မနက်ဖြန် မတ် ၂၀ တွင် လက်ကျန်ပုဒ်မ ၁၄ ခုအတွက် ပြည်ထောင်စုလွှတ်တော်၌ အပြီးသတ် မဲခွဲဆုံးဖြတ်ရန်ရှိသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












