နိုင်ငံပိုင်၊ တပ်ပိုင်နှင့် တရုတ်ဖက်စပ်ကုမ္ပဏီအချို့ အကျိုးအမြတ်ကို မထုတ်ပြန်

တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်နေသည့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီများသည် ပွင့်လင်းမြင်သာမှု လုပ်ငန်းစဉ်တွင် ပါဝင်ရမည်ဟု သမ္မတက ညွှန်ကြားထားသည်။

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းလုပ်ငန်းခွင် (ဓာတ်ပုံ - ထက်ခေါင်လင်း / Myanmar Now)

နိုင်ငံပိုင် သတ္တုတွင်းလုပ်ငန်း၊ တပ်မတော်ပိုင် ကော်ပိုရေးရှင်း၊ ထိပ်တန်းပုဂ္ဂလိကလုပ်ငန်းများ ဖြစ်ကြသည့် မက်စ်(မြန်မာ) နှင့် ရွှေတောင်စသည့် ကုမ္ပဏီများအပါအဝင် ကုမ္ပဏီ ၄၁ ခုသည် အကျိုးအမြတ်ပိုင်ဆိုင်မှု အချက်အလက်များကြေညာသည့် ပုံစံကို အချိန်မီမတင်သွင်းခဲ့ဟု ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (M-EITI) ၏ ပထမအကြိမ် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ ဖော်ဆောင်ရေးလုပ်ငန်းစဉ်အရ ထွက်ပေါ်လာသည့် သုံးသပ်ချက်အစီရင်ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။

သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (EITI) စံနှုန်းလိုအပ်ချက်နှင့်အညီ ကုမ္ပဏီပေါင်း ၁၆၂ ခုထံမှ ၎င်းတို့၏အကျိုးအမြတ်ရရှိပိုင်ဆိုင်သူများကို အွန်လိုင်းမှတစ်ဆင့် ဇန်နဝါရီလ ၁ ရက်နောက်ဆုံးထား ထုတ်ဖော်ပေးရန် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက M-EITI က တောင်းခံခဲ့ရာ ကုမ္ပဏီ ၁၂၁ ခုက အချက်အလက်များ အချိန်မီပေးပို့ခဲ့ပြီး ၄၁ ခုက မတင်သွင်းခဲ့ကြောင်း ထိုသုံးသပ်ချက်တွင် ဖော်ပြထားသည်။

အချက်အလက်အချိန်မီပေးပို့သည့် ကုမ္ပဏီ ၁၂၁ ခုအနက် ကုမ္ပဏီ ၈၀ သည်သာ ကိုက်ညီသည့် အချက်များကို အပြည့်အစုံတင်သွင်းခဲ့ပြီး ကျန်ကုမ္ပဏီ ၁၀ ခု၏ တင်ပြချက်များတွင် အမှားအနည်းငယ် (သို့မဟုတ်) ချန်လှပ်မှု အနည်းငယ်ပါဝင်ပြီး ကျန်ကုမ္ပဏီ ၃၁ ခု၏တင်ပြချက်များတွင်မူ ၎င်းတို့ အပေါ်ယုံကြည်မှုကို ယုတ်လျော့စေနိုင်သည့် ကွာဟချက်အတော်များများပါသည်ဟုလည်း ဆိုထားသည်။

အကျိုးအမြတ်ပိုင်ဆိုင်မှုဆိုင်ရာအချက်အလက်များ အချိန်မီမပေးပို့ခဲ့သည့် ကုမ္ပဏီ ၄၁ ခုထဲတွင် နိုင်ငံပိုင် အမှတ် (၂) သတ္တုတွင်းလုပ်ငန်း၊ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ ထင်ရှားသည့် လုပ်ငန်းရှင် ဦးဇော်ဇော်ပိုင် မက်စ်(မြန်မာ) ထုတ်လုပ်မှုကုမ္ပဏီလီမိတက်၊ ဦးအိုက်ထွန်းပိုင် ရွှေတောင် သတ္တုတူးဖော်ရေး ကုမ္ပဏီတို့လည်း ပါဝင်သည်။

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများအား ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အစီအစဉ် (MEITI) အရ သယံဇာတတူးဖော်သည့်ကုမ္ပဏီများအနေဖြင့် ရှာဖွေ တူးဖော် ထုတ်လုပ် ရောင်းချခြင်းအဆင့်တို့တွင် လိုင်စင်၊ ခွင့်ပြုမိန့်၊ စာချုပ်များ၊ အကျိုးအမြတ် ရရှိ ပိုင်ဆိုင်သူများ၏ တစ်ဦးချင်းပိုင်ဆိုင်မှုပမာဏ၊ မည်သို့ပိုင်ဆိုင်ထိန်းချုပ်နေသည် ဆိုသည့် အသေးစိတ်အချက်အလက်များ၊ နိုင်ငံရေးအရ ဩဇာတိက္ကမရှိသူများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ဖို့ တောင်းဆိုခဲ့သည်။

