တရားဝင်လိုင်စင်ရရန် ၃ လ ကြာသော်လည်း မှောင်ခိုလမ်းက သွားပါက ၃ ရက် ဖြင့် စျေးကွက်ရောက်သည် ဟု ၄င်းတို့က ထောက်ပြကြသည်။
(ရန်ကုန်) - တူးဖော်ပြီး သတ္တုများ စျေးကွက်တင်ပို့ရန် အစိုးရထံမှ ရောင်းချခွင့်လိုင်စင်ရရှိရေး လနှင့်ချီ စောင့်ဆိုင်းနေရခြင်းက သတ္တုများကို တရားမဝင်သည့် နည်းလမ်းဖြင့်ရောင်းရန် တွန်းအားပေးသကဲ့သို့ဖြစ်နေကြောင်း သတ္တုတူးဖော်ရေး လုပ်ငန်းရှင်များနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း(NGOs)များကထောက်ပြကြသည်။
ရောင်းချခွင့်လိုင်စင်ပြုလုပ်ရာတွင် သတ္တုတွင်းဦးစီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း စသဖြင့် ဌာနအသီးသီး၏ ထောက်ခံချက်များ ရယူနေရသဖြင့် အဆိုပါရုံးလုပ်ငန်းများအတွက် ၂ လကျော်ကြာ ကြာမြင့်နေတတ်သည်ဟု Georesources Services သတ္တုတူးဖော်ရေးကုမ္ပဏီ ရုံးတာဝန်ခံ ဦးဘိုဘိုက ပြောသည်။

“ကျွန်တော်တို့မှာက အဲ့ဒီဌာနအသီးသီးရဲ့ ထောက်ခံချက်တွေပါမှ ရောင်းချခွင့်ကရတာ။ သယ်ယူပို့ဆောင်ရာမှာလဲ အဲ့ဒီအထောက်အထားတွေရှိမှ သယ်လို့ရတယ်။ နောက်ပြီး ဘယ်စျေးနဲ့ ရောင်းမယ်၊ အချိန်ဘယ်လောက်ဆိုတာလည်း အတိအကျလုပ်ရတယ်” ဟု သူကဆိုသည်။
တူးဖော်ရေး ကုမ္ပဏီများက တူးဖော်ထားပြီးသား ဓာတ်သတ္ထုများကို စျေးနှုန်းမြင့်ချိန်တွင် အမြန်ဆုံး ရောင်းချချင်သော်လည်း သုံးလခန့်အထိ ရောင်းချခွင့်လိုင်စင်ကို စောင့်နေရခြင်း ကြောင့် တရားမဝင်လမ်းကြောင်းကို ရွေးချယ်ရန် တွန်းပို့နေသည်ဟု သတ္ထုတွင်းဦးစီးဌာနမှ ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ပေးနေသည့် ပြည်တွင်း NGO တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပြုသည်။


“တရားဝင်ရောင်းချခွင့်လိုင်စင်ရဖို့ ၃ လကြာချိန်မှာ တရားမဝင်က ၃ ရက်နဲ့ စျေးကွက်ထဲရောက်တယ်။ အဲ့ဒီအတွက် တိုင်းပြည်အတွက် အမှန်တကယ် ရသင့်ရထိုက်တဲ့ အခွန်အခတွေ ဆုံးရှုံးကြရော” ဟု သူက ဆိုသည်။
လုပ်ငန်းရှင်များသည် တခါတရံတွင် စျေးကွက်တင်ပို့ရေး လွယ်ကူစေရန် ရောင်းချခွင့်လိုင်စင်တွင် ပါဝင်သည့် ပမာဏထက် ပိုမိုသည့် သတ္တုများကို စျေးကွက်တင်ပို့သည့် စနစ်လည်း ကျင့်သုံးနေကြသည်ဟု ကရင်ပြည်နယ်ရှိ ဓာတ်သတ္တုတူးဖော်ရေး လုပ်ကိုင်နေသည့် အမည်မဖော်လိုသူ ကုမ္ပဏီပိုင်ရှင်တစ်ဦးကလည်း ပြောသည်။


“နယ်စပ်ရောက်တာနဲ့ ဘာပြဿနာမှ မရှိတော့ဘူး။ လမ်းမှာစစ်ရင် ပါမစ်လက်ထဲပါတယ်” ဟု သူကဆိုသည်။
ယခုလို စျေးကွက်ရောင်းချခွင့်လိုင်စင်ပါမစ် အချိန်ကြန့်ကြာနေမှုကို ဖြေလျော့ကာ ပါမစ်အမြန်ရရှိရေး အတွက် အကောင်အထည်ဖော်သွားမည်ဟု သတ္တုတွင်းဦးစီးဌာန ဒုတိယညွှန်ကြား ရေး မှူး ဦးကျော်သက်က ပြောသည်။
“အခုချိန်မှာတော့ သည်းခံပေးပါဦးပေါ့။ ကျွန်တော်တို့ ပြန်သုံးသပ်နေပါတယ်။ မကြာခင်မှာပဲ ကျွန်တော်တို့ ညွှန်ကြားရေးမှူးချုပ်ကနေတဆင့် ဝန်ကြီးဆီကို တင်ပြဖို့ရှိပါတယ်။ အဲ့ဒါတွေ အတည်ဖြစ်သွားပြီဆိုရင်တော့ အဆင်ပြေသွားမှာပါ” ဟု သူက နိုဝင်ဘာ ၁၉ ရက် ရန်ကုန် ရှန်ဂရီလာဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံ၏ EITI အစီရင်ခံစာများ ကြေညာခြင်းနှင့် လူထုဆွေးနွေးပွဲတွင် Myanmar Now ၏ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











