အနိုင်ရအမတ်လောင်းနှင့် ရွေးကောက်ပွဲအကြိုကာလ ငွေချေးလုပ်ငန်း

မဲဆန္ဒရှင်တစ်ထောင်ကျော်သာရှိသည့် ဆိပ်ကမ်းမဲဆန္ဒနယ် ၂ တွင် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမတ်လောင်းက ဒေသခံတို့ အတိုးနည်းချေးငွေရရေး ကူညီခဲ့သည် (သတင်းဆောင်းပါး အစ အဆုံး)

 

 

 

Published on Nov 14, 2018
ကြားဖြတ်ရွေးကောက်ပွဲနေ့က တွေ့ရသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် ၂ မှ မြင်ကွင်းတစ်ခု။ ထိုမဲဆန္ဒနယ်တွင် နေထိုင်သူ အများအပြားသည် ရွေးကောက်ပွဲမတိုင်ခင်က အတိုးနှုန်း ၂ ကျပ် ၅၀ ပြားဖြင့် ငွေချေးယူခွင့် ရခဲ့ကြသည် (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)
ကြားဖြတ်ရွေးကောက်ပွဲနေ့က တွေ့ရသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် ၂ မှ မြင်ကွင်းတစ်ခု။ ထိုမဲဆန္ဒနယ်တွင် နေထိုင်သူ အများအပြားသည် ရွေးကောက်ပွဲမတိုင်ခင်က အတိုးနှုန်း ၂ ကျပ် ၅၀ ပြားဖြင့် ငွေချေးယူခွင့် ရခဲ့ကြသည် (ဓာတ်ပုံ - ဖြိုးသီဟချို/Myanmar Now)

ရန်ကုန်မြို့၏ အထင်ကရ ဗိုလ်တထောင် စေတီတော်ကြီးအနီး မဲရုံဝန်းကျင်သည် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများ၊ သတင်းသမားများနှင့် စည်ကားနေသည်။

ဆိပ်ကမ်းမြို့နယ် ရဲရိပ်သာရပ်ကွက်ရှိ ထိုမဲရုံတွင် ညနေပိုင်း မဲရေတွက်ချိန် ခိုင်လုံမဲရရှိသူတို့၏အမည်ကို ကြေညာသည့်အခါ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း “ဦးနေမျိုးအောင်”၏ အမည်က မကြာခဏ ထွက်ပေါ်နေသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆိပ်ကမ်း မဲဆန္ဒနယ်အမှတ် ၂ ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က ဒေသခံတို့၏ ယုံကြည်မှု ရရှိရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် ထောက်ခံမဲ ပိုမို ရရှိခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

“ပါတီအပေါ်မှာ ယုံကြည်မှု တစ်ဝက်၊ ကျွန်တော့်ရဲ့ လူပုဂ္ဂိုလ်ပေါ်မှာ ယုံကြည်မှုတစ်ဝက် ဒီအတိုင်းကို တည်ဆောက်ပြီးတော့မှ ကျွန်တော် ကြိုးစားခဲ့ပါတယ်” ဟု ဦးနေမျိုးအောင်က သတင်းသမားတို့ကို ပြောသည်။

သူက ၅၁၅ မဲ ရရှိခဲ့ပြီး သူ၏ အဓိကပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ၃၅၆ မဲ ရရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရန်ကုန်ရှိ အမာခံနယ်မြေတွင် ပြည်ခိုင်ဖြိုးအမတ်လောင်း အနိုင်ရသဖြင့် လေ့လာသူတို့ အံ့အားသင့်ကြသည်။

ဦးနေမျိုးအောင်က ရွေးကောက်ပွဲ မတိုင်ခင် နှစ်လ အလိုတွင် ထိုမဲဆန္ဒနယ်မှ ဒေသခံတို့ ချေးငွေ ရရှိရေး အဆင်ပြေစေရန် ကူညီခဲ့သူဖြစ်သည်။ ရွေးကောက်ပွဲ ရလဒ်အပေါ် အကျိုးသက်ရောက်သည်ဟု သုံးသပ်ကြသည့် ထိုချေးငွေလုပ်ငန်းတွင် ပြည်ခိုင်ဖြိုး ပါတီဝင်တချို့ ပါဝင်ပတ်သက်နေသည်။

ငွေချေးလုပ်ငန်း

ရဲတပ်ဖွဲ့နှင့် ဆိပ်ကမ်းလုပ်ငန်း ဝန်ထမ်းမိသားစုများ နေထိုင်သည့် ထိုမြို့နယ်တွင် လူဦးရေ သုံးထောင်အောက်သာ ရှိသည်ဟု ၂၀၁၄ သန်းခေါင်စာရင်းအရ သိရသည်။ မဲဆန္ဒနယ်(၂) တွင် မဲပေးခွင့်ရှိသူ အရေအတွက်မှာ ၁,၅ဝဝ မပြည့်ပေ။

ဤမဲဆန္ဒနယ်မြေမှ လွှတ်တော်အမတ် မကြာသေးခင် လများအတွင်း ကွယ်လွန်သွားသဖြင့် လစ်လပ်သည့်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခြင်း ဖြစ်သည်။

၂ဝ၁၅ ရွေးကောက်ပွဲကာလ ဤမဲဆန္ဒနယ်မြေတွင် ရှုံးနိမ့်ခဲ့ပြီး သုံးနှစ်အကြာ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ပြိုင်သည့် အမတ်လောင်း ဦးနေမျိုးအောင်က ဒေသခံတို့ အတိုးနှုန်းကြီးစွာဖြင့် ငွေချေးယူနေကြရသည့် အခက်အခဲကို သိပြီး အတိုးနှုန်းသက်သာသည့် ချေးငွေလုပ်ငန်းနှင့် မိတ်ဆက်ပေးခဲ့သည်။

၎င်း မဲနိုင်ရခြင်းမှာ ချေးငွေကူညီမှုကြောင့် မဟုတ်ဟု ဆိုသည်။ ရွေးကောက်ပွဲ မတိုင်ခင် ၅ လ အလိုက ဖြိုးစေတနာဆေးခန်း ဖွင့်လှစ်ခဲ့ခြင်း၊ ကျောင်းဖွင့်ချိန်တွင် ကျောင်းသုံးစာအုပ်များ ဝေငှခဲ့ခြင်း စသည့် ကူညီမှုများလည်း ရှိသည်ဟု ဆိုသည်။

“ငွေချေးခြင်း၊ မချေးခြင်းက အဓိက အကြောင်းတရား မဟုတ်ဘူးဗျ။ ကျွန်တော်က ကျွန်တော့်မဲဆန္ဒနယ်ထဲမှာ ရှိတဲ့ ပြည်သူတွေကို ဘယ်လိုကူညီပေးရမလဲဆိုတဲ့ စိတ်ပဲ ကျွန်တော့်မှာ ရှိတာ” ဟု ၎င်းက ပြောသည်။

ပုဂ္ဂလိက ငွေချေးလုပ်ငန်းများစွာနှင့် လိုက်လံချိတ်ဆက်ခဲ့ကြောင်း၊ နောက်ဆုံးတွင် မေထွဋ်ကုမ္ပဏီ၏ အကူအညီရခဲ့ကြောင်း ၎င်းက ပြောသည်။

“ကုမ္ပဏီက လာပြီးတော့ ချေးပေးတာပါ။ ကျွန်တော်က ကြားထဲကနေပြီးတော့ ကျွန်တော့် ပြည်သူတွေ အဆင်ပြေဖို့အတွက် ကြားထဲက အောင်သွယ် လုပ်ပေးတဲ့ သဘောမျိုးပါ” ဟု အနိုင်ရ အမတ်လောင်းက ပြောသည်။

မေထွဋ် ကုမ္ပဏီ

Myanmar Now သတင်းဌာနက ပုဂ္ဂလိက ငွေချေးလုပ်ငန်းဖြစ်သည့် မေထွဋ်ကုမ္ပဏီနှင့်ပတ်သက်ပြီး ဆက်လက်စုံစမ်းရာ ကုမ္ပဏီသည် လှော်ကားစျေးလမ်း၊ ရွှေပြည်သာမြို့နယ် ၁၅ ရပ်ကွက်တွင် တည်ရှိကြောင်း ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဋ္ဌာန၏ အချက်အလက်များအရ သိရှိခဲ့သည်။

ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် ဦးလင်းအောင်အောင်မှာ ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဖြစ်နေသည်။

ဦးလင်းအောင်အောင်က မေထွဋ် အသေးစား ငွေချေးလုပ်ငန်းကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ဆင်းရဲသား လက်လုပ်လက်စားများကို ရွှေပြည်သာ ၁၅၊ ၁၇ ရပ်ကွက် များတွင် ချေးငွေ ထုတ်ပေးခဲ့ကြောင်း ပြောသည်။

လုပ်ငန်း တိုးချဲ့ရန်၊ ဝန်ထမ်း မိသားစုများကို ချေးငွေ ထုတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ဆိပ်ကမ်းမြို့နယ်တွင် လုပ်ငန်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“ဆိပ်ကမ်းမှာတော့ လူဦးရေလည်း နည်းတယ်။ ဝန်ထမ်းမိသားစုလည်း ဖြစ်တယ်။ အဲဒီမှာချေးရင်တော့ လုပ်ငန်း တိုးချဲ့ရတာ အဆင်ပြေနိုင်တယ်ဆိုပြီးတော့ စမ်းကြည့်မိတာ” ဟု ၎င်းက ပြောသည်။

ချေးငွေ လုပ်ငန်းအတွက် ငွေကျပ် သိန်းတစ်ရာခန့် အသုံးပြုထားပြီး လူတစ်ရာကျော် ချေးယူခဲ့သည်ဟု ၎င်းက ခန့်မှန်းသည်။

ထိုသို့ ချေးယူရာတွင် သန်းခေါင်းစာရင်းတစ်ခုတွင် တစ်ဦးလျှင် ကျပ် ခြောက်သောင်းနှုန်းဖြင့် ငါးဦးအထိ ချေးယူနိုင်ကြောင်း၊ အတိုးနှုန်းမှာ ၂ ကျပ် ပြား၅၀ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီး ဆိပ်ကမ်း ၂ တွင် အနိုင်ရသော အမတ်လောင်း ဦးနေမျိုးအောင်၊ ပါတီ၏ ဆိပ်ကမ်းမြို့နယ် ဘဏ္ဍာရေးမှူးလည်းဖြစ် အမတ်လောင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါ်တိုးတိုးလွင်တို့က ငွေချေးလုပ်ငန်းအတွက် တာဝန်ခံပေးထားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“သူတို့ကလည်း အကူအညီတောင်းတာကို။ အကူအညီတောင်းတော့ ဆက်စပ်မိသွားတာ” ဟု ၎င်းက လေသံ ခပ်လေးလေးဖြင့် ပြောသည်။

ချေးငွေ ထုတ်ယူသူတို့ကို ဒေါ်တိုးတိုးလွင်က စာရွက်၊ စာတမ်းများ တာဝန်ယူ ထုတ်ပေးရသည်ဟု ဒေသခံ တချို့က ပြောကြသည်။

ဒေါ်တိုးတိုးလွင်ကမူ ယင်းပြောဆိုချက်များ၊ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ငြင်းဆိုသည်။

“ကုမ္ပဏီတစ်ခုကတော့ ဒီမှာချေးတယ်လို့ အသံကြားတယ်။ ကျွန်မတို့နဲ့တော့ ဆက်စပ်မှု မရှိဘူး။ ကျွန်မတို့လည်း ချေးတဲ့အထဲမှာ မပါခဲ့ဘူး” ဟု ဒေါ်တိုးတိုးလွင်က ဆိပ်ကမ်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးခန်းတွင် Myanmar Now ကို ပြောသည်။

