တိမ်းရှောင်သွားသည့် စက်ရုံပိုင်ရှင်တရုတ်လူမျိုးနှင့် မြန်မာလူမျိုး ကုမ္ပဏီရှယ်ယာရှင်တို့ကို တရားစွဲမည်ဟု အလုပ်သမားရေးရာအစိုးရတာဝန်ရှိသူက ပြောသည်
ရန်ကုန် ရွှေပြည်သာစက်မှုဇုန် (၂) ရှိ အပိုလို (Apollo) အထည်ချုပ်စက်ရုံပိုင်ရှင် တရုတ်လူမျိုးမှာ လုပ်ခလစာပေးခါနီးတွင် ထွက်ပြေးသွားသဖြင့် အလုပ်သမား ၄၆၀ ကျော်မှာ လစာရရှိဘဲ ဖြစ်နေကြောင်း အလုပ်သမားများနှင့် စက်ရုံတာဝန်ရှိသူများက ပြောသည်။
ပိုင်ရှင် တရုတ်လူမျိုးမှာ လစာပေးရန်တစ်ရက်အလို မတ် ၄ ညနေပိုင်းတွင် လေယာဉ်ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ကပြောသည်။
လစာပေးမည့်ရက်တွင် မွန်းလွဲ ၂ နာရီ ကျော်အထိ လစာမရရှိသည့်အတွက် စုံစမ်းမှသာ သူဌေးထွက်ပြေးသွားမှန်းသိရသည်ဟု အလုပ်သမားများကပြောသည်။
ယင်းစက်ရုံတွင် သုံးနှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သည့် စက်ရုံကုန်ပစ္စည်းအချောပိုင်းဌာန ခေါင်းဆောင် ကိုစိုင်းဟုသာ အမည်ပြောသူတစ်ဦးက “အော်ဒါတွေလည်းပုံမှန်ရနေတာပဲ။ အလုပ်သမားတွေကတော့ လစာကို မြန်မြန်ရချင်တာပေါ့။ ပစ္စည်းတွေကိုလေလံတင်ပြီး လခပေးဖို့စီစဉ်နေတယ်” ဟုဆိုသည်။
အဆောက်အအုံမှာလည်း ငှားရမ်းထားခြင်းဖြစ်ပြီး စက်ရုံအတွင်း အပ်ချုပ်စက် နှစ်ရာကျော်နှင့် အခြားစက်ပစ္စည်း အနည်းငယ်သာရှိကြောင်း အလုပ်သမားများထံမှသိရသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ စက်ရုံကို လာရောက်စစ်ဆေးခဲ့ကြသည်။
ထွက်ပြေးတိမ်းရှောင်သွားသည့် တရုတ်နိုင်ငံသား လီလီနှင့် ကုမ္ပဏီရှယ်ယာရှင်တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံသား ဦးအောင်ကျော်မင်းတို့ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရွှေပြည်သာမြို့နယ် အလုပ်ရုံနှင့်အလုပ်သမား စစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဇော်လတ်ကဆိုသည်။
“အလုပ်ရှင်ကိုတရားစွဲမယ်။ အလုပ်ရှင်ကမလိုက်နာဘူး။ တရားရုံးလည်းမလာဘူး ပျက်ကွက်တယ်ဆိုရင် တရားရုံးက အမိန့်တစ်ခုချမှာပေါ့ အဲ့အပေါ်မူတည်ပြီး ဆက်သွားရမှာပေါ့” ဟု ၎င်းက Myanmar Now သို့ပြောသည်။
ဦးအောင်ကျော်မင်းကို လက်ရှိအချိန်ထိ ဆက်သွယ်မရသေးကြောင်းဦးဇော်ဇော်လတ်ကပြောသည်။
Royal Myanmar Apollo စက်ရုံကို လွန်ခဲ့သည့်လေးနှစ်ခန့်က စတင်လည်ပတ်ခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှသိရသော်လည်း စက်ရုံနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်ကိုမူ မသိရှိရသေးပေ။
ယခုကဲ့သို့ ရုတ်တရက် စက်ရုံပိတ်လိုက်သဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ အခြားစက်ရုံများမှာလည်း အခြေအနေမကောင်းသဖြင့် အလုပ်သစ်ထပ်ရရန်မှာ မသေချာကြောင်း စက်ရုံအလုပ်သမားများက ဆိုသည်။
ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၈၀ နီးပါးတွင် ပျံ့နှံ့ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်ရောဂါ (COVID-19) ဂယက်ကြောင့် တရုတ်နိုင်ငံရှိ စက်ရုံအလုပ်ရုံများ ပိတ်ခြင်း၊ ကုန်သွယ်မှု ပြတ်တောက်ခြင်းဖြင့် ကုန်ကြမ်းပြတ်လပ်ခြင်း အပါအဝင် အခြားအကြောင်းအရင်းများစွာတို့ကြောင့် လက်ခစားစက်ရုံအချို့မှာ ပိတ်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။
ကုန်ကြမ်းရှားပါးခြင်း၊ မြေငှားရမ်းခကြီးခြင်းနှင့် အရှုံးပေါ်ခြင်း စသည့် အကြောင်းပြချက်များဖြင့် ရန်ကုန်အခြေစိုက် လက်ခစားစက်ရုံ ၁၃ ရုံပိတ်သိမ်းရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းအစိုးရ အရာရှိများကို ကိုးကားပြီး အလုပ်သမားခေါင်းဆောင်များက မတ် ၅ တွင် ပြောသည်။
အကျိုးသက်ရောက်မှုအားဖြင့် အလုပ်လက်မဲ့ဖြစ်သူ အလုပ်သမား ၅၀၀၀ ခန့် ရှိနိုင်သည်ဟုလည်း အလုပ်သမားခေါင်းဆောင်များက ခန့်မှန်းထားကြသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











