ကလေးဘဝမှာ နင်းမိတဲ့ မြေမြှုပ်မိုင်းကြောင့် နှစ် ၄ဝ အိမ်တွင်းပုန်းခဲ့ရသူ

လွန်ခဲ့တဲ့ နှစ် ၄၀ တုန်းက မိုင်းထိခဲ့လို့ ခြေနှစ်ဖက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးဟာ စိတ်ဒဏ်ရာများနဲ့အတူ နပန်းလုံးခဲ့ရပြီး သတ်သေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ အထိပါပဲ။ ဆုံးရှုံးသွားတဲ့ ခြေနှစ်ဖက်ကို ပြန်မတမ်းတတော့ပေမယ့် ကူညီဖေးမမှုနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မျှော်လင့်နေပါတယ်လို့ သူက ဆိုပါတယ်။

၁၃ နှစ်သမီး အရွယ်မှာ မိုင်းကြောင့် ခြေနှစ်ဖက်စလုံးဖြတ်ခဲ့ရတဲ့ ဒေါ်ခင်စန်းက ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် ကျေးလက်ဒေသ နေအိမ်မှာ ဝင်ငွေနည်းတဲ့ ကွမ်းသီးခြစ် လုပ်ငန်း လုပ်ကိုင်နေပါတယ် (ဓာတ်ပုံ - မယ်လွန်း)

ကျူထရံကာ ခြေတံရှည်အိမ်တစ်လုံးအောက်က ကွပ်ပျစ်လေးပေါ်မှာ ဆံပင်အုပ်လုံးသိမ်းထုံးထားပြီး ခပ်နွမ်းနွမ်း အိမ်နေအကျႌလေး ဝတ်ထားတဲ့ အမျိုးသမီးကြီးတစ်ဦးဟာ ကွမ်းသီးခြင်းတွေနဲ့ ကွမ်းသီးပုံတွေကြားထဲမှာ ထိုင်နေပါတယ်။

ဒီအတိုင်းကြည့်ရင်တော့ သူဟာ ဘာမှ မထူးခြားတဲ့ သာမန်အမျိုးသမီးတစ်ဦးပါ။

ဒါပေမယ့် ထိုင်နေရာကနေ တခြားတစ်နေရာကို ရွှေ့တော့မယ်ဆိုရင်တော့ သူ့ရဲ့ သာမန်မဟုတ်တဲ့ အနေအထားကို မြင်သူတိုင်းက ချက်ချင်း သတိပြုမိသွားမှာပါ။ သူဟာ ခြေနှစ်ဖက်စလုံး ပေါင်လယ်ကနေ ပြတ်နေတဲ့အတွက် လက်ကိုအသုံးပြုပြီး တင်ပါးကို တွန်းလျက်သာ ရွေ့လျား သွားလာနိုင်သူဖြစ်ပါတယ်။

ဒီလိုကိုယ်လက်အင်္ဂါချို့ယွင်းမှုဟာ သူ့ဘဝမှာ မွေးရာပါ မဟုတ်သလို ရိုးရိုးမတော်တဆမှုကြောင့်လည်း မဟုတ်ခဲ့ပါဘူး။

“သြော်…ကိုယ့်ကံတရားပဲပေါ့၊ မဟုတ်ဘူးလား၊ ဟိုဘဝက မကောင်းတာ ဖြစ်ခဲ့လို့နေမှာပေါ့” လို့ ကွမ်းသီးခြစ်ရင်း ခပ်သဲ့သဲ့ရယ်သံနဲ့ ပြောပါတယ်။

သူဟာ အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်စန်းဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၄ဝ တုန်းက ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ မြန်မာ့တပ်မတော်တို့ကြား အပြန်အလှန်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို တက်နင်းမိခဲ့လို့ ခြေနှစ်ဖက်လုံးပြတ်ခဲ့သူပါ။

ဘယ်သူ့မိုင်းကို နင်းမိတာလဲဆိုတာတော့ အခုချိန်ထိ သူအပါအဝင် ဘယ်သူကမှ သေချာမသိကြပါဘူး။

တကယ်တော့ အပြင်လူ သူစိမ်းတစ်ယောက်ကို ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး အခုလို ပေါ့ပေါ့ပါးပါး ပြန်ပြောပြနိုင်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ သူ ခွန်အားယူခဲ့ရပါတယ်။

၁၉၈၁ ခုနှစ်ဝန်းကျင်ကာလ မိုင်းထိခဲ့တဲ့အချိန်မှာ သူဟာ ၁၃ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးပါ။ သူ့ရဲ့အဒေါ်၊ သူ့ရဲ့သူငယ်ချင်းတစ်ဦးတို့နဲ့အတူ ကွမ်းသီးနဲ့ ဆန် လဲလှယ်ဖို့အတွက် ရွာအပြင် ကွင်း(မုန်းချောင်းရဲ့အနောက်ဘက်ခြမ်းကျေးရွာ) ထဲကို အသွား၊ လမ်းခုလပ်မှာ မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။

မိုင်းထိပြီးနောက်ပိုင်း သူ့ဘဝအတွက် အဓိကအရေးပါတဲ့သူကတော့ သူ့ရဲ့အမေ ဒေါ်ညွန့်ရီပဲဖြစ်ပါတယ်။ မိခင်ဒေါ်ညွန့်ရီဟာ အကျပ်အတည်းပေါင်းစုံကြား သေဘေးထဲက သမီးဖြစ်သူရဲ့ဘဝကို ဆွဲထုတ်ပြီး ဒုတိယအကြိမ်မြောက် ပြန်လည်မွေးထုတ်ပေးခဲ့တဲ့ မိခင်ဖြစ်ပါတယ်။

“စဖြစ်တုန်းကဆို အဲဒီမိုင်းထောင်တဲ့သူကို အစိမ်းလိုက်တောင် ဝါးစားချင်တယ်။ ကိုယ့်ဆီမှာ လက်နက်မရှိလို့။ လက်နက်သာရှိပြီး ဘယ်သူထောင်သလဲဆိုတာ သိခဲ့ရင် အဲဒီမိုင်းထောင်တဲ့သူကို ပစ်သတ်မိမှာလား မသိဘူး..”

အသက် ၇ဝ ကျော်အရွယ် ပိန်ပိန်သေးသေး ဒေါ်ညွန့်ရီဟာ သမီးမခင်စန်း မြေမြှုပ်မိုင်းထိချိန်က ခံစားခဲ့ရတာတွေကို ပြန်ပြောပြနေတာပါ။

မာန်ပါတဲ့သူ့စကားသံတွေ၊ စူးရှတဲ့မျက်လုံးတွေနဲ့ အမယ်အိုရဲ့မှတ်ဉာဏ်တွေဟာ လွန်ခဲ့တဲ့နှစ် ၄ဝက အကြောင်းကို ပြန်ပြောပြနေတာထက် မနေ့တစ်နေ့က ဖြစ်ရပ်ကို ပြန်ပြောပြနေသလို နိုးကြားလွန်းနေပါတယ်။

ဒေါ်ခင်စန်းနေထိုင်တဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသဟာ KNU တပ်မဟာ (၃) နယ်မြေဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ်လောက်အထိ အဲဒီဒေသမှာရှိတဲ့ ကျေးရွာအုပ်စုတွေအားလုံးဟာ အစိုးရစစ်တပ်နဲ့ KNU ကြား တိုက်ပွဲဖြစ်ပွားရာ စစ်တလင်းဖြစ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်နှောင်းပိုင်းအထိ အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။

”ကားပေါ်ရောက်တော့ သြော်.. ငါ့သမီးလေး အသက်ရှင်ပါစေ၊ ခြေထောက်မရှိရင်နေပါစေ၊ အသက်ကလေးတော့ ချမ်းသာပေးပါဆိုပြီး ကလေးလိုပဲ ပါးစပ်က တတွတ်တွတ် ရွတ်ပြီးသွားတာ” ဆိုပြီး ဒေါ်ညွန့်ရီက သမီးကို ဆေးရုံပို့ခဲ့တဲ့အချိန်က အတွေ့အကြုံကို ဆုတောင်းတဲ့အသံနေအသံထား၊ အမူအယာတွေနဲ့ ပြန်ပြောပြပါတယ်။