မြန်မာ့စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MEHL)၏ အကျိုးအမြတ်ရရှိ ပိုင်ဆိုင်သူများတွင် အကြီးတန်းတပ်မတော်အရာရှိများပါဝင်နေသော်လည်း နိုင်ငံရေးအရ ဩဇာတိက္ကမ ရှိသူများအဖြစ် တင်ပြထားခြင်းမရှိသည့်အတွက် ထင်ရှားသည့် ကွာဟချက်များ၊ အမှားများ ရှိနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုသို့ပါဝင်နေသည့်ကုမ္ပဏီများအနက် လက်ပံတောင်းကြေးနီစီမံကိန်းတွင် လုပ်ကိုင်နေသည့် မြန်မာဝမ်ဘောင်မိုင်းနင်းကော့ပါးလီမိတက်နှင့် စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီလုပ်ငန်းများတွင် မြှုပ်နှံနေသည့် မြန်မာယန်စီကော့ပါးလီမိတက်တို့ပါ၀င်နေပြီး ထိုကုမ္ပဏီများက “အကျိုးအမြတ် ရရှိ ပိုင်ဆိုင်သူမရှိ” ဟု ထုတ်ပြန်ထားသည်မှာ သံသယဖြစ်ဖွယ်ကောင်းသည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။

သယံဇာတတူးဖော်ရေးကဏ္ဍအောက်မှ (ရေနံနှင့်သဘာဝဓါတ်ငွေ့တူးဖော်ထုတ်လုပ်ရေးနှင့် ဆက်သွယ်ပို့ဆောင်ရေး၊ သတ္တုတူးဖော်ရေး၊ ပုလဲထုတ်လုပ်ရေး၊ ကျောက်စိမ်းနှင့်ကျောက်မျက်) ကုမ္ပဏီများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် အကျိုးအမြတ်ရရှိပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များ ထုတ်ဖော်တင်ပြရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတက ၂၀၁၉ အောက်တိုဘာ ၂ ရက်နေ့ရက်စွဲဖြင့် အမိန့်ကြေညာစာထုတ်ပြန်ခဲ့သည်။

သို့သော် ပိုင်ဆိုင်မှုဆိုင်ရာအချက်အလက်များ မထုတ်ပြန်ပါက မည်ကဲ့သို့ အရေးယူဆောင်ရွက်မည် ဆိုသည့် အချက်မျိုး မပါဝင်သည့်အတွက် လိုက်နာဆောင်ရွက်မှု အားနည်းစေနိုင်သည်ဟု အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြသည်။

EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှ အရပ်ဘက်ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက “သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ဝန်ကြီးဌာနအောက်မှာရှိတဲ့ အမှတ် (၂) သတ္တုတွင်း ကိုယ်တိုင်ကမဖြေထားပါဘူး။ ကုမ္ပဏီအကြီးကြီးတွေ မဖြည့်ထားပါဘူး။ ဒါသည်ရှင်းပါတယ်။ မလိုက်နာချင်လည်း မလိုက်နာလို့ရတယ်။ လိုက်နာချင်လည်း လိုက်နာလို့ရတယ်ဆိုတဲ့ ပုံစံမျိုးပေါက်နေတယ်” ဟု ထောက်ပြသည်။

ထို့ကြောင့် “(ပိုင်ဆိုင်မှုဆိုင်ရာ)ထုတ်ဖော်ကြေညာမှသာလျှင် လိုင်စင်ပေးမယ်။ ဒါမှမဟုတ် မဖော်ထုတ်ဘူးဆိုရင် လုပ်နေတဲ့လုပ်ငန်းတွေ သက်တမ်းရှိနေတဲ့ဟာတွေကို ရပ်နားထားမယ် ဆိုတာမျိုးသော်လည်းကောင်း၊ အမိန့်ညွှန်ကြားချက်တွေ ထွက်တယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန်နဲ့ အကောင်အထည်ဖော်နိုင်မယ်” ဟု သူကအကြံပြုသည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် EITI အဖွဲ့ဝင်နိုင်ငံလောင်း တစ်နိုင်ငံဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ EITI (M-EITI) သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ကို ၂၀၁၇ ခုနှစ် မတ်လတွင် အစိုးရကိုယ်စားလှယ်နှင့် ပုဂ္ဂလိကကိုယ်စားလှယ် ခုနစ်ဦးစီ၊ အရပ်ဘက်ကိုယ်စားလှယ် ကိုးဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် EITI အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading