နှစ်နှင့်ချီ တရားရင်ဆိုင်နေရသည့်အတွက် အလုပ်ရှင် နှင့် အလုပ်သမား နှစ်ဘက်စလုံးက ညဉ်းတွားနေကြသည်
(ရန်ကုန်) - လွန်ခဲ့သည့် ၆ နှစ်ကတည်းက အလုပ်ရှင်နှင့် အပြန်အလှန် တရားစွဲထားကြသည့် ရန်ကုန်တိုင်း ရွေပြည်သာ မြို့နယ်ရှိ တော်ဝင်သစ်အချောထည်စက်ရုံမှ သပိတ်မှောက် အလုပ်သမားများသည် ၄င်းတို့၏ အမှု ယနေ့တိုင် မပြီးပြတ်သေးသောကြောင့် အလုပ်အကိုင်ပြန်လည်ရရှိရေး အပါအဝင် အခက်အခဲမျိုးစုံ ရင်ဆိုင်နေကြရသည်။
၂၀၁၂ ဒီဇင်ဘာလတွင် သပိတ်မှောက်အလုပ်သမားများ စက်ရုံတွင်းသို့ ဝင်ရောက်ရာမှ စတင်ခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်ရပ်၏ နောက်ဆက်တွဲအဖြစ် အလုပ်ရှင် နှင့် အလုပ်သမားတို့ အပြန်အလှန် တရားစွဲခဲ့ကြခြင်းဖြစ်ပြီး အဆိုပါအမှုများကို ယနေ့အချိန်အထိ တရားရုံးတွင် ဆက်လက်စစ်ဆေးလျှက်ရှိသည်။

အဆိုပါသပိတ်သည် ၂၀၁၂ စက်တင်ဘာကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။
အလုပ်သမားများက ၄င်းတို့အား အလုပ်ရှင်ငှားရမ်းထားသည့် လူမိုက်များက ရိုက်နှက်ခဲ့သည်ဟု ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၃၂၅ ပြင်းထန်စွာ နာကျင်စေမှု နှင့် ပုဒ်မ ၂၉၄ ဆဲဆိုမှုတို့ဖြင့် စက်ရုံတာဝန်ရှိသူများအား တရားစွဲဆိုထားသည်။


စက်ရုံဘက်ကလည်း အလုပ်သမားများသည် အလုပ်ရုံကို ကျူးကျော်ဝင်ရောက်ပြီး ဖျက်ဆီးရန် ကြိုးစားခဲ့သည်ဟု ဆိုပြီး ပုဒ်မ ၄၅၂ ပိုင်နက်ကျူးလွန်မှု၊ ပုဒ်မ ၃၂၃ နာကျင်စေမှု ၊ပုဒ်မ ၄၂၇ အကျိုးဖျက်ဆီးစေမှု တို့ဖြင့် အလုပ်သမား ၄၂ ဦး အား တရားစွဲဆိုထားသည်။
တရားစွဲခံ အလုပ်သမား ၄၂ ဦးအနက်မှ ၁၁ ဦးသည် တရားခံပြေးအဖြစ် ကြေညာခံထားရသည်ဟု အလုပ်သမားများ၏ ရှေ့နေ ဒေါ်အေးမြနွယ်က ပြောသည်။


အမှုကို မူလ စစ်ဆေးနေသည့် ရွှေပြည်သာမြို့နယ်တရားရုံးမှ မင်္ဂလာဒုံမြို့နယ်တရားရုံးသို့ အလုပ်ရှင်ဘက်က ရုံးပြောင်းလျှောက်ထားလိုက်ခြင်းကြောင့် အလုပ်သမားများ တရားရင်ဆိုင် ရာတွင် ခက်ခဲနေပြီး အလုပ်သမားအချို႔ တရားခံပြေး ဖြစ်ခဲ့ခြင်းမှာလည်း ထိုအချက်ကြောင့်ဖြစ်သည်ဟု ၎င်းက ပြောသည်။
“အလုပ်သမားတွေက ရွှေပြည်သာမှာ နေကြတာဖြစ်တဲ့အတွက်ကြောင့် မင်္ဂလာဒုံမြို့နယ်အထိလာပြီး တရားရင်ဆိုင်ဖို့က ခက်ခဲနေပါတယ်” ဟု ၎င်းက ပြောသည်။
တရားရင်ဆိုင်နေရသူ ၄၂ ဦးတွင် အမျိုးသမီး ၈ ဦးပါဝင်ပြီး ၆ နှစ်တိုင်အောင် ကြာမြင့်နေပြီ ဖြစ်သည့် အတွက် အလုပ်သမားများ စားဝတ်နေရေးခက်ခဲနေပြီး အမှုမြန်မြန် ပြီးပြတ်စေလို သည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါစက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး အမှုရင်ဆိုင်နေရသည့် ကိုဇင်မျိုးကိုကိုက ရွှေပြည်သာ စက်မှုဇုန်အတွင်းရှိ စက်ရုံတိုင်းတွင် ၎င်းတို့ ဓာတ်ပုံများ ရှိနေပြီး အလုပ်ခန့် ရန် ငြင်းဆိုကြသည့်အတွက် ကြုံရာကျပန်း လုပ်ကိုင်နေရသည်ဟု ပြောသည်။
“ကျွန်တော်တို့ အင်တာဗျူးမေးတဲ့ လူတွေက ကျွန်တောတို့ ဓာတ်ပုံတွေ ထုတ်ပြပြီး ကျွန်တော်တို့ကို လက်မခံဘူး” ၎င်းက ပြောသည်။
၎င်းက ၂၀၁၂ခုနှစ် ဒီဇင်ဘာလတွင် တော်ဝင် သစ်အချောထည်စက်ရုံ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များက လုပ်ငန်းလိုအပ်ချက်များကို တောင်းဆိုရာမှ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းကိုယ်တိုင် အလုပ်ရှင်ဘက်မှ ငှားရမ်းထားသူများ၏ အရိုက်နှက်ခံခဲ့ရပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဋ္ဌာနတွင် တက်ရောက် ကုသခဲ့ရသည်ဟု ပြောသည်။
ထို့ပြင် ၎င်းအပါအဝင် အလုပ်သမား ၁၂ ဦးမှာ ၂၀၁၃ခုနှစ် မေလမှ သြဂုတ်လ အထိ အင်းစိန်အကျဉ်းထောင်အတွင်းမှ တရားရင်ဆိုင်ခဲ့ရသည်ဟု ပြောသည်။
တရားရင်ဆိုင်နေရသူ တစ်ဦးဖြစ်သည့် မအိဇာဖြူက ၆ နှစ်ကြာအောင် တရား ရင်ဆိုင်နေရသည့်အတွက် ၎င်းတို့ အလုပ်သမားများ၏ ရပ်တည်ရေးမှာ အလွန်ခက်ခဲနေသည်ဟု ပြောသည်။
တော်ဝင်သစ်မိသားစု ဆောက်လုပ်ရေး ဥက္ကဋ္ဌ ဦးကိုကိုထွေးက ထိုအမှုမှာ မြန်မြန်ဆန်ဆန် ပြီးပြတ်ရန် လိုအပ်နေပြီဖြစ်သည်ဟု ပြောသည်။
၎င်းက အမှုအချိန်ကြာမြင့်နေခြင်းကြောင့် အလုပ်သမားများလည်း ဒုက္ခရောက်နေပြီဖြစ်သလို ၎င်းတို့ကိုယ်တိုင်လည်း အလုပ်ရှုပ်ရသည်ဟု ဆိုသည်။
“ကျွန်တော်တို့ဘက်ကတော့ အားလုံးကို မြန်မြန် ပြတ်အောင်တော့ ပြောခိုင်းထားတာပဲ။ ပြောခိုင်းတာတော့ ရှေ့နေတွေဘာတွေကို စနစ်တကျလေး လုပ်ပေးပါဆိုပြီးတော့ လုပ်ခိုင်းထား တာပေါ့ ” ၎င်းက ပြောသည်။
အဆိုပါ အမှုကို လာမည့်သတင်းပတ် တနင်္လာနေ့ (နိုဝင်ဘာ ၁၉ ) တွင် မင်္ဂလာဒုံမြို႔နယ် တရားရုံးတွင် ဆက်လက်စစ်ဆေးမည်ဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