ဖြူးမြို့ဆေးရုံရောက်တော့လည်း သမီးကိုသယ်လာတဲ့ ထမ်းစင်ကို ခပ်ကြမ်းကြမ်းချလိုက်တဲ့အတွက် ငြင်ငြင်သာသာလုပ်ပေးဖို့ တောင်းဆိုမိလို့ ဆရာဝန်က စိတ်ဆိုးပြီး ချက်ချင်းမကြည့်ပေးဘဲ ထားခဲ့ပါသေးတယ်။ ဒါပေမယ့် ဆေးရုံမှာတွေ့တဲ့ အမျိုးသမီးကြီးတစ်ဦးကို အကူအညီတောင်းပြီး ပြန်တောင်းပန်မှ ဆရာဝန်က ပြန်လာပြီး ကြည့်ပေးခဲ့လို့ ဆေးကုခဲ့ရပါတယ်။

မြေမြှုပ်မိုင်းကြောင့် ခြေနှစ်ဖက်စလုံး ဖြတ်လိုက်ရတဲ့ ဒေါ်ခင်စန်းဟာ ဆေးရုံမှာ ရှစ်လကြာ ကုသခဲ့ပေမယ့် ဒဏ်ရာတွေက မသက်သာလို့ နေ့နေ့ညည မအိပ်နိုင်ဘဲ နေ့စဉ်ရက်ဆက် ငိုကြွေးနေခဲ့ရပါတယ်။ အဲဒီအချိန်က လက်နက်ကိုင်အဖွဲ့ နှစ်ဖက်လုံးကို လူတွေကြောက်နေရပေမယ့် သမီးဝေဒနာတွေ သက်သာရေးအတွက် နီးစပ်ရာ စစ်တပ်ကဆေးတွေ ရရှိဖို့ မိခင်ဒေါ်ညွန့်ရီက ရအောင် ကြိုးစားခဲ့ပါတယ်။

“အငယ်ဆုံးကလေးကို ချီပြီးတော့ စစ်တပ်ရှိတဲ့နေရာ၊ ဘယ်နေရာမဆို သွားတာပဲ။ ဗိုလ်မှူးရယ် ကျွန်မသမီးလေး မိုင်းထိထားတာ တအားငိုလို့.. ကိုက်နေလို့ ဆေးလေး လာတောင်းတာပါ ဆိုပြီး စစ်တပ်တွေ ရောက်လာတိုင်း ရောက်အောင်သွားတာပဲ..” ဆိုပြီး အကူအညီတောင်းခဲ့ရပုံကို မိခင်ဖြစ်သူက ပြောပြပါတယ်။

အဲဒီဆေးတွေရဲ့အကူအညီနဲ့ ဒေါ်ခင်စန်းရဲ့ ခြေထောက်ဖြတ်ထားတဲ့ ဒဏ်ရာတွေကို သက်သာအောင် ကုသနိုင်ခဲ့ပေမယ့် သမီးဖြစ်သူကတော့ တစ်သက်လုံး ခြေနှစ်ဖက်ပြတ်ထားတဲ့ ဒုက္ခိတဘဝကို ရောက်ခဲ့ရပါတယ်။

တိုက်ပွဲတွေကြောင့် သေနတ်သံတွေနဲ့ မိုင်းသံတွေကြား ပုန်းအောင်းပြေးလွှားရင်း မုန်းဒေသခံ ရွာသူရွာသားတွေဟာ တောတောင်နဲ့ ကွမ်းသီးဥယျာဉ်ခြံတွေကို အမှီပြုပြီး လုပ်ကိုင်စားသောက်ခဲ့ကြရပြီး ဒီအထဲမှာ ဒေါ်ခင်စန်းလို မြေမြှုပ်မိုင်းနင်းမိကြသူတွေလည်း အများအပြားရှိခဲ့ပါတယ်။

၁၉၈ဝ ကနေ ၂ဝ၁၇ အထိ မြေမြုပ်မိုင်းကြောင့် ခြေပြတ်လက်ပြတ်ခဲ့သူပေါင်း ၄ဝဝ ကျော် ရှိပြီး သေဆုံးသူဦးရေကတော့ စစ်တမ်းမရှိတဲ့အတွက် အတိအကျ မသိရဘူးလို့ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (မုန်းဒေသ) ရဲ့ ဘဏ္ဍာရေးမှူး မစန်းစန်းအေးက ပြောပါတယ်။

ဒေါ်ခင်စန်းကတော့ ၁၉၈ဝ ကာလတွေမှာ ခြေနှစ်ဖက်လုံးပြတ်ခဲ့တဲ့ ပထမဆုံး မြေမြှုပ်မိုင်းဒဏ် ခံခဲ့ရသူ ဖြစ်ပါတယ်။

ခြေထောက်နှစ်ဖက်စလုံး ပြတ်ခဲ့ရပြီး ဒဏ်ရာတွေကို ကုသနိုင်ခဲ့ပေမယ့် ဒေါ်ခင်စန်းတို့မိသားစု နောက်ထပ် ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ နိစ္စဓူဝဝမ်းရေးပဲ ဖြစ်ပါတယ်။

သူမကို ကုသဖို့အတွက် ရှိစုမဲ့စု ပိုင်ဆိုင်ထားတဲ့ နွားတွေနဲ့ လှည်းတွေကို ရရာစျေးနဲ့ ရောင်းချလိုက်ရသလို တိုက်ပွဲနဲ့ မိုင်းတွေကို ရှောင်ပြီး အလုပ်လုပ်ကိုင်ရတဲ့အတွက် မိသားစုခုနစ်ယောက် ထမင်းတစ်နပ်စာ မှန်ဖို့တောင် သူတို့မိသားစု ခက်ခဲခဲ့ပါတယ်။

ဈေးဆိုင်တွေမှာ ဆန်အကြွေးဝယ်ဖို့ သွားခဲ့ပေမယ့် ဘာပိုင်ဆိုင်မှုမှမရှိ၊ အပေါင်ထားစရာမရှိလို့ အကြွေး မရောင်းကြတဲ့အတွက် လက်ဗလာနဲ့ အိမ်ပြန်လာခဲ့ရတဲ့ အကြိမ်ပေါင်းများစွာ ကြုံခဲ့ပါတယ်။ ကွမ်းသီး ကောက်လို့ရမှပဲ ဆိုင်ပြန်သွားပြီး ကွမ်းသီးအလုံးရေ တန်ဖိုးအလိုက် ရသလောက် ဆန်၊ ငရုတ်သီး၊ ဆား စတာတွေကို လဲလှယ်ပြီး ဖြစ်သလိုသာ စားသောက်ခဲ့ရပါတယ်။

“အဖိုးကြီး (သူ့ခင်ပွန်း) က ဘယ်လိုပြောလဲဆိုရင် ဆန်ပြုတ်ပဲ ပြုတ်ပါဟယ်တဲ့။ အဲဒါဆိုရင် သူများဆီမှာလည်း မရှာရတော့ဘူးပေါ့တဲ့။ အဲဒီဆန်သုံးပြည်ဆို အကြာကြီး စားရတယ်တဲ့။ ဆန်ပြုတ်ကျတော့လည်း ကလေးတွေက မစားနိုင်ဘူးလေ” လို့ ဒေါ်ညွန့်ရီက ပြောပြပါတယ်။

မိုင်းပေါက်သံတွေကြားပြီဆိုတာနဲ့ တောတောင်ထဲသွားပြီး ဝမ်းရေးအတွက် ဝင်ငွေရှာနေတဲ့ ဖခင်နဲ့ တခြား သားသမီးတွေ ဘေးလွှတ်ရေး ဆုတောင်းရတာကလည်း အိမ်မှာကျန်ခဲ့တဲ့ ဒေါ်ခင်စန်းနဲ့ သူ့မိခင်တို့ရဲ့ ပုံမှန် ရင်ဆိုင်ရတဲ့ သောကတွေပဲဖြစ်ပါတယ်။

မိုင်းထိပြီး နှစ်နှစ်ကျော်ကာလ ရောက်လာတော့ ဒေါ်ခင်စန်းဟာ အိမ်မှုကိစ္စတွေ ဝိုင်းကူနိုင်တဲ့အထိ ကျန်းမာရေး တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆယ်ကျော်သက်အရွယ်မှာ ခြေနှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရမှုတွေ၊ မိသားစုရဲ့ ဝမ်းရေးခက်ခဲမှုတွေ၊ တိုက်ပွဲတွေကြောင့် မကြာခဏ ရွာပြောင်းရွှေ့ရတဲ့အခါ သူများလို မပြေးလွှားနိုင်မှုတွေက သူ့ရဲ့စိတ်ဒဏ်ရာကို တစ်စထက်တစ်စ ကြီးထွားလာစေခဲ့ပါတယ်။

“မနေချင်ဘူးလေ.. ဆေးတွေဘာတွေသောက်ပြီး သေချင်တဲ့စိတ်ပဲရှိတယ်” ဆိုပြီး အကြိမ်ကြိမ် သတ်သေဖို့လည်း ကြိုးစားခဲ့ဖူးတဲ့အကြောင်း ဒေါ်ခင်စန်းက ပြောပြတယ်။ ဒါပေမယ့် သတ်သေဖို့အတွက် ကိုယ်တိုင် ဆေးသွားမဝယ်နိုင်တာကလည်း သူ အသက်ဆက်ရှင်ဖို့ အကြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒေါ်ခင်စန်းဟာ မိုင်းမထိခင်က သာမန်ကလေးတွေလိုပဲ တက်ကြွသွက်လက်သူတစ်ယောက် ဖြစ်ခဲ့ပေမယ့် မိုင်းထိပြီးနောက်မှာတော့ သူနဲ့ရင်းနှီးတဲ့ သူငယ်ချင်းတွေ လာရင်တောင် ထွက်မတွေ့ဘဲ အခန်းထဲမှာပဲ တစ်ယောက်တည်း သီးသန့်နေခဲ့တယ်လို့ အိမ်နီးချင်း ငယ်သူငယ်ချင်းတစ်ဦးက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ဝ၁၃ နောက်ပိုင်းမှာတော့ နည်းမျိုးစုံကြောင့် ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေကို ကူညီပေးတဲ့ အဖွဲ့အချို့ မုန်းဒေသကို ရောက်လာချိန်မှာ ဒေါ်ခင်စန်းအတွက် ပြင်ပလောကကို ထိတွေ့ဖို့အခွင့်အရေး ရလာခဲ့ပါတယ်။

မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း (MPHA) (မုန်းဒေသ) ရဲ့ အကြိမ်ပေါင်းများစွာ အားပေး နှစ်သိမ့်မှုတွေအပြင် မိခင်ရဲ့ တွန်းအားပေးမှုတွေကြောင့် မသန်စွမ်းသူတွေ တွေ့ဆုံတဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်ခွင့်ရခဲ့ပါတယ်။

“စိတ်အင်အားမြှင့်တင်ပေးတဲ့ အဖွဲ့တွေနဲ့ ကြုံတော့ ကိုယ့်စိတ်ထဲ နည်းနည်းပျော်လာတယ်” လို့ သူက ပြောပါတယ်။

လူမှုရေးအဖွဲ့အချို့ရဲ့ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးမှုတွေအပြင် တစ်ခါတစ်ရံထောက်ပံ့တဲ့ ဆန်နဲ့ အိမ်သုံးပစ္စည်းလေးတွေကလည်း သူတို့မိသားစုအတွက် အများကြီး အထောက်အကူဖြစ်စေတယ်လို့ ဒေါ်ခင်စန်းက ဆိုပါတယ်။

အသက် ၁၃ နှစ်အရွယ်ကနေ လူမှုအသိုင်းအဝိုင်းနဲ့ ဝေးကွာသွားခဲ့ရပြီး စိတ်ပျက်အားငယ်မှု၊ အထီးကျန်မှုတွေနဲ့ နေထိုင်လာရာကနေ ဒီလိုအားပေးနှစ်သိမ့်မှုတွေကြောင့် ရုန်းထလာနိုင်ချိန်မှာတော့ သူ့ အသက်ဟာ ၅၃ နှစ် ရှိခဲ့ပါပြီ။

