ဒီချုပ်ပါတီက တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းဆောင်ရွက်ရန် မူဝါဒ မရှိသည့်အတွက် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) သည် ဒေသတွင်း ပြည်သူလူထု၏ အပြည့်အဝထောက်ခံမှုနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာများ အနိုင်ရရှိရေး ပြင်ဆင်နေသည်။

Published on Mar 16, 2020
ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဒုဥက္ကဋ္ဌ (၂) ကွမ်ဂေါင်အောင်ခမ်း (ဓာတ်ပုံ- ချမ်းသာ/ Myanmar Now)
ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဒုဥက္ကဋ္ဌ (၂) ကွမ်ဂေါင်အောင်ခမ်း (ဓာတ်ပုံ- ချမ်းသာ/ Myanmar Now)

၂၀၁၆ မှ စတင်ကာ ဒေသတွင်းပါတီများ ပေါင်းစည်းရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည့် ကချင်နိုင်ငံရေးပါတီများသည် ၂၀၁၈ ဇန်နဝါရီတွင် လက်တွေ့ပေါင်းစည်းနိုင်ခဲ့သည်။ ကချင်နိုင်ငံရေးပါတီများ ဖြစ်သည့် ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) နှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ-ကချင်ပြည်နယ် (UDPKS) တို့ ပူးပေါင်းပြီး ၂၀၁၈ နိုဝင်ဘာတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) အဖြစ် ပါတီသစ်မှတ်ပုံတင် လျှောက်ထားခဲ့သည်။ ၂၀၁၉ ဇွန်တွင် ပါတီသစ်မှတ်ပုံတင်ခွင့်ရခဲ့ပြီး ၆ လ အကြာတွင် အခြားဒေသတွင်း ကချင်ပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီ (UNFDP) ကလည်း ထပ်မံပူးပေါင်းခဲ့သည်။ လက်ရှိတွင် ပါတီဝင်အင်အား ၂၀,၀၀၀ အထက်ရှိသည်ဟုလည်း ပါတီခေါင်းဆောင်ပိုင်းက ပြောသည်။

KSPP ၏ ခေါင်းဆောင်များက ဒေသတွင်း စည်းရုံးမှုများမြှင့်တင်ပြီး အင်အားတောင့်တင်းသည့် ပါတီဖြစ်လာရန် လိုလားလျက်ရှိသည်။ ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေးအတွက် လွှတ်တော်တွင်း ဆောင်ရွက်နိုင်မည့် အခွင့်အာဏာ ပိုမိုရရှိလာရန် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ်နေရာများ အနိုင်ရရှိအောင် KSPP က ကြိုးပမ်းနေသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာများ အနိုင်ရရှိရေးအတွက် ဒေသတွင်း စည်းရုံးမှုဗျူဟာများပြင်ဆင်နေမှုများနှင့် ပါတီ၏ မျှော်မှန်းချက်များကို ပါတီ၏ ဒုဥက္ကဋ္ဌ (၂) ကွမ်ဂေါင်အောင်ခမ်းနှင့် Myanmar Now က တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ မတ်လဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ ပါတီညီလာခံမှာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘယ်လိုဆုံးဖြတ်ချက်တွေ၊ ဘာအစီအစဉ်တွေ ချမှတ်ခဲ့လဲ။

ဖြေ ။ ။ ကျွန်တော်တို့ KSPP က မတ်လ ၃၊ ၄ နှစ်ရက် ညီလာခံ ကျင်းပခဲ့ပါတယ်။ (ကချင်ပြည်နယ်) မြို့နယ် ၁၈ မြို့နယ်က လူပေါင်း ၃၀၀ ကျော် တက်ရောက်ပါတယ်။ ၂၀၂၀ က တိုင်းရင်းသားတွေအတွက် အလွန်တရာ အရေးကြီးသလို ဗမာပြည်အတွက်လည်း အလွန်တရာမှ အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။

ဆွေးနွေးချက်တွေကတော့ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ အမြန်ဆုံးဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ၂၀၂၀မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကိုလည်း အမြန်ဆုံးရွေးချယ်ဖို့ ဖြစ်ပါတယ်။ တတိယတစ်ချက်ကတော့ ဘဏ္ဍာရေးနဲ့ဆိုင်တဲ့ကိစ္စပါ။ ဘဏ္ဍာရေးကို စနစ်တကျရှာဖွေပြီး ငွေရေးကြေးရေးရှာဖွေဖို့က မြို့နယ်တွေကအစ ဌာနချုပ်အထိ အလွန်တရာမှ လိုအပ်နေတဲ့ အခြေနေ ဖြစ်ပါတယ်။ ပါတီအောင်နိုင်ရေးကလည်း ငွေရေးကြေးရေးက အဓိကဖြစ်ပါတယ်။ ဘက်ဂျက်နဲ့ပတ်သက်ပြီး အမြန်ဆုံး ရန်ပုံငွေရှာဖွေဖို့ ဖြစ်ပါတယ်။

မေး။ ။ ပါတီတွေပေါင်းဖို့ ဆွေးနွေးကြတုန်းက ကွဲပြားနေတဲ့ မဲတွေကို စုစည်းဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့လို့ ထုတ်ဖော်ပြောထားတယ်။ အခုဆိုရင်လည်း ကချင်နိုင်ငံရေးပါတီလေးခုက ပေါင်းနိုင်ခဲ့ပြီ။ ရည်မှန်းထားတဲ့အတိုင်း ဖြစ်နေပြီလား။

ဖြေ။ စုစည်းမှုတော့ အပြည့်အဝ မရသေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ပါတီ အားရှိဖို့တော့ ရှိသွားပြီ။ ဒီမှာ အသွင်မတူတဲ့ ပါတီက လူတွေရော၊ အသွင်တူတဲ့ ပါတီကလူတွေရော အကုန်လုံး စုပေါင်းလာတဲ့ အနေအထား ဖြစ်တယ်။ နားလည်မှုတစ်စုံတစ်ရာ ရလာတယ်။ လောလောဆယ် တွေ့မြင်နေရတာက စိတ်ရှည်သည်းခံပြီး အတူတကွ သွားနေတာကို တွေ့ရတယ်။ ပြန့်ကြဲနေတဲ့ ပြည်သူလူထုတွေကလည်း တစ်စုတစ်စည်းတည်း ဖြစ်လာပြီး မဲတွေကလည်း များလာမယ်လို့ မြင်ပါတယ်။

၂၀၁၅ (မတိုင်ခင်နဲ့) ယှဉ်ကြည့်ရင် ကျွန်တော်တို့ ရုံးပဲဖွင့်ဖွင့်၊ ဆိုင်းဘုတ်ပဲတင်တင် သိပ်မခက်တော့ဘူး။ လူထုက တစ်ခဲနက် ပါဝင်လာတယ်။ နေရာတိုင်းမှာ ပါဝင်လာတာ တွေ့ရပါတယ်။ ကျွန်တော်ထင်တယ် သူတို့ကလည်း စုစည်းမှုကို လိုလားနေတယ်။ စုစည်းမှု ရှိသွားတဲ့အခါကျတော့ စိတ်တွေလည်း မပျံ့တော့ဘူး။ အကုန်လုံး စုစုစည်းစည်းနဲ့ လုပ်လာတယ်လို့ မြင်တယ်။ ဘာပဲလုပ်လုပ် သိပ်မခက်တော့ဘူးဆိုတာတော့ တွေ့ရပါတယ်။

မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဘာတွေ အဓိက လုပ်ဆောင်သွားမလဲ။

ဖြေ။ ။ ကျွန်တော်တို့ဒေသဟာ ကချင်ပြည်နယ် ပြည်သူ၊ ပြည်သားတွေ၊ တိုင်းရင်းသားပေါင်းစုံ ရှိပါတယ်။ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့ ဆိုတာဟာ သက်ဆိုင်ရာမြို့နယ်တွေနဲ့ ကိုက်ညီမယ့်သူတွေကို ရွေးချယ်ဖို့လိုပါတယ်။ ဒါ့ကြောင့်လည်း ဝင်ပြိုင်မယ့်သူတွေကို စိစစ်သွားမှာဖြစ်ပါတယ်။ (ဥပမာ) မိုးညှင်းမှာဆိုရင် မိုးညှင်းဒေသခံတွေ ကြိုက်နှစ်သက်တဲ့သူကို ရွေးချယ်သွားဖို့လိုပါတယ်။ ရွေးကောက်ပွဲအောင်နိုင်ရေးမှာလည်း ဗဟိုနဲ့ ဒေသခံကော်မတီတွေနဲ့ လက်တွဲဆောင်ရွက်ဖို့လည်း ရှိပါတယ်။

၂၀၂၀ ဟာ အလွန်တရာမှ အရေးကြီးတယ်ဆိုတာ ဘာကြောင့်လဲဆိုတော့ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ပဲဖြစ်ဖြစ်၊ ကြံ့ခိုင်ရေး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ပဲဖြစ်ဖြစ် လွန်ခဲ့တဲ့ အခြေနေတွေကလိုမျိုး နိုင်ဖို့ မလွယ်တော့ဘူး။ ပြည်ထောင်စုကြီးကို အတူတကွ တည်ဆောက်ဖို့ အခွင့်အရေးတွေ ရှိလာတယ်။

နောက်တစ်ချက်က ကျွန်တော်တို့ နိုင်ဖို့အရေးကြီးတယ်။ နိုင်ဖို့ဆိုတာကတော့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နဲ့ ပြည်နယ်အစိုးရကိုရော ဖွဲ့စည်းနိုင်ဖို့ လိုပါတယ်။ လွှတ်တော်အသီးသီးမှာ ဝင်ရောက်ရရှိဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ကို ရောက်ရှိမှပဲ ဒေသခံတွေရဲ့ စကားတွေ ထိုးဖောက်နိုင်မှာဖြစ်ပါတယ်။

မဟာဗျူဟာကတော့ ဒေသခံတစ်ခုချင်း ဆိုတာထက် ပြည်နယ်အချင်းချင်း ဆက်ဆံပြီးမှ အတူတကွလုပ်ဆောင်ဖို့ လိုအပ်တယ် ဆိုတာကိုလည်း ဆုံးဖြတ်ထားပါတယ်။ ကျန်တဲ့ပြည်နယ်တွေနဲ့အတူ လက်တွဲပြီး စနစ်တကျ ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

မေး။ ။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ဦးကွမ်ဂေါင်အောင်ခမ်းက NLD ထက် မဲပိုများရခဲ့ပေမယ့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်က (မဲအများဆုံးရပြီး) အနိုင်ရသွားတယ်။ ဆိုတော့ ဒီလိုဖြစ်စဉ်မျိုးနဲ့ ပတ်သက်ပြီး ၂၀၂၀ အတွက် ဘယ်လိုစဉ်းစားထားလဲ။

ဖြေ။ ။ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဟာ ကချင်ပြည်နယ်တွင်းမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသား ပြည်သူလူထုအကျိုးအတွက် လုပ်မယ်ဆိုတာ ချမှတ်ထားပါတယ်။ ဒါမှလည်း ပြည်သူလုထုက ထောက်ခံမှာဖြစ်ပါတယ်။ နောက်တစ်ခုက ဒီလို (လူထုထောက်ခံအောင်) မလုပ်နိုင်ရင်လည်း ကျွန်တော်တို့နိုင်ဖို့ ခက်ပါတယ်။ တပ်မဲတွေလည်း ရှိနေတယ်။ ဒါကလည်း အလွန်တရာ စိုးရိမ်စရာဖြစ်ပါတယ်။ ဒါက ရှေ့ဆက်ပြီးတော့လည်း ကြုံနေဦးမှာဖြစ်ပါတယ်။ တပ်မဲတွေကို ကျော်ဖြတ်ဖို့ဆိုရင် ပြည်သူလူထုရဲ့ တစ်ခဲနက် ထောက်ခံမှုရှိဖို့လိုပါတယ်။ ဒီတစ်ကြိမ်မှာ ပြည်သူလူထုကို စည်းရုံးနိုင်ဖို့ အခွင့်အရေးတော့ ရှိလာပါပြီ။

မေး။ ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအပေါ် ဘယ်လိုစိုးရိမ်မှုမျိုးတွေ ရှိနေလဲ။

ဖြေ။ ကျွန်တော်က ပြီးခဲ့တဲ့ရွေးကောက်ပွဲ ဖြစ်စဉ်မျိုးလည်း စိုးရိမ်တယ်။ NLD (ကချင်ပြည်နယ် NLD တာဝန်ရှိသူများ) ကိုလည်း ပြောပါတယ်။ ဒီလိုဖြစ်မယ်၊ မဖြစ်ဘူးဆိုတာက မင်းတို့ပေါ်မှာ မူတည်တယ်လို့။ ၂၀၁၈ တုန်းက ကျွန်တော် နမူနာပြပြီးပြီ။ NLDက ဒေသခံပါတီကို ရှုံးတယ်ဆိုတာ ပြပြီးပြီ။ (၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက ပထမ၊ ကချင်ပါတီက ဒုတိယ၊ NLD က တတိယမဲအများဆုံး ရခဲ့သည်) အခုလည်း ကျွန်တော်တို့နှစ်ယောက် ယှဉ်မယ်ဆိုရင် ကြံ့ခိုင်ရေးက နိုင်သွားနိုင်တယ်။ ဒါမျိုးမထပ်ဖြစ်အောင် ကျွန်တော်တို့နှစ်ယောက် ဘယ်လိုလုပ်မလဲဆိုတာ ခင်ဗျားတို့မစဉ်းစားဘူးလား။ ဒါပေမယ့် သူတို့ကတော့ NLD ရဲ့ မူဝါဒအတိုင်း တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ သူတို့ဆီမှာ တခြားမရှိဘူး။ NLD က နှစ်ခေါက်တောင်မှ ကြေညာထားတော့ ကျွန်တော်တို့ ဘယ်လိုချဉ်းကပ်မလဲ။

ကျွန်တော်တို့က သူတို့နဲ့ ၈၈ ကတည်းက အတူတကွ ဒီမိုကရေစီ လိုလားသူဖြစ်တဲ့အတွက် သူတို့နဲ့ လက်တွဲဆောင်ရွက်ဖို့က ဘာမှမခက်ဘူး။ ဒါပေမယ့် သူတို့ (NLD) က မူ၊ ပေါ်လစီ မရှိတဲ့အခါကျတော့ ဘာမှလုပ်မရဘူး။ ကျွန်တော်တို့က အတူတကွ လုပ်ချင်ပါတယ်ဆိုတာတော့ အမြဲတမ်းပြောပြနေတာ။ သူတို့ (NLD) ဆီမှာ ပေါ်လစီမရှိတော့ ပြီးနေပြီလေ။ ကျွန်တော် စိုးရိမ်တာက ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလို ကြံ့ခိုင်ရေး နိုင်သွားမှာပဲ။

ဒါပေမယ့် NLD နဲ့ ကျွန်တော်တို့က တွေ့နေပြီလေ။ ဘာဖြစ်ဖြစ် ညှိနှိုင်းလုပ်ရမှာ။ ဒီမှာတော့ ကျွန်တော်တို့ ပြိုင်မယ်။ ဒီမှာတော့ မင်းတို့ ပြိုင်ဆိုရင် ပြီးပြီပဲ။ အစိုးရအဖွဲ့မှာလည်း ဝန်ကြီးချုပ်ကအစ ဝန်ကြီးတွေ အတူလုပ်ဆိုရင် ဘာမှ မခက်ဘူး။ ဒီအခြေအနေမှာ ဒေသခံပါတီကို မဲပေးကြမယ်ဆိုရင်တော့ ဒီအခြေအနေကို ပြောင်းလဲနိုင်မယ်။ NLD က ၁၉၉၀ ကတည်းက အားကောင်းခဲ့သလို ကြံ့ခိုင်ရေးကလည်း သူ့ (NLD) အတိုင်းပဲ အားကောင်းတယ်။ နှစ်ပါတီစလုံး အားကောင်းတယ်။ ကျွန်တော်တို့ ပါတီကလည်း အားကောင်းလာပြီ။ လေး၊ ငါးလ အတွင်းမှာ စနစ်တကျ စည်းရုံးနိုင်ရင် အလားအလာ ကောင်းပါတယ်။

ဒါကို ကချင်ပြည်နယ်က NLDထောက်ခံသူတွေကလည်း ပြောတော့ ပြောနေကြပေမယ့် ဘယ်လောက်ထိရောက်မလဲတော့ မသိသေးဘူး။ သေချာတာကတော့ သူတို့ (NLD) လည်း ပြိုင်မယ်ဆိုတာပဲ။ ဆိုတော့ ကျွန်တော်တို့လည်း ဝင်ပြီး ပြိုင်ရုံမှတစ်ပါး မရှိတော့ဘူး။ ကျွန်တော်တို့ နိုင်ဖို့ပဲ ကြိုးစားတော့မယ်။

NLD က တံခါး မပိတ်သင့်ဘူး။ ဖွင့်ပြီးမှ ကစားရမှာ။ ကျွန်တော်တို့က နေရာလိုချင်လို့ ပြောနေတာမဟုတ်ဘူး။ မြန်မာပြည်ရဲ့ တကယ့်အခြေခံမူဝါဒကို ပြင်ချင်လို့ ဖြစ်ပါတယ်။

မေး။ ။ လာမယ့်ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဘယ်အပိုင်းတွေကို အဓိကထားလုပ်သွားမလဲ။

ဖြေ။ ။ ၂၀၂၀ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဖွဲ့ဖို့နဲ့ ရွေးချယ်ခံမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို အမြန်ဆုံးရွေးချယ်သွားဖို့ ရှိပါတယ်။ ဒီကြားထဲမှာ ဗဟိုအလုပ်မှုဆောင်ကော်မတီအစည်းအဝေးခေါ်ပြီး ဆုံးဖြတ်သွားမှာပါ။ အောင်နိုင်ရေးကော်မတီက ဘယ်လိုလုပ်ရမလဲ။ ဘယ်ကဏ္ဍတွေ ကိုင်မလဲဆိုတာကတော့ ဖွဲ့ပြီးမှ ဆွေးနွေးဆုံးဖြတ်ရမယ့်အပိုင်းတွေ ဖြစ်ပါတယ်။

(ဤအင်တာဗျူးကို ကျစ်လျစ်မှုနှင့် ရှင်းလင်းမှု ရှိစေရန် အဓိပ္ပါယ်တစ်စုံတစ်ရာ ပြောင်းလဲမှုမရှိစေဘဲ တည်းဖြတ်ထားပါသည်)

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် ပြည်ခိုင်ဖြိုးအနိုင်ရထားသည့် မဲဆန္ဒနယ် ၁၄ ခု၊ မွန်ညီညွတ်ရေးပါတီမှ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းရင်းသားပါတီများ အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ၃ ခုတွင် ကန့်ကွက်ခြင်းဖြစ်ပြီး အများစုမှာ NLD က ပွတ်...

Published on Dec 29, 2020
Published on Dec 29, 2020
ရွေးကောက်ပွဲကာလက NLD နှင့် ပြည်ခိုင်ဖြိုးထောက်ခံသူများ နေပြည်တော်၌ အပြိုင်အဆိုင် အင်အားပြ လှည့်လည်ခဲ့စဉ်။  (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ် ၁၇ ခုအတွက် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။ 

“နိုင်နိုင်ခြေရှိတယ်ဆိုတဲ့ နေရာတွေပဲ တိုင်ပါတယ်။ တိုင်သင့်တယ်ဆိုတဲ့အမှုဖြစ်မှ တိုင်တာပါ” ဟု နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းထောက်များနှင့်တွေ့ဆုံစဉ် ၎င်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းရသည့် အကြောင်းရင်းအသေးစိတ်ကို ဒေါက်တာဇော်မြင့်မောင်က ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ တိုင်း(သို့မဟုတ်) ပြည်နယ်လွှ တ်တော် ၁၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၁ ခုအတွက် ကန့်ကွက်လွှာတင်သွင်းထားသည်ဟု သိရသည်။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင် NLD ကိုယ်စားလှယ်လောင်းကို မဲ ၅,၀၀၀ကျော် အသာဖြင့် အနိုင်ရထားသည့် အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးကို ဒီဇင်ဘာ ၂၄ ရက်ကတည်းက NLD က ကန့်ကွက်ထားပြီးလည်းဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည့် ရှမ်းပြည်နယ် မိုင်းပျဉ်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း ပြည်သူ့လွှတ်တော်နေရာများတွင်လည်း NLD က ကန့်ကွက်ထားသည်ဟု သိရသည်။ 

NLD က ကန့်ကွက်ထားသည့် ပြည်နယ်လွှတ်တော် ၁၁ နေရာတွင် မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန လက်ရှိ NLD ဝန်ကြီး ဦးမင်းကျော်လွင် အရေးနိမ့်ခဲ့သည့် မွန်ပြည်နယ်လွှတ်တော် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) လည်း ပါဝင်သည်။

အဆိုပါမဲဆန္ဒနယ်တွင် မွန်ညီညွတ်ရေးပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဦးမင်းကျော်လွင်ကို ၁၃၈၁ မဲအသာဖြင့် အနိုင်ရထားခြင်းဖြစ်သည်။

ထို့အတူ အခြားသောတိုင်းရင်းသားပါတီတစ်ခုဖြစ်သည့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ် အနိုင်ရထားသည့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ကိုလည်း NLD က ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD က ကန့်ကွက်ထားသည့် အခြားသော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များဖြစ်ပြီး ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်း၊ ရှမ်းပြည်နယ်ရှိ ပင်းတယ၊ မိုင်းဖြတ်၊ မိုင်းပြင်းနှင့် မိုင်းဆက်မြို့နယ်များဖြစ်သည်။ 

ထို့အပြင် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို မဲတစ်သောင်းကျော်ဖြင့် အရေးနိမ့်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာကိုလည်း NLD က ကန့်ကွက်လွှာ တင်သွင်းထားသည်။

NLD ဘက်မှ ကန့်ကွက်သည့် မဲဆန္ဒနယ် ၁၇ နေရာတွင် ပြိုင်ဘက်ပါတီများနှင့် အများဆုံးမဲကွာဟချက်မှာ ရှမ်းပြည်နယ်လွှတ်တော်၊ လားဟူတိုင်းရင်းသားရေးရာကိုယ်စားလှယ်နေရာတွင် ၁၁,၀၃၇ မဲကွာဟချက်ဖြင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်ကို ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်၊ ပြည်နယ်လွှတ်တော်အမှတ် (၁)မဲဆန္ဒနယ်တွင် လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည့် ၁၁၈ မဲမှာ NLDနှင့် ၎င်းကန့်ကွက်ထားသည့် ပြိုင်ဘက်တို့အကြား အနိမ့်ဆုံးမဲကွာဟချက်ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရထားသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးတွင်လည်း  ပြည်ခိုင်ဖြိုးကလည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းထားပြီးဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီးတွင်မူ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅မှုသာ ရှိခဲ့ဖူးသည်။ အဆိုပါအမှုများအတွင်း ပြည်ခိုင်ဖြိုးက အနိုင်ရ NLDကိုယ်စားလှယ်ကို ကန့်ကွက်သည့်အမှု ၁၉ မှုပါဝင်သော်လည်း တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။

သို့သော် ပြည်ခိုင်ဖြိုးအနိုင်ရကိုယ်စားလှယ်ကို NLDက ကန့်ကွက်သည့်အမှု ၇မှုရှိရာ၌ ၂မှုကို NLD က အနိုင်ရခဲ့ဖူးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသောမှတ်တမ်းများတွင် တွေ့ရသည်။

Continue Reading

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော် (၁) တွင် အနိုင်ရခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းကို ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်း သို့မဟုတ် လူမျိုးဘာသာကို အကြောင်းပြုမဲဆွယ်ခြင်း အပါအဝင် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုဆိုင်ရာ ပု...

Published on Dec 29, 2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ လက်ရှိဥက္ကဋ္ဌ ဦးအာကာလင်း (အလယ်) ကို ၂၀၁၈ မတ်လအတွင်းက ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် ဓနုဆုံဆည်းရာနေ့အခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- မြတ်မိုးသူ/ Myanmar Now) 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအာကာလင်းကို ၎င်း၏ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းက ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုပုဒ်မ ၆ ခု ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာတင်သွင်းခဲ့သည်။

ရွေးကောက်ပွဲအနိုင်ရ ဦးအာကာလင်းသည် ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လက်ရှိဥက္ကဋ္ဌလည်း ဖြစ်သည်။​

ဒေသတွင်းဩဇာလွှမ်းမိုးသည့် သံဃာတော်များက ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဦးအာကာလင်းအတွက် ဘာသာရေးအကြောင်းပြု တရားဟောမဲဆွယ်ပေးခဲ့သည်ဟုဆိုကာ NLD ကိုယ်စားလှယ်လောင်း ဦးထိန်လင်းက ဒီဇင်ဘာ၂၃ တွင် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ဒေသဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်တို့ကို ရွေးချယ်မဲပေးကြရန် ဘုန်းကြီးအချို့က ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးတွင် တိုက်တွန်းဟောပြောခဲ့ပြီး ၎င်း၏ဇနီးဖြစ်သူကိုလည်း ဘာသာရေးအကြောင်းပြု ပုတ်ခတ်ခဲ့သည်ဟု ဦးထိန်လင်းက ဆိုသည်။

“ကျွန်တော်တို့ ဒီတစ်ခါမတိုင်ရင် ဘုန်းကြီးနဲ့ ဒီလူက နောက်ထပ်ခါ ဒီလိုပဲ ဆက်လုပ်မှာ။ အဲဒီလိုလုပ်နေမယ်ဆိုရင် ဥပဒေဆိုတာလည်းပဲ ရှိတော့မှာ မဟုတ်ဘူး။ အားကြီးရာနိုင်၊ အကြောက်တရားတွေနဲ့ ရှိနေဦးမှာ။ ကျွန်တော်တို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်လည်း ရှေ့မျက်နှာနောက်ထားပြီး ကန့်ကွက်တာပါ” ဟု ဦးထိန်လင်းက Myanmar Now ကို ပြောသည်။

တိုင်း သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပါ တရားမဲ့ပြုကျင့်မှုဆိုင်ရာပုဒ်မများဖြစ်သည့် လာဘ်ပေးလာဘ်ယူမှု ပုဒ်မ ၆၆ (က) (၁) ၊ ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်သည့် ၆၆ (ဂ) နှင့် ၆၆ (ဃ) ၊ ကိုယ်စားလှယ်လောင်းခွင့်ပြုချက်မရှိဘဲ ငွေကုန်ကျခံကာ စီစဉ်ဆောင်ရွက်မှု ၆၆ (ဆ)၊ ဘာသာရေးအထိမ်းအမှတ်များကို အသုံးပြုခြင်းနှင့် လူမျိုး၊ ဘာသာကို အကြောင်းပြု မဲပေးရန် သို့မဟုတ် မဲမပေးရန် ပြောဆိုမှု ပုဒ်မ ၆၆ (ဋ) ၊ ပါတီတစ်ခုခုကိုဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု ၆၆ (ဌ) တို့ဖြင့် ကန့်ကွက်ထားသည်ဟု ဦးထိန်လင်းက ဆိုသည်။​

ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း သံဃာတော်များအနေဖြင့် မည်သည့်နိုင်ငံရေးပါတီနှင့်မျှ မပတ်သက်၊ မစွက်ဖက်ဘဲ အေးဆေးတည်ငြိမ်စွာ သီတင်းသုံးကြရန် ပင်းတယမြို့နယ်သံဃနာယကအဖွဲ့က စက်တင်ဘာလ ၂၄ တွင် ညွှန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ထားသော်လည်း ပင်းတယမြို့နယ်ရှိ အင်းပက်လက်ရွာဘုန်းကြီးကျောင်း၌ အောက်တိုဘာလကုန်ပိုင်း တရားပွဲတစ်ခုအတွင်း ဆရာတော်ဦးပညာသာရက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်း၏ ရွေးကောက်ပွဲပြိုင်ဘက် ကိုယ်စားလှယ်လောင်းသည် ခရစ်ယာန်ဘာသာဝင်တစ်ဦးနှင့် အိမ်ထောင်ပြုထားပြီး ၎င်းသာ အနိုင်ရှိသွားပါက ဒိဋ္ဌိပြဿနာ၊ အယူလွဲသည့် ပြဿနာများပေါ်လာမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆရာတော်ဦးပညာသာရ၏ ဟောပြောမှုတွင် ဦးအာကာလင်း၏ အမည်ကိုသာ ထည့်သွင်းပြောဆိုခဲ့ပြီး ပြိုင်ဘက်ကိုယ်စားလှယ်အမည်ကို တိတိကျကျ ထည့်သွင်းဟောပြောခြင်း မရှိသော်လည်း ဘာသာစကားသင်တန်းဖွင့်လှစ်ထားခြင်း၊ မိသားစုဝင်များအနက် ခရစ်ယာန်ဘာသာကိုးကွယ်သူပါဝင်ခြင်း အချက်များနှင့် တိုက်ဆိုင်သူမှာ NLD ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ ဦးထိန်လင်းသာရှိသည်။ ဦးထိန်လင်း၏ ဇနီးဖြစ်သူ ဒေါ်အေမီဖြိုးမင်း၏ မိခင်မှာ ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်သည်။ 

ဦးထိန်လင်း၏ ဇနီးဖြစ်သူသည် ဂျပန်စာ၊ အင်္ဂလိပ်စာ၊ ကိုးရီးယားစာသင်တန်းများ ဖွင့်လှစ်၍ သင်တန်းတက်သူများကို ခရစ်ယာန်ဘာသာဝင်အဖြစ် သွတ်သွင်းလျက်ရှိသည်ဟု ပင်းတယမြို့ ဇောတိကရုံကျောင်းတွင် သီတင်းသုံးသည့် ဆရာတော်ဦးပညာသာရက မိန့်ကြားခဲ့သည်။

အလားတူ ပင်းတယမြို့နယ် ရှားပြား (ဆားပြား) ရွာတွင်လည်း လျှပ်စစ်မီးရရှိရေးအတွက် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်က တောင်းပေးထားခြင်းဖြစ်ပြီး မီးရရှိရေးအတွက် တွေး၍ ရွေးချယ်မဲပေးကြရန်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်း အပါအဝင် ရွာအတွက် လုပ်ပေးနိုင်သူကိုသာ မဲပေးရန် ဆရာတော်ဦးပညာဓရက နိုဝင်ဘာ ၁ တွင် ဟောကြားမှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲတွင် ဦးအာကာလင်းသည် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာတွင် အနိုင်ရခဲ့သော်လည်း ရှမ်းပြည်နယ်အမျိုးသားလွှတ်တော် အမှတ် (၉) နေရာတွင် ယှဉ်ပြိုင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဦးစဝ်အောင်မြတ်မှာမူ ရှုံးနိမ့်ခဲ့သည်။

ပင်းတယနှင့် ရွာငံမြို့နယ်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လွှတ်တော်နေရာ ၇ ခုအနက် ဦးအာကာလင်း ဝင်ရောက်ယှဉ်ပြိုင်သည့် ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာမှလွဲ၍ ကျန် ၆ နေရာလုံးတွင် NLD က အနိုင်ရရှိခဲ့သည်။

ပင်းတယမြို့နယ် ပြည်နယ်လွှတ်တော်အမှတ် (၁) နေရာသည် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ဆက်တိုက်အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေတစ်ခု ဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့ပေါ် ရပ်ကွက် ၁၃ ခုအနက် ၁၂ ခုတွင် ဦးထိန်လင်းက အနိုင်ရရှိခဲ့သော်လည်း ကျေးရွာများ၏ ရလဒ်ကြောင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဦးထိန်လင်းက ယူဆသည်။ ပြည်ခိုင်ဖြိုးအတွက် ဘုန်းကြီးများက မဲဆွယ်ပေးခဲ့သည့် ကျေးရွာ ၇ ရွာတွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးအာကာလင်းက မဲအရေအတွက် ၂,၄၄၇ အသာရရှိခဲ့သော်လည်း မဲဆန္ဒနယ်တစ်ခုလုံးတွင် မဲကွာဟချက် ၁,၆၀၀ ကျော်သာရှိသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဆရာတော်သံဃာတော်များကို မဲဆွယ်ပေးရန် ပြောဆိုထားခြင်းမရှိသလို ၎င်းအတွက် ဘုန်းကြီးများက ယင်းသို့ ဟောပြောမဲဆွယ်ပေးမှုများကို မသိရှိကြောင်း ဓနုဒေသဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းက Myanmar Now ကို ပြောသည်။

သို့သော် ဦးအာကာလင်းအတွက် ဘုန်းကြီးများက တရားဟောမဲဆွယ်ပေးသည့် အသံဖိုင်၊ ရုပ်သံဖိုင်များကို ရရှိထားသည့်အပြင် တစ်အိမ်လျှင် ကော်ဖီမစ်ထုတ် ၁၅ ထုတ်စီပေး၍ ပြည်ခိုင်ဖြိုးအတွက် မဲဆွယ်ခြင်း၊ NLD ပါတီဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် မဟုတ်မမှန်ရေးသား၍ စာအုပ်ဖြန့်ဝေသည့် အထောက်အထားများပါ ရရှိထားသည်ဟု ဦးထိန်လင်းက ဆိုသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) သည် လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကဖြစ်စေ၊ ၎င်းတို့တစ်ဦးဦး၏ ခွင့်ပြုချက်ဖြင့် အခြားသူတစ်ဦးက ရွေးကောက်ပွဲတွင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခြင်းကို တားမြစ်ထားသည့်ပုဒ်မ ဖြစ်သည်။ 

ပုဒ်မ ၆၆ (ဂ) မှာမူ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်ကို ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်နှင့်မညီသော အသုံးစရိတ်များ သုံးစွဲခြင်းမပြုရန် တားမြစ်ထားပြီး ၆၆ (ဃ) တွင်မူ ကုန်ကျစရိတ်ငွေစာရင်းများကို ရွေးကောက်ပွဲကိုယ်စားလှယ်က သတ်မှတ်ထားသည့်အတိုင်း ရေးမှတ်ထားရန် ပျက်ကွက်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ ဆ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲကိုယ်စားလှယ်မဟုတ်သူ တစ်ဦးဦးသည် ကိုယ်စားလှယ်လောင်း ရွေးကောက်ခံရစေရန် အစည်းအဝေးကျင်းပ၍ဖြစ်စေ၊ စာရွက်စာတမ်းများ ဝေငှ၍ဖြစ်စေ တစ်နည်းနည်းဖြင့် ငွေအကုန်အကျခံကာ အားပေးခြင်းကို ပြုလုပ်ပါက တရားမဲ့ပြုကျင့်မှု မြောက်သည်။ 

Continue Reading

ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်သည့်အတွက် ကန့်ကွက်လွှာတင်သွင်းရခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပြီး အဆိုပါရွေးကောက်ပွဲကန့်ကွက်လွှာများအတွက် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၁၀၀၀ ခန့် ကုန်ကျမည်ဖြစ်သည် 

Published on Dec 28, 2020
Published on Dec 28, 2020
'ပိုမိုတောက်ပသော အနာဂတ်' ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲဝင်ဝင်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ ရွေးကောက်ပွဲမတိုင်မီက နေပြည်တော်၌ အင်အားပြလှည့်လည်ခဲ့ကြစဉ်။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

အရှုံးကိုလက်ခံသော်လည်း တရားမဲ့ပြုကျင့်မှုဆိုင်ရာ အထောက်အထားရှိသည့် မဲဆန္ဒနယ် ၂၀၀ နီးပါးနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ထံ ကန့်ကွက်လွှာတင်သွင်းထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

“NLD ပဲ အများဆုံးဖြစ်ပါတယ်။ တခြားပါတီတောင် မရှိသလောက်ပါပဲ”ဟု ကန့်ကွက်လွှာတင်သွင်းထားသည့် မဲဆန္ဒနယ်များနှင့်ပတ်သက်၍ ၎င်းက ဆိုသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဒေါ်ယမင်းမြင့်ဆွေက ပြည်ထောင်စုနယ်မြေနှင့် မန္တလေးတိုင်းအတွင်းရှိ မဲဆန္ဒနယ် ၂၁ ခုနှင့်ပတ်သက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာများကို နေပြည်တော်ရှိ UEC ရုံးထံ ယနေ့ လာရောက်တင်သွင်းပြီးနောက် သတင်းမီဒီယာအချို့နှင့်တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်ထားသည့် မဲဆန္ဒနယ်အားလုံးနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နေပြည်တော်ရှိ မဲဆန္ဒနယ် ၁၀ ခုတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အနိုင်ရခဲ့သည့် ဇေယျာသီရိ ပြည်သူ့လွှတ်တော်မှလွဲ၍ ကျန်သည့်နေရာအားလုံးကို ကန့်ကွက်လွှာတင်သွင်းထားသည်ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း UEC ရုံးသို့ လာရောက်သည့် ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့နေများကို Myanmar Now က လိုက်လံမေးမြန်းရာတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တွင် ဝင်ပြိုင်၍ အနိုင်ရထားသည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိမ်း အပါအဝင် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းတို့ရှိ NLD အနိုင်ရ မဲဆန္ဒနယ်များနှင့် ပတ်သက်သည့် ကန့်ကွက်လွှာများဖြစ်ကြောင်း သိရသည်။

“မဲစာရင်းအမှားအယွင်းတွေပေါ့။ ခါတိုင်းရွေးကောက်ပွဲတွေထက် ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ပေါ့နော်။ တရားမဲ့ပြုကျင့်မှုတွေကလည်း ခါတိုင်းထက် ဆိုးဆိုးရွားရွား ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီဟာတွေဟာ နောက်မျိုးဆက်သစ်တွေ ဒီမိုကရေစီယဉ်ကျေးမှုကို သင်းကွပ်မခံနိုင်လို့ပေါ့။ ကျမတို့သည် အရှုံးကို လက်ခံတယ်"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောသည်။

နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာတွင် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသန်းဌေးကို လူမျိုးရေးအကြောင်းပြမဲဆွယ်မှုဖြင့် NLD ဖက်က ကန့်ကွက်လွှာတင်သွင်းထားခြင်းနှင့်စပ်လျဉ်း၍မူ UEC ၏ ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွင် အကောင်းဆုံးရင်ဆိုင်ဖြေရှင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

"ကျွန်မအမြင်ကတော့ တရားမဲ့ပြုကျင့်မှု မမြောက်ဘူး။ ဒါပေမယ့်လည်း ကန့်ကွက်လွှာတင်ထားတယ်လို့ ကြားသိရတော့ ခုံရုံးရောက်မှ ရှင်းရမယ့်ကိစ္စပေါ့"ဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာ တစ်စောင်အတွက် အာမခံကြေး ငွေကျပ် ၅ သိန်း‌ပေးသွင်းရမည်ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ငွေကျပ်သိန်း ၁၀၀၀ ခန့် အကုန်အကျခံကာ မဲဆန္ဒနယ် ၂၀၀ နီးပါးတွင် ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UEC က ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေအချို့က အတည်ပြုပြောဆိုထားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်အနက် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက Myanmar Nowကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDP က အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရရှိခဲ့ဖူးသည်။ 

Continue Reading