ရှေ့နေ ဝီလျံ ရှေးဘားစ်အနေဖြင့် စစ်ခေါင်းဆောင်များ၏ကျူးလွန်မှုများအတွက် တရားမျှတမှုမရှာဘဲ လူမျိုးတုံးသတ်ဖြတ်မှုမြောက်မမြောက် ဟောပြောခြင်းမှာ ‘အဓိပ္ပာယ်မရှိ’ဟု ကျောင်းသားသမဂ္ဂကပြောသည်
ရန်ကုန်၊ မတ် ၅
စစ်ခေါင်းဆောင်များက ပြည်သူလူထုအပေါ် ဖိနှိပ်ခဲ့မှုများနှင့်ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်ပေးစေလိုကြောင်း တက္ကသိုလ်ကျောင်းသားကျောင်းသူ ၂၀ ခန့်က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည့် ဥပဒေဟောပြောပွဲနှင့် အချိန်ကိုက်ပြီး ဆန္ဒပြခဲ့ကြသည်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ စွဲဆိုထားသော အမှုတွင် မြန်မာနိုင်ငံကိုယ်စားပြု ရှေ့နေအဖွဲ့ကိုဦးဆောင်သူ မစ္စတာ ဝီလျံ ရှေးဘားစ် (William Schabas) က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဥပဒေပညာရပ်ဆိုင်ရာ ဟောပြောပွဲကျင်းပနေစဉ် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ကျောင်းသားများက “Has the Lady become Madam Agent?” ၊ “Hell Hounds still at Large!” စာတမ်းများဖြင့် ဘွဲ့နှင်းသဘင်ခန်းမရှေ့ အဓိပတိလမ်းပေါ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ‘ငရဲခွေးကြီးများလွတ်နေဆဲ’ ခေါင်းစဉ်ပါစာရွက်များကို ဟောပြောပွဲတက်ရောက်သည့် ကျောင်းသူကျောင်းသားများအား လိုက်ဝေငှခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာတွင်ဖြစ်ပွားခဲ့သော လူသတ်မှုကဲ့သို့ ဖြစ်ရပ်များ၊ လူဦးရေသိန်းနှင့်ချီ ပြောင်းရွှေ့နေရသည့် ဖြစ်ရပ်များ၊ စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ဖိနှိပ်ခဲ့မှုများနှင့်ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်ပေးစေလိုကြောင်း၊ လက်ရှိတွင် ထိုကဲ့သို့ဖော်ဆောင်ခြင်းမရှိဘဲ ဂျီနိုဆိုက် (လူမျိုးတုံးသတ်ဖြတ်မှု) မြောက် မမြောက်ဟောပြောနေခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပညာရေးသုတေသနတာဝန်ခံ ကိုအောင်ဖုန်းမော်က သတင်းထောက်များအား ပြောသည်။
“ကျွန်တော်တို့လိုအပ်နေတာက ဒီကိစ္စအတွက် ချက်ချင်းလက်ငင်း တရားမျှတမှုပေးဖို့ လိုချင်တာ။ ဒီစစ်ခေါင်းဆောင်တွေကို တစ်ခုခုစီရင်ချက် ချဖို့လိုနေတာ။ ဒီတရားမျှတမှုကို မဖော်ဆောင်ဘဲနဲ့ ဂျီနိုဆိုက် မြောက်မမြောက် ဟောပြောမှုမျိုး လုပ်တယ်ဆိုတာက တကယ့်လူသတ်ကွင်းထဲမှာ အသတ်ခံနေရတဲ့ အိုးအိမ်ဆုံးရှုံးနေရတဲ့ လူတွေအတွက် တရားမျှတမှုကို မပေးဘူးလို့ငြင်းနေတာပဲ” ဟု ၎င်းက ပြောသည်။
ထို့အပြင် အစိုးရအနေဖြင့် ကျောင်းပရိဝုဏ်ကို ၎င်းတို့နှင့်ပတ်သက်သည့် ဝါဒဖြန့်ချိရေးအတွက် အသုံးချနေခြင်းအပေါ် ကန့်ကွက်ကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုညီဇော်က ဟောပြောပွဲအပြီးတွင် ပြောသည်။
“Has the Lady become Madam Agent?” စာတမ်းကို ချိတ်ဆွဲခဲ့သူ ကိုပြည့်စုံအောင်က ၎င်းအနေဖြင့် ကျောင်းသားသမဂ္ဂကိုအပြင်မှ လာရောက်ဝန်းရံသည့်ပြည်သူတစ်ဦးဖြစ်ပြီး ထိုစာသားသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်သည်ဟု Myanmar Now ကိုပြောသည်။
“ကျွန်တော်တို့ပြောချင်တဲ့ အဓိပ္ပာယ်က အရင်တုန်းက စစ်အာဏာရှင်ကို ကြံ့ကြံ့ခံ ဒုက္ခသုက္ခခံပြီး (နိုင်ငံရေးအာဏာရလာခဲ့တဲ့) လေဒီ (Lady) က အခုချိန်မှာ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာနေပြီး ပြည်သူကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်တဲ့ အစိုးရကို ကာကွယ်ပေးနေတဲ့ စစ်တပ် Agent (အကျိုးဆောင်) ဖြစ်သွားပြီလားပေါ့” ဟု ယနေ့ ပွဲသို့ လာရောက်ဝန်းရံချိန်တွင် ရေးသားခဲ့သည့် ၎င်းက ပြောသည်။
မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်အတွင်း မြန်မာ့တပ်မတော်က စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း၊ ရိုဟင်ဂျာများကို လူမျိုးတုံးအောင် အစီအမံအမျိုးမျိုးချမှတ်ကာ လုပ်ဆောင်နေကြောင်း စွပ်စွဲချက်များဖြင့် ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ ဟိဂ်မြို့အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ယမန်နှစ်အတွင်း တရားစွဲခဲ့သည်။
ထိုအမှုအတွက် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မစ္စတာ ရှေးဘားစ် ဦးဆောင်သည့် ရှေ့နေအဖွဲ့နှင့်အတူ ICJ တရားရုံး၌ ပြီးခဲ့သည့် ဒီဇင်ဘာတွင် သွားရောက်လျှောက်လဲခဲ့သည်။
ယနေ့ဟောပြောပွဲတွင် လူမျိုးတုံးသတ်ဖြတ်မှု (ခေါ်) ဂျီနိုဆိုက်နှင့်ပတ်သက်ပြီး သမိုင်းကြောင်းဖြစ်စဉ်များ၊ နိုင်ငံတကာတွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်များ၊ ဥပဒေပညာရပ်ဆိုင်ရာများ ဟောပြောခဲ့ခြင်းဖြစ်သည်။
ယနေ့ဟောပြောပွဲကို ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ တက်ရောက်ခဲ့သည်။
ယနေ့ဟောပြောပွဲသို့ သတင်းလာယူသော သတင်းမီဒီယာများအား ဟောပြောပွဲအတွင်းသို့ သတင်းယူခွင့်မပြုခဲ့ပေ။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