သူ့ရဲ့အဖေက လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကျန်းမာရေးချို့တဲ့လို့ ဆုံးပါးသွားခဲ့ပြီး တခြားမောင်နှမသားချင်းတွေလည်း တစ်နယ်တစ်ကျေး သွားရောက် လုပ်ကိုင် စားသောက်နေကြလို့ အခုချိန်မှာတော့ သူဟာ မိခင်၊ ညီမ တစ်ဦးတို့နဲ့အတူ နေထိုင်နေပါတယ်။

မြန်မာ့တပ်မတော်နဲ့ KNU ကြား အပစ်ရပ်ပြီးနောက် သူတို့ဒေသမှာ တိုက်ပွဲသံတွေနဲ့ မိုင်းကွဲသံတွေ ငြိမ်သက်နေပေမယ့် သူတို့ မိသားစုရဲ့ ဘဝတိုက်ပွဲကတော့ မပြီးဆုံးနိုင်သေးပါဘူး။

သူ့ညီမရဲ့ နေ့စားခ တစ်နေ့လုပ်အားခ ကျပ် ၄,ဝဝဝ ဝန်းကျင်နဲ့ သူကွမ်းသီးခြစ်လို့ရတဲ့ တစ်နေ့ ကျပ် ၁,ဝဝဝ ဝန်းကျင် ဝင်ငွေဟာ သူတို့ရဲ့ နိစ္စဓူဝ စားဝတ်နေရေးကို ခက်ခဲစွာ ဖြေရှင်းပေးနေဆဲပါ။

“ဒီနေ့ ကွမ်းသီးခြစ်ရင် ဘယ်လောက်ရမလဲ၊ နောက်နေ့ခြစ်ရင် ဘယ်လောက်ရမလဲ အဲဒီအထဲမှာပဲ စိတ်က ရှိတယ်” လို့ သူက ဆိုပါတယ်။

ခုချိန်မှာ သူတို့မိသားစုအတွက် အစိုးရိမ်ဆုံးက နောက်ထပ် သေနတ်သံတွေ ထွက်လာပြီး မိုင်းသံတွေ ပြန်ညံလာမှာကိုပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မကြာခင်ရက်ပိုင်းက KNU ခေါ် ကရင်အမျိုးသားအစည်းအရုံးက အစိုးရ၊ တပ်မတော်တို့နဲ့ လုပ်နေတဲ့ NCA ဆွေးနွေးပွဲတွေမှာ ဆက်လက်ပါဝင်ဖို့ ခေတ္တရပ်ဆိုင်းထားမယ်လို့ သတင်းထုတ်ပြန်ခဲ့တဲ့အတွက် သူတို့ စိုးရိမ်နေတဲ့အတိုင်း စစ်ပွဲဘက်ကို ပြန်လှည့်လာမလား ဆိုတာတော့ သူနဲ့ ရွာသူရွာသားတွေ အတွက် စဉ်းစားစရာပါ။

ပြောခွင့်သာရမယ်ဆိုရင် မိုင်းထောင်တဲ့သူတွေကို ဘာပြောချင်သလဲလို့မေးတော့ ဒေါ်ခင်စန်းက ပြုံးပြီး ကြည့်နေရုံကလွဲလို့ ပြောဖို့ခေါင်းခါနေပေမယ့် သူ့အမေကတော့ သူ့ကိုယ်စား ခပ်သွက်သွက်ပဲ ပြန်ဖြေခဲ့ပါတယ်။

“ကျွန်မတို့က မပြောရဲဘူးလေ။ သူတို့က လက်နက်ကိုင်ထားတာကိုး။ ကိုယ်က ဘာမှမရှိတာ။ ဒီလိုပဲ ကုပ်ပြီး နေရတာပေါ့။ ကြောက်နေတာပေါ့။ ဘာမှ မပြောရဲဘူး။ တွေ့လည်း မပြောရဲဘူး…”

အမျိုးသမီးများ အသံကို အဓိက ဖော်ထုတ်နေသည့် Honesty Information သတင်းဌာန၏ အွန်လိုင်းစာမျက်နှာ www.hiburma.net တွင် ဖော်ပြထားသော ဆောင်းပါး ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading