မီဒီယာ ‘ဖွံ့ဖြိုးတိုးတက်ရေး’ အတွက် ရုပ်သိမ်းခြင်းဖြစ်သလို မီဒီယာများကလည်း တပ်မတော်၏ဂုဏ်သိက္ခာ မထိခိုက်အောင် တစ်ဖက်သတ်မရေးဖို့လိုသည်ဟု တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ဆိုသည်
တပ်မတော်က ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းဌာနနှင့် မြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်ထားသည့် ရိုက်တာ သတင်းဌာနတို့အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စွဲဆိုထားသည့်အမှုများကို ပိတ်သိမ်းရန် ဆောင်ရွက်နေသည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မတ် ၁၈ (ယနေ့)တွင် ပြော သည်။
သတင်းဌာနနှစ်ခုစလုံးအပေါ် စွဲသည့် အမှုနှစ်မှုစလုံးသည် ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြားဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ဒေသခံများထိခိုက်ဒဏ်ရာရမှုနှင့်ပတ်သက်သည့် သီးခြားသတင်းဖော်ပြမှု များနှင့် သက်ဆိုင်သည်။
“ဒီနေ့ပဲ အမှုပိတ်သိမ်းဖို့ ဆောင်ရွက်တာဖြစ်ပါတယ်” ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက Myanmar Now ကိုပြောသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ မေတ္တာရပ်ခံမှုများ၊ ကြားဝင်စေ့စပ်ညှိနှိုင်းမှုများရှိခဲ့ပြီး မီဒီယာများအနေဖြင့် ဘက်မလိုက်ဘဲသတင်းတင်ဆက်နိုင်ရေး၊ သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ကာ ပြေငြိမ်းပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“မီဒီယာတွေအနေနဲ့ သတင်းရေးသားတဲ့အခါမှာ တပ်မတော်သည် အင်စတီကျူးရှင်း(အဖွဲ့အစည်း) တစ်ခု ဖြစ်ပါတယ်။ အင်စတီကျူးရှင်းရဲ့ ဂုဏ်သိက္ခာမထိခိုက်အောင် တစ်ဖက်သတ်မရေးဖို့ လိုတယ်လို့တော့ အကြံပြုချင်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဆိုသည်။
ပြီးခဲ့သည့်နှစ် ဧပြီ ၅ တွင် ဧရာဝတီသတင်းဌာန မြန်မာပိုင်းတွင် ဖော်ပြခဲ့သည့် “သတင်းထောက်တဦး၏ မြောက်ဦးမှတ်တမ်း” ဆောင်းပါးသည် တပ်မတော်၏ ဂုဏ်သိက္ခာကိုထိခိုက်စေသည်ဟုဆိုကာ မြန်မာပိုင်း၏ အကြီးတန်းအယ်ဒီတာ ဦးရဲနည်ကို ထိုလအတွင်းမှာပင် တပ်မတော်က ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ခဲ့သည်။
အမှုပိတ်သိမ်းကြောင်းနှင့်ပတ်သက်ပြီး ယခုချိန်အထိ တရားဝင်အကြောင်းကြားလာခြင်း မရှိသေးကြောင်း ဦးရဲနည်က ယနေ့မွန်းလွဲပိုင်းတွင် Myanmar Now ကိုပြောသည်။
“လတ်တလောကတော့ ဒီသတင်းကြားရတဲ့အတွက် ဝမ်းသာတယ်။ ဒီလိုမျိုးဖြစ်လာအောင် ဝိုင်းပြီးကူညီပေးကြတဲ့ သက်ဆိုင်ရာ အသီးသီးကို ကျေးဇူးတင်ပါတယ်” ဟု ၎င်းကပြောသည်။
ယခုနှစ် ဇန်နဝါရီ ၂၅ တွင် ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် 'ရိုဟင်ဂျာ' အမျိုးသမီးနှစ်ဦးသေဆုံးမှု သတင်းနှင့်ပတ်သက်ပြီး ရိုက်တာ (Reuters) သတင်းဌာနက ရေးသားခဲ့သည့် သတင်းနှင့်ပတ်သက်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တပ်မတော်က ဘူးသီးတောင်ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ရိုက်တာ သတင်းဌာနသို့ဖြေကြားခဲ့သည့် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၉) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ ကိုပါ ပုဒ်မ ၆၆(ဃ) ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်သော်လည်း အမှုရုတ်သိမ်းသည့်အထဲတွင် မပါဝင်သေးဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ယခုကဲ့သို့ အမှုရုပ်သိမ်းပေးသည့်အပေါ် ကြိုဆိုသည်ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က ပြောသည်။
“သတင်းမီဒီယာနဲ့ပတ်သက်ပြီး သတင်းရယူတဲ့အခါမှာဖြစ်ဖြစ်၊ သတင်းဖော်ပြတဲ့အခါမှာဖြစ်ဖြစ် ပြဿနာ တစ်စုံတစ်ရာရှိရင် ကောင်စီကို တိုင်ကြားပါ။ အမှုဖွင့်တာတို့၊ တရားစွဲတာတို့ မလုပ်ဘဲနဲ့ ကောင်စီကို တိုင်ကြားပါလို့ မေတ္တာရပ်ခံတာရှိတယ်။ အခုလိုရုပ်သိမ်းသွားတဲ့အပေါ်တော့ ကြိုဆိုတယ်။ နောက်မှာလည်း ဒီလိုမျိုး ဖြစ်မလာဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