လျှောက်လွှာတင် ငွေချေးခြင်း

မိသားစုရိပ်သာ ရပ်ကွက်တွင် နေထိုင်ပြီး ဓမ္မာရုံအနီး ထမင်းဆိုင်ဖွင့်ထားသည့် ၃၉ နှစ်အရွယ် ဒေါ်စိုးမြမြထွေးက ပြည်ခိုင်ဖြိုး အမတ်လောင်းကိုယ်တိုင် ဆိုင်ကို ရောက်ရှိလာခဲ့ပြီး ချေးငွေ ထုတ်ယူရန် ကူညီခဲ့သည်ဟု Myanmar Now ကို ပြောသည်။

၎င်းတို့ ဇနီးမောင်နှံ နှစ်ဦးလုံး ချေးငွေ ရရန် လျှောက်လွှာ ဖြည့်စွက်ခြင်း၊ လက်ဗွေနှိပ်ခြင်းများကို ပြည်ခိုင်ဖြိုးပါတီရုံးတွင်ပင် ဦးနေမျိုးအောင်၏ အကူအညီဖြင့် ပြုလုပ်ခဲ့သည်ဟု ပြောသည်။

စက်တင်ဘာလက စတင် ငွေချေးယူခဲ့ပြီး ယနေ့ထိ ချေးငွေ ပြန်ပေးသွင်းရခြင်း မရှိသေးကြောင်း ပြောသည်။

“ဆပ်ရမယ့်လ ရောက်တော့ သူတို့တွေက မဆပ်နဲ့ဦးလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

အရစ်ကျ ပေးချေရမည့် ငွေကို သတ်မှတ်ချိန်၊ သတ်မှတ်ရက်တွင် မှန်မှန်ပြန်လည် ပေးသွင်းရန် စာအုပ်ပါ စည်းကမ်းချက်များတွင် ဖော်ပြထားကြောင်း Myanmar Now က ကြည့်ရှုခွင့် ရခဲ့သည့် ချေးငွေ ထုတ်ယူခြင်း ဆိုင်ရာ အထောက်အထား တစ်ခုဖြစ်သော မေထွဋ်ကုမ္ပဏီလီမိတက် အသေးစားချေးငွေလုပ်ငန်း၏ ငွေစုငွေချေး စာအုပ်တွင် ဖော်ပြထားသည်။

မိသားစုရိပ်သာ ရပ်ကွက်တွင် နေထိုင်သူ ဒေါ်မိုးမိုးအေးက ပြည်ခိုင်ဖြိုးရုံးရှေ့တွင် ပလာတာရောင်းချသူ ဖြစ်သည်။ ချေးငွေးရယူလိုသူများ ထိုရုံးတွင် ချေးငွေလျှောက်လွှာများ ထုတ်ယူသည်ကို တွေ့ရသည်ဟု ၎င်းကပြောသည်။

၎င်းကိုယ်တိုင်လည်း ကြံ့ခိုင်ရေး ပါတီဝင်များထံတွင် ချေးငွေရရန် စာရင်း ပေးခဲ့ရပြီး မေထွဋ်ကုမ္ပဏီမှ အမျိုးသမီးတစ်ဦးထံမှ ချေးငွေထုတ်ယူခဲ့ရသည်ဟု ပြောသည်။

“(တခြား ငွေချေးဌာနတွေ) ဆိုရင် အဲဒီလိုမျိုး လခြား မပေးဘူး။ တစ်လချင်း ပေးရတာ။ ခုဟာက နှစ်လ လုံး အတိုး၊ အရင်း မပေးရသေးဘူး” ဟု ၎င်းက ပြောသည်။

မိသားစု ရိပ်သာ လိုင်း(၆) တွင်နေထိုင်သည့် ဒေါ်ရီရီစန်းက ပြည်ခိုင်ဖြိုးကို ထောက်ခံသူ ၎င်း၏ အိမ်နီးချင်းများက ချေးငွေယူရန် ရွေးကောက်ပွဲမတိုင်ခင် တစ်ပတ်အလိုထိ ပြောကြားခဲ့သော်လည်း ချေးငွေ ရယူခဲ့ခြင်းမရှိဟု ပြောသည်။

“အဲဒီ တစ်လိုင်းလုံးက ယူတယ်။ ကျွန်မက မယူတော့ ကျွန်မကို ဘယ်သူမှ စကားမပြောကြတော့ဘူး” ဟု ၎င်းက ရှင်းပြသည်။

ပါတီ၏ ငြင်းဆိုချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်လောင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးရဲမင်းဟိမ်းက ဝန်ထမ်းအများစု နေထိုင်သည့် မြို့နယ်တွင် ၎င်းတို့ ရှုံးရခြင်းမှာ ဒေသခံများ၏ချို့တဲ့မှု၊ ခက်ခဲစွာ ရပ်တည်မှု စသည့် အချက်များလည်း ပါဝင်သည်ဟု သုံးသပ်သည်။

“တချို့ပါတီတွေက ငွေချေးတဲ့ အဆင့်တွေ လုပ်တာမျိုးလည်း တွေ့ရတယ်။ သူတို့ ကိုယ်တိုင်တော့ မချေးဘူးပေါ့။ ကြားခံလူတွေနဲ့ ချေးထားတာမျိုးတွေ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

သို့သော်လည်း မည်သည့်ပါတီက ချေးငွေ ထုတ်ပေးသည်ကိုတော့ မှတ်ချက်မပေးလိုကြောင်း ငြင်းပယ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က ရွေးကောက်ပွဲမတိုင်ခင်က ဆိပ်ကမ်းမြို့နယ်တွင် ငွေချေးသည့် သတင်းတချို့ကို ကြားသိထားရသော်လည်း အထောက်အထား မခိုင်လုံသေး၍ မှတ်ချက်ပေး၍ မဖြစ်နိုင်ကြောင်း ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးနန္ဒာလှမြင့်က ပါတီ အနေဖြင့် ရွေးကောက်ပွဲမတိုင်ခင် ငွေချေးရန် စီမံပေးခဲ့ခြင်း မရှိကြောင်း ပြောသည်။

“သက်ဆိုင်ရာ ဒေသကိုယ်စားလှယ်တွေက သူတို့နည်းသူတို့ဟန်နဲ့ သူတို့ ကြိုးပမ်း အားထုတ်မှုတွေနဲ့ ဆောင်ရွက်တာပဲ ရှိကောင်းရှိနိုင်တယ်။ ပါတီက မချေးတာတော့ အသေအချာပဲ။ ကျွန်တော်တို့ပါတီက ဒီကိစ္စကို မူဝါဒလည်းမပေးခဲ့ဘူး။ ချေးလည်း မချေးပေးခဲ့ဘူး” ဟု ဦးနန္ဒာလှမြင့်က ပြောသည်။

ရွေးကောက်ပွဲအကြိုကာလတွင် နိုင်ငံရေးပါတီတစ်ခုက မဲဆန္ဒနယ်အတွင်း ချေးငွေ ရရှိရေး ဆောင်ရွက်ခြင်းမှာ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ တွင် ဖော်ပြထားသည့် မဲဆန္ဒနယ်မြေအတွင်း လာဘ်ပေးလာဘ်ယူမှု မပြုရဟူသော အချက်နှင့် ရှိမရှိ အငြင်းပွားဖွယ် ဖြစ်နေသည်ဟု လေ့လာသူတချို့က ဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ရွေးကောက်ပွဲ ဥပဒေမှာ လက်တစ်လုံးခြားလုပ်နိုင်သည့် အခြေအနေမျိုးတွင် ရှိနေသည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် ထိုအချက်များကို ရှင်းရှင်းလင်းလင်း ဖြစ်သွားစေရန် ပြင်ဆင်သင့်သည်ဟု သုံးသပ်သည်။

ပြန်မဆပ်ရသေးသော ချေးငွေ

မေထွဋ်ကုမ္ပဏီ၏ ဒါရိုက်တာ ဦးလင်းအောင်အောင်က ချေးငွေများကို ပြန်လည်တောင်းခံရမည့် ကာလမှာ ကြားဖြတ်ရွေးကောက်ပွဲ ကာလဖြစ်နေ၍ ပြဿနာ ဖြစ်ပေါ်မည်ကို စိုးရိမ်သောကြောင့် မတောင်းခံခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

“အမှန်ကတော့ ကောက်ရမှာ။ အခုတောင်မှ ကောက်ဖို့ပြောနေပြီ” ၎င်းကပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်ကလည်း အလားတူ ပြောကြားသည်။

ဒီဇင်ဘာလတွင် ပြန်လည်ကောက်ခံရန် ကုမ္ပဏီက ဆက်သွယ်အကြောင်းကြားလာပြီဖြစ်ပြီး ကုမ္ပဏီ၏ စည်းမျဉ်းစည်းကမ်း ဥပဒေအတိုင်း ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

“ကောက်ခြင်း၊ ပြုခြင်း၊ ဆပ်ခြင်း၊ မဆပ်ခြင်းတွေကလည်း ကျွန်တော်နဲ့ မဆိုင်ပါဘူး။ ကျွန်တော်က လုပ်ငန်းလာပြီး လည်ပတ်စေချင်တဲ့ သဘောနဲ့ပဲ ဆက်သွယ်ပေးထားတာပါ” ဟု အနိုင်ရ အမတ်လောင်းက ပြောသည်။

ရဲရိပ်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်က ပြည်ခိုင်ဖြိုးအမတ်လောင်း၏ အာမခံချက်ဖြင့် မေထွဋ်ကုမ္ပဏီက ငွေချေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်ကို သိရှိကြောင်း ပြောသည်။

ချေးငွေ ရရှိခြင်း လုပ်ငန်းမှာ လွယ်ကူကြောင်း သိရသည်။ ၎င်းတို့ထံသို့ ထိုချေးငွေအတွက် မည်သူကမျှ ထောက်ခံစာ လာမယူခဲ့ကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။

ရဲရိပ်သာရပ်ကွက်တွင် နေထိုင်သူ မလှယဉ်သန်းက ဦးနေမျိုးအောင်က ချေးငွေများကို အာမခံချေး ပေးခြင်းသာ ဖြစ်ပြီး မဲဆွယ်ခြင်း မဟုတ်၊ ရွေးကောက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိဟု ပြောသည်။

“သူ့ကို ကျေးဇူးတင်တယ်။ ဒီမှာက ဝန်ထမ်းတွေဆိုတော့ ပိုက်ဆံ မရှိကြဘူးလေ။ လဝက်လောက်ဆို ပြတ်နေပြီ။ ဒီလိုမျိုး လှည့်ပတ်ပြီး ချေးပေးတဲ့ လူတွေရှိလို့သာ လက်လှည့်ပြီး သုံးလို့ရနေတာ”ဟု ပြောသည်။

၎င်းက ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲထည့်ခဲ့ကြောင်း၊ သို့သော်လည်း ၎င်းတို့ အားကိုးခဲ့သူက ပြည်သူလူထုကို ဂရုစိုက်ခြင်းမရှိဟု ဆိုသည်။

“ကိုယ်တွေ ထည့်ပေးခဲ့တဲ့ လူတွေက၊ သူတို့က အဲဒီလိုမျိုးတောင် လာကြည့်ဖော် မရဘူးလေ” ဟု မလှယဉ်သန်းက မကျေမနပ် ပြောလိုက်သည်။

ဆက်စပ်ဖတ်ရှုရန် -

ရန်ကုန် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်မြေတွင် ပြည်ခိုင်ဖြိုးအနိုင်ရ

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading