လက်ရှိတွင် သေဆုံးသူ၏နှာခေါင်း၊ အာခေါင်တို့မှ တို့ပတ်နမူနာယူထားပြီး ရန်ကုန်ရှိ အမျိုးသားကျန်းမာရေး ဓါတ်ခွဲခန်း (NHL) သို့ ပေးပို့ထားပြီး အဖြေထွက်ပါက ကိုဗစ် ၁၉ ဟုတ်မဟုတ် တရားဝင်ကြေညာပေးသွားမည်ဟု ဆိုသည်
တရုတ်နိုင်ငံမှ ပြန်လာသည့် အမျိုးသားတစ်ဦး လားရှိုးအဝင်တွင် အသက်ရှူကျပ်ကာ သေဆုံးသွားသဖြင့် ကိုရိုနာရောဂါဖြင့် သေဆုံးခြင်းဟုတ်မဟုတ် ရန်ကုန်အမျိုးသားဓါတ်ခွဲခန်းသို့ ယနေ့ပေးပို့စမ်းသပ်ထားကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့် ကပြောသည်။
မတ် ၅ ညနေပိုင်းက မူဆယ်မှ ရန်ကုန်မြို့သို့လာသည့်(ရွှေမန္တလာ) မူဆယ်-ရန်ကုန် အဝေးပြေးခရီးသည်တင်ယာဉ်တွင် လိုက်ပါလာသည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးမှာ မူးဝေအော့အန်ကာ အသက်ရှူကျပ်လာသဖြင့် လားရှိုးမြို့ရှောင်လမ်းရှိ တိုးဂိတ်အရောက်တွင် ရပ်နားခဲ့ရသည်။
အသက်ရှုမဝသဖြင့် နီးစပ်ရာဆေးရုံ၊ ဆေးခန်းပို့ပေးရန် ထိုအမျိုးသားက တောင်းဆိုခဲ့သဖြင့် ည ၉ နာရီခန့်တွင် လားရှိုးမြို့အခြေစိုက် ‘ပေးသောလက်’ လူမှုကယ်ဆယ်ရေးအဖွဲ့က လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟု အဆိုပါလူမှုကယ်ဆယ်ရေးအဖွဲ့မှ ဉက္ကဋ္ဌ ဦးမြင့်မော်က အတည်ပြုပြောဆိုသည်။
“ဆေးရုံခန်းထဲမှာကျတော့ အောက်ဆီဂျင်မပေးဘူးဗျ။ ဆရာဝန်တွေနဲ့ မှုခင်းရဲတွေနဲ့စစ်တာဗျ။ အောက်ဆီဂျင်ကဖြုတ်တော့ သူ တအားမောနေတော့ မဖြေနိုင်ဘူးဗျ၊ သီးသန့်ခန်းထဲသွားထားမယ်ဆိုပြီး သွားထားပြီး ဆရာဝန်ကြီးတွေ ပါရဂူကြီးတွေကိုယ်တိုင် လုပ်နေရင်းနဲ့ပဲ ဆုံးသွားတာပဲခင်ဗျ” ဟု အဆိုပါလူနာကို ဆေးရုံပို့ဆောင်ခဲ့သည့် လူမှုကယ်ဆယ်ရေးအသင်းမှ အဖွဲ့ဝင် ကိုသန်းထွန်းအောင်က ပြောသည်။
သေဆုံးသွားသူမှာ ရခိုင်ပြည်နယ်တောင်ပိုင်း စစ်တွေမြို့နယ်ဇာတိဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယင်ကျန်းမြို၊ ဝမ်ချီကျေးရွာရှိ ကြက်သားထုတ်လုပ်သည့် အသားစက်ရုံတွင် လွန်ခဲ့သည့် ၂ နှစ်ခန့်မှစတင်ကာ သွားရောက်လုပ်ကိုင်နေခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့် က Myanmar Now သို့ပြောသည်။
“ဓါတ်မှန်အဖြေအရရော သွေးအဖြေအရရော သူ့မှာ နှလုံးကြီးနေတာ သွားတွေ့တယ်။ သူ့မှာ အဆုတ်တစ်ခုလုံးမှာ တီဘီလို့ သတ်မှတ်လို့ရနိုင်တဲ့ အပြောက်၊ အစက်တွေ သွားတွေ့တယ်။ သွေးအဖြေမှာလည်း သူ့မှာ နာတာရှည်ကျောက်ကပ် ပျက်စီးနေတာ တွေ့ရတယ်။ နောက် အသည်းရောင်နေတာလည်း သွားတွေ့ရတယ်” ဟု ၎င်းက ဖုန်းဖြင့်ပြောသည်။
အောက်ဆီဂျင်ပြတ်၍ သေဆုံးခြင်းဖြစ်နိုင်သော်လည်း ဆေးပညာအရဆိုလျှင် အဆုတ်ကြောင့် အသက်ရှူမဝဖြစ်ပြီး သေဆုံးခြင်းဖြစ်နိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
အဆိုပါ အမျိုးသားမှာ လွန်ခဲ့သည့် လေးရက်ခန့်က နေမကောင်းဖြစ်သဖြင့် အနီးရှိတရုတ်ဆေးခန်းသို့ သွားပြခဲ့ကြောင်း၊ ဆရာဝန်က မြန်မာနိုင်ငံသို့ပြန်ကာ ဆေးကုသမှုခံယူခိုင်းခဲ့သည်ဟု သေဆုံးသူမိသားစုဝင်များထံမှသိရကြောင်း ၎င်းကဆိုသည်။
“တရုတ်ဆေးခန်းက စစ်စရာရှိတာစစ်ပြီး မင်းတို့တွေကဒီမှာဖြစ်တဲ့ ရောဂါမျိုးဖြစ်တာမဟုတ်ဘူး။ ဒီမှာဆေးရုံတက်ဖို့လည်း မင်းကမတတ်နိုင်တော့ မင်းတို့နိုင်ငံကိုပြန်ဆိုလို့ ပြန်လာတာလို့ပြောတယ်” ဟု ဒေါက်တာတင်မောင်ညွန့်က Myanmar Now ကိုပြောသည်။
လက်ရှိတွင် သေဆုံးသူ၏နှာခေါင်း၊ အာခေါင်တို့မှ တို့ပတ်နမူနာယူထားပြီး ရန်ကုန်ရှိ အမျိုးသားကျန်းမာရေး ဓါတ်ခွဲခန်း (NHL) သို့ ပေးပို့ထားပြီး အဖြေထွက်ပါက ကိုဗစ် ၁၉ ဟုတ်မဟုတ် တရားဝင်ကြေညာပေးသွားမည်ဟု ၎င်းကဆိုသည်။
ကားပေါ်တွင် သေဆုံးသူနှင့်အတူလိုက်ပါလာသည့် ခရီးသည် ၂၈ ယောက်ကိုလည်း ကျန်းမာရေးစိစစ်မှု ပြုလုပ်ပြီး ဆေးမှတ်တမ်းများ၊ နေရပ်လိပ်စာတို့ကိုရယူထားကာ ရန်ကုန်သို့ ဆက်လက်ထွက်ခွာခွင့်ပြုခဲ့ကြောင်း သူကပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











