လွန်ခဲ့တဲ့ နှစ် ၄၀ တုန်းက မိုင်းထိခဲ့လို့ ခြေနှစ်ဖက်ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးဟာ စိတ်ဒဏ်ရာများနဲ့အတူ နပန်းလုံးခဲ့ရပြီး သတ်သေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ အထိပါပဲ။ ဆုံးရှုံးသွားတဲ့ ခြေနှစ်ဖက်ကို ပြန်မတမ်းတတော့ပေမယ့် ကူညီဖေးမမှုနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မျှော်လင့်နေပါတယ်လို့ သူက ဆိုပါတယ်။
ကျူထရံကာ ခြေတံရှည်အိမ်တစ်လုံးအောက်က ကွပ်ပျစ်လေးပေါ်မှာ ဆံပင်အုပ်လုံးသိမ်းထုံးထားပြီး ခပ်နွမ်းနွမ်း အိမ်နေအကျႌလေး ဝတ်ထားတဲ့ အမျိုးသမီးကြီးတစ်ဦးဟာ ကွမ်းသီးခြင်းတွေနဲ့ ကွမ်းသီးပုံတွေကြားထဲမှာ ထိုင်နေပါတယ်။
ဒီအတိုင်းကြည့်ရင်တော့ သူဟာ ဘာမှ မထူးခြားတဲ့ သာမန်အမျိုးသမီးတစ်ဦးပါ။

ဒါပေမယ့် ထိုင်နေရာကနေ တခြားတစ်နေရာကို ရွှေ့တော့မယ်ဆိုရင်တော့ သူ့ရဲ့ သာမန်မဟုတ်တဲ့ အနေအထားကို မြင်သူတိုင်းက ချက်ချင်း သတိပြုမိသွားမှာပါ။ သူဟာ ခြေနှစ်ဖက်စလုံး ပေါင်လယ်ကနေ ပြတ်နေတဲ့အတွက် လက်ကိုအသုံးပြုပြီး တင်ပါးကို တွန်းလျက်သာ ရွေ့လျား သွားလာနိုင်သူဖြစ်ပါတယ်။
ဒီလိုကိုယ်လက်အင်္ဂါချို့ယွင်းမှုဟာ သူ့ဘဝမှာ မွေးရာပါ မဟုတ်သလို ရိုးရိုးမတော်တဆမှုကြောင့်လည်း မဟုတ်ခဲ့ပါဘူး။


“သြော်…ကိုယ့်ကံတရားပဲပေါ့၊ မဟုတ်ဘူးလား၊ ဟိုဘဝက မကောင်းတာ ဖြစ်ခဲ့လို့နေမှာပေါ့” လို့ ကွမ်းသီးခြစ်ရင်း ခပ်သဲ့သဲ့ရယ်သံနဲ့ ပြောပါတယ်။


သူဟာ အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်စန်းဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၄ဝ တုန်းက ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ မြန်မာ့တပ်မတော်တို့ကြား အပြန်အလှန်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို တက်နင်းမိခဲ့လို့ ခြေနှစ်ဖက်လုံးပြတ်ခဲ့သူပါ။
ဘယ်သူ့မိုင်းကို နင်းမိတာလဲဆိုတာတော့ အခုချိန်ထိ သူအပါအဝင် ဘယ်သူကမှ သေချာမသိကြပါဘူး။
တကယ်တော့ အပြင်လူ သူစိမ်းတစ်ယောက်ကို ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး အခုလို ပေါ့ပေါ့ပါးပါး ပြန်ပြောပြနိုင်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ သူ ခွန်အားယူခဲ့ရပါတယ်။
၁၉၈၁ ခုနှစ်ဝန်းကျင်ကာလ မိုင်းထိခဲ့တဲ့အချိန်မှာ သူဟာ ၁၃ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးပါ။ သူ့ရဲ့အဒေါ်၊ သူ့ရဲ့သူငယ်ချင်းတစ်ဦးတို့နဲ့အတူ ကွမ်းသီးနဲ့ ဆန် လဲလှယ်ဖို့အတွက် ရွာအပြင် ကွင်း(မုန်းချောင်းရဲ့အနောက်ဘက်ခြမ်းကျေးရွာ) ထဲကို အသွား၊ လမ်းခုလပ်မှာ မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။
မိုင်းထိပြီးနောက်ပိုင်း သူ့ဘဝအတွက် အဓိကအရေးပါတဲ့သူကတော့ သူ့ရဲ့အမေ ဒေါ်ညွန့်ရီပဲဖြစ်ပါတယ်။ မိခင်ဒေါ်ညွန့်ရီဟာ အကျပ်အတည်းပေါင်းစုံကြား သေဘေးထဲက သမီးဖြစ်သူရဲ့ဘဝကို ဆွဲထုတ်ပြီး ဒုတိယအကြိမ်မြောက် ပြန်လည်မွေးထုတ်ပေးခဲ့တဲ့ မိခင်ဖြစ်ပါတယ်။
“စဖြစ်တုန်းကဆို အဲဒီမိုင်းထောင်တဲ့သူကို အစိမ်းလိုက်တောင် ဝါးစားချင်တယ်။ ကိုယ့်ဆီမှာ လက်နက်မရှိလို့။ လက်နက်သာရှိပြီး ဘယ်သူထောင်သလဲဆိုတာ သိခဲ့ရင် အဲဒီမိုင်းထောင်တဲ့သူကို ပစ်သတ်မိမှာလား မသိဘူး..”
အသက် ၇ဝ ကျော်အရွယ် ပိန်ပိန်သေးသေး ဒေါ်ညွန့်ရီဟာ သမီးမခင်စန်း မြေမြှုပ်မိုင်းထိချိန်က ခံစားခဲ့ရတာတွေကို ပြန်ပြောပြနေတာပါ။
မာန်ပါတဲ့သူ့စကားသံတွေ၊ စူးရှတဲ့မျက်လုံးတွေနဲ့ အမယ်အိုရဲ့မှတ်ဉာဏ်တွေဟာ လွန်ခဲ့တဲ့နှစ် ၄ဝက အကြောင်းကို ပြန်ပြောပြနေတာထက် မနေ့တစ်နေ့က ဖြစ်ရပ်ကို ပြန်ပြောပြနေသလို နိုးကြားလွန်းနေပါတယ်။
ဒေါ်ခင်စန်းနေထိုင်တဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသဟာ KNU တပ်မဟာ (၃) နယ်မြေဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ်လောက်အထိ အဲဒီဒေသမှာရှိတဲ့ ကျေးရွာအုပ်စုတွေအားလုံးဟာ အစိုးရစစ်တပ်နဲ့ KNU ကြား တိုက်ပွဲဖြစ်ပွားရာ စစ်တလင်းဖြစ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်နှောင်းပိုင်းအထိ အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ထားခဲ့ပါတယ်။
”ကားပေါ်ရောက်တော့ သြော်.. ငါ့သမီးလေး အသက်ရှင်ပါစေ၊ ခြေထောက်မရှိရင်နေပါစေ၊ အသက်ကလေးတော့ ချမ်းသာပေးပါဆိုပြီး ကလေးလိုပဲ ပါးစပ်က တတွတ်တွတ် ရွတ်ပြီးသွားတာ” ဆိုပြီး ဒေါ်ညွန့်ရီက သမီးကို ဆေးရုံပို့ခဲ့တဲ့အချိန်က အတွေ့အကြုံကို ဆုတောင်းတဲ့အသံနေအသံထား၊ အမူအယာတွေနဲ့ ပြန်ပြောပြပါတယ်။
ဖြူးမြို့ဆေးရုံရောက်တော့လည်း သမီးကိုသယ်လာတဲ့ ထမ်းစင်ကို ခပ်ကြမ်းကြမ်းချလိုက်တဲ့အတွက် ငြင်ငြင်သာသာလုပ်ပေးဖို့ တောင်းဆိုမိလို့ ဆရာဝန်က စိတ်ဆိုးပြီး ချက်ချင်းမကြည့်ပေးဘဲ ထားခဲ့ပါသေးတယ်။ ဒါပေမယ့် ဆေးရုံမှာတွေ့တဲ့ အမျိုးသမီးကြီးတစ်ဦးကို အကူအညီတောင်းပြီး ပြန်တောင်းပန်မှ ဆရာဝန်က ပြန်လာပြီး ကြည့်ပေးခဲ့လို့ ဆေးကုခဲ့ရပါတယ်။
မြေမြှုပ်မိုင်းကြောင့် ခြေနှစ်ဖက်စလုံး ဖြတ်လိုက်ရတဲ့ ဒေါ်ခင်စန်းဟာ ဆေးရုံမှာ ရှစ်လကြာ ကုသခဲ့ပေမယ့် ဒဏ်ရာတွေက မသက်သာလို့ နေ့နေ့ညည မအိပ်နိုင်ဘဲ နေ့စဉ်ရက်ဆက် ငိုကြွေးနေခဲ့ရပါတယ်။ အဲဒီအချိန်က လက်နက်ကိုင်အဖွဲ့ နှစ်ဖက်လုံးကို လူတွေကြောက်နေရပေမယ့် သမီးဝေဒနာတွေ သက်သာရေးအတွက် နီးစပ်ရာ စစ်တပ်ကဆေးတွေ ရရှိဖို့ မိခင်ဒေါ်ညွန့်ရီက ရအောင် ကြိုးစားခဲ့ပါတယ်။
“အငယ်ဆုံးကလေးကို ချီပြီးတော့ စစ်တပ်ရှိတဲ့နေရာ၊ ဘယ်နေရာမဆို သွားတာပဲ။ ဗိုလ်မှူးရယ် ကျွန်မသမီးလေး မိုင်းထိထားတာ တအားငိုလို့.. ကိုက်နေလို့ ဆေးလေး လာတောင်းတာပါ ဆိုပြီး စစ်တပ်တွေ ရောက်လာတိုင်း ရောက်အောင်သွားတာပဲ..” ဆိုပြီး အကူအညီတောင်းခဲ့ရပုံကို မိခင်ဖြစ်သူက ပြောပြပါတယ်။
အဲဒီဆေးတွေရဲ့အကူအညီနဲ့ ဒေါ်ခင်စန်းရဲ့ ခြေထောက်ဖြတ်ထားတဲ့ ဒဏ်ရာတွေကို သက်သာအောင် ကုသနိုင်ခဲ့ပေမယ့် သမီးဖြစ်သူကတော့ တစ်သက်လုံး ခြေနှစ်ဖက်ပြတ်ထားတဲ့ ဒုက္ခိတဘဝကို ရောက်ခဲ့ရပါတယ်။
တိုက်ပွဲတွေကြောင့် သေနတ်သံတွေနဲ့ မိုင်းသံတွေကြား ပုန်းအောင်းပြေးလွှားရင်း မုန်းဒေသခံ ရွာသူရွာသားတွေဟာ တောတောင်နဲ့ ကွမ်းသီးဥယျာဉ်ခြံတွေကို အမှီပြုပြီး လုပ်ကိုင်စားသောက်ခဲ့ကြရပြီး ဒီအထဲမှာ ဒေါ်ခင်စန်းလို မြေမြှုပ်မိုင်းနင်းမိကြသူတွေလည်း အများအပြားရှိခဲ့ပါတယ်။
၁၉၈ဝ ကနေ ၂ဝ၁၇ အထိ မြေမြုပ်မိုင်းကြောင့် ခြေပြတ်လက်ပြတ်ခဲ့သူပေါင်း ၄ဝဝ ကျော် ရှိပြီး သေဆုံးသူဦးရေကတော့ စစ်တမ်းမရှိတဲ့အတွက် အတိအကျ မသိရဘူးလို့ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (မုန်းဒေသ) ရဲ့ ဘဏ္ဍာရေးမှူး မစန်းစန်းအေးက ပြောပါတယ်။
ဒေါ်ခင်စန်းကတော့ ၁၉၈ဝ ကာလတွေမှာ ခြေနှစ်ဖက်လုံးပြတ်ခဲ့တဲ့ ပထမဆုံး မြေမြှုပ်မိုင်းဒဏ် ခံခဲ့ရသူ ဖြစ်ပါတယ်။
ခြေထောက်နှစ်ဖက်စလုံး ပြတ်ခဲ့ရပြီး ဒဏ်ရာတွေကို ကုသနိုင်ခဲ့ပေမယ့် ဒေါ်ခင်စန်းတို့မိသားစု နောက်ထပ် ရင်ဆိုင်ရတဲ့ အခက်အခဲကတော့ နိစ္စဓူဝဝမ်းရေးပဲ ဖြစ်ပါတယ်။
သူမကို ကုသဖို့အတွက် ရှိစုမဲ့စု ပိုင်ဆိုင်ထားတဲ့ နွားတွေနဲ့ လှည်းတွေကို ရရာစျေးနဲ့ ရောင်းချလိုက်ရသလို တိုက်ပွဲနဲ့ မိုင်းတွေကို ရှောင်ပြီး အလုပ်လုပ်ကိုင်ရတဲ့အတွက် မိသားစုခုနစ်ယောက် ထမင်းတစ်နပ်စာ မှန်ဖို့တောင် သူတို့မိသားစု ခက်ခဲခဲ့ပါတယ်။
ဈေးဆိုင်တွေမှာ ဆန်အကြွေးဝယ်ဖို့ သွားခဲ့ပေမယ့် ဘာပိုင်ဆိုင်မှုမှမရှိ၊ အပေါင်ထားစရာမရှိလို့ အကြွေး မရောင်းကြတဲ့အတွက် လက်ဗလာနဲ့ အိမ်ပြန်လာခဲ့ရတဲ့ အကြိမ်ပေါင်းများစွာ ကြုံခဲ့ပါတယ်။ ကွမ်းသီး ကောက်လို့ရမှပဲ ဆိုင်ပြန်သွားပြီး ကွမ်းသီးအလုံးရေ တန်ဖိုးအလိုက် ရသလောက် ဆန်၊ ငရုတ်သီး၊ ဆား စတာတွေကို လဲလှယ်ပြီး ဖြစ်သလိုသာ စားသောက်ခဲ့ရပါတယ်။
“အဖိုးကြီး (သူ့ခင်ပွန်း) က ဘယ်လိုပြောလဲဆိုရင် ဆန်ပြုတ်ပဲ ပြုတ်ပါဟယ်တဲ့။ အဲဒါဆိုရင် သူများဆီမှာလည်း မရှာရတော့ဘူးပေါ့တဲ့။ အဲဒီဆန်သုံးပြည်ဆို အကြာကြီး စားရတယ်တဲ့။ ဆန်ပြုတ်ကျတော့လည်း ကလေးတွေက မစားနိုင်ဘူးလေ” လို့ ဒေါ်ညွန့်ရီက ပြောပြပါတယ်။
မိုင်းပေါက်သံတွေကြားပြီဆိုတာနဲ့ တောတောင်ထဲသွားပြီး ဝမ်းရေးအတွက် ဝင်ငွေရှာနေတဲ့ ဖခင်နဲ့ တခြား သားသမီးတွေ ဘေးလွှတ်ရေး ဆုတောင်းရတာကလည်း အိမ်မှာကျန်ခဲ့တဲ့ ဒေါ်ခင်စန်းနဲ့ သူ့မိခင်တို့ရဲ့ ပုံမှန် ရင်ဆိုင်ရတဲ့ သောကတွေပဲဖြစ်ပါတယ်။
မိုင်းထိပြီး နှစ်နှစ်ကျော်ကာလ ရောက်လာတော့ ဒေါ်ခင်စန်းဟာ အိမ်မှုကိစ္စတွေ ဝိုင်းကူနိုင်တဲ့အထိ ကျန်းမာရေး တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဆယ်ကျော်သက်အရွယ်မှာ ခြေနှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရမှုတွေ၊ မိသားစုရဲ့ ဝမ်းရေးခက်ခဲမှုတွေ၊ တိုက်ပွဲတွေကြောင့် မကြာခဏ ရွာပြောင်းရွှေ့ရတဲ့အခါ သူများလို မပြေးလွှားနိုင်မှုတွေက သူ့ရဲ့စိတ်ဒဏ်ရာကို တစ်စထက်တစ်စ ကြီးထွားလာစေခဲ့ပါတယ်။
“မနေချင်ဘူးလေ.. ဆေးတွေဘာတွေသောက်ပြီး သေချင်တဲ့စိတ်ပဲရှိတယ်” ဆိုပြီး အကြိမ်ကြိမ် သတ်သေဖို့လည်း ကြိုးစားခဲ့ဖူးတဲ့အကြောင်း ဒေါ်ခင်စန်းက ပြောပြတယ်။ ဒါပေမယ့် သတ်သေဖို့အတွက် ကိုယ်တိုင် ဆေးသွားမဝယ်နိုင်တာကလည်း သူ အသက်ဆက်ရှင်ဖို့ အကြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
ဒေါ်ခင်စန်းဟာ မိုင်းမထိခင်က သာမန်ကလေးတွေလိုပဲ တက်ကြွသွက်လက်သူတစ်ယောက် ဖြစ်ခဲ့ပေမယ့် မိုင်းထိပြီးနောက်မှာတော့ သူနဲ့ရင်းနှီးတဲ့ သူငယ်ချင်းတွေ လာရင်တောင် ထွက်မတွေ့ဘဲ အခန်းထဲမှာပဲ တစ်ယောက်တည်း သီးသန့်နေခဲ့တယ်လို့ အိမ်နီးချင်း ငယ်သူငယ်ချင်းတစ်ဦးက ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂ဝ၁၃ နောက်ပိုင်းမှာတော့ နည်းမျိုးစုံကြောင့် ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေကို ကူညီပေးတဲ့ အဖွဲ့အချို့ မုန်းဒေသကို ရောက်လာချိန်မှာ ဒေါ်ခင်စန်းအတွက် ပြင်ပလောကကို ထိတွေ့ဖို့အခွင့်အရေး ရလာခဲ့ပါတယ်။
မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း (MPHA) (မုန်းဒေသ) ရဲ့ အကြိမ်ပေါင်းများစွာ အားပေး နှစ်သိမ့်မှုတွေအပြင် မိခင်ရဲ့ တွန်းအားပေးမှုတွေကြောင့် မသန်စွမ်းသူတွေ တွေ့ဆုံတဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်ခွင့်ရခဲ့ပါတယ်။
“စိတ်အင်အားမြှင့်တင်ပေးတဲ့ အဖွဲ့တွေနဲ့ ကြုံတော့ ကိုယ့်စိတ်ထဲ နည်းနည်းပျော်လာတယ်” လို့ သူက ပြောပါတယ်။
လူမှုရေးအဖွဲ့အချို့ရဲ့ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးမှုတွေအပြင် တစ်ခါတစ်ရံထောက်ပံ့တဲ့ ဆန်နဲ့ အိမ်သုံးပစ္စည်းလေးတွေကလည်း သူတို့မိသားစုအတွက် အများကြီး အထောက်အကူဖြစ်စေတယ်လို့ ဒေါ်ခင်စန်းက ဆိုပါတယ်။
အသက် ၁၃ နှစ်အရွယ်ကနေ လူမှုအသိုင်းအဝိုင်းနဲ့ ဝေးကွာသွားခဲ့ရပြီး စိတ်ပျက်အားငယ်မှု၊ အထီးကျန်မှုတွေနဲ့ နေထိုင်လာရာကနေ ဒီလိုအားပေးနှစ်သိမ့်မှုတွေကြောင့် ရုန်းထလာနိုင်ချိန်မှာတော့ သူ့ အသက်ဟာ ၅၃ နှစ် ရှိခဲ့ပါပြီ။
သူ့ရဲ့အဖေက လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကျန်းမာရေးချို့တဲ့လို့ ဆုံးပါးသွားခဲ့ပြီး တခြားမောင်နှမသားချင်းတွေလည်း တစ်နယ်တစ်ကျေး သွားရောက် လုပ်ကိုင် စားသောက်နေကြလို့ အခုချိန်မှာတော့ သူဟာ မိခင်၊ ညီမ တစ်ဦးတို့နဲ့အတူ နေထိုင်နေပါတယ်။
မြန်မာ့တပ်မတော်နဲ့ KNU ကြား အပစ်ရပ်ပြီးနောက် သူတို့ဒေသမှာ တိုက်ပွဲသံတွေနဲ့ မိုင်းကွဲသံတွေ ငြိမ်သက်နေပေမယ့် သူတို့ မိသားစုရဲ့ ဘဝတိုက်ပွဲကတော့ မပြီးဆုံးနိုင်သေးပါဘူး။
သူ့ညီမရဲ့ နေ့စားခ တစ်နေ့လုပ်အားခ ကျပ် ၄,ဝဝဝ ဝန်းကျင်နဲ့ သူကွမ်းသီးခြစ်လို့ရတဲ့ တစ်နေ့ ကျပ် ၁,ဝဝဝ ဝန်းကျင် ဝင်ငွေဟာ သူတို့ရဲ့ နိစ္စဓူဝ စားဝတ်နေရေးကို ခက်ခဲစွာ ဖြေရှင်းပေးနေဆဲပါ။
“ဒီနေ့ ကွမ်းသီးခြစ်ရင် ဘယ်လောက်ရမလဲ၊ နောက်နေ့ခြစ်ရင် ဘယ်လောက်ရမလဲ အဲဒီအထဲမှာပဲ စိတ်က ရှိတယ်” လို့ သူက ဆိုပါတယ်။
ခုချိန်မှာ သူတို့မိသားစုအတွက် အစိုးရိမ်ဆုံးက နောက်ထပ် သေနတ်သံတွေ ထွက်လာပြီး မိုင်းသံတွေ ပြန်ညံလာမှာကိုပဲ ဖြစ်ပါတယ်။
ဒါပေမယ့် မကြာခင်ရက်ပိုင်းက KNU ခေါ် ကရင်အမျိုးသားအစည်းအရုံးက အစိုးရ၊ တပ်မတော်တို့နဲ့ လုပ်နေတဲ့ NCA ဆွေးနွေးပွဲတွေမှာ ဆက်လက်ပါဝင်ဖို့ ခေတ္တရပ်ဆိုင်းထားမယ်လို့ သတင်းထုတ်ပြန်ခဲ့တဲ့အတွက် သူတို့ စိုးရိမ်နေတဲ့အတိုင်း စစ်ပွဲဘက်ကို ပြန်လှည့်လာမလား ဆိုတာတော့ သူနဲ့ ရွာသူရွာသားတွေ အတွက် စဉ်းစားစရာပါ။
ပြောခွင့်သာရမယ်ဆိုရင် မိုင်းထောင်တဲ့သူတွေကို ဘာပြောချင်သလဲလို့မေးတော့ ဒေါ်ခင်စန်းက ပြုံးပြီး ကြည့်နေရုံကလွဲလို့ ပြောဖို့ခေါင်းခါနေပေမယ့် သူ့အမေကတော့ သူ့ကိုယ်စား ခပ်သွက်သွက်ပဲ ပြန်ဖြေခဲ့ပါတယ်။
“ကျွန်မတို့က မပြောရဲဘူးလေ။ သူတို့က လက်နက်ကိုင်ထားတာကိုး။ ကိုယ်က ဘာမှမရှိတာ။ ဒီလိုပဲ ကုပ်ပြီး နေရတာပေါ့။ ကြောက်နေတာပေါ့။ ဘာမှ မပြောရဲဘူး။ တွေ့လည်း မပြောရဲဘူး…”
အမျိုးသမီးများ အသံကို အဓိက ဖော်ထုတ်နေသည့် Honesty Information သတင်းဌာန၏ အွန်လိုင်းစာမျက်နှာ www.hiburma.net တွင် ဖော်ပြထားသော ဆောင်းပါး ဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












