အဆောက်အအုံပိုင်ဆိုင်ခွင့်နှင့် နစ်နာကြေး ကျပ်ငါးဘီလျံ ရလိုမှုဖြင့် မူလပိုင်ရှင်၏ မြစ်ဟု ဆိုသူက ရန်ကုန်အစိုးရထောင်ထားသည့် ကုမ္ပဏီအပြင် အစိုးရအဖွဲ့ကိုပါ တရားစွဲရန် ကြိုးစားနေသည်။
ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းပေါ်ရှိ တိုးရစ်ဘားမားအဆောက်အအုံအမှုတွင် ရန်ကုန်တိုင်းအစိုးရကိုပါ ပူးတွဲတရားပြိုင်အဖြစ် မူလပိုင်ရှင်၏ မြစ်တော်စပ်သူဟု ဆိုသူဘက်က လျှောက်ထားမှုကို ရန်ကုန်တိုင်းတရားလွှတ်တော်က ယနေ့ပယ်ချလိုက်သည်။
ရန်ကုန်အစိုးရကိုပါ တရားပြိုင်အဖြစ် ထည့်သွင်းရန် ဇန်နဝါရီလအတွင်းက လျှောက်ထားရာတွင် တရားမကျင့်ထုံး ဥပဒေပုဒ်မ ၈၀နှင့် အညီ တရားစွဲဆိုခြင်း မရှိသည့်အတွက် ပလပ်လိုက်သည်ဟု ရန်ကုန်တိုင်း တရားလွှတ်တော် တရားသူကြီး ဦးအောင်နိုင်က ယနေ့တရားခွင်တွင်ပြောသည်။
တရားမကျင့်ထုံး ဥပဒေပုဒ်မ (၈၀) အရ အစိုးရကိုဖြစ်စေ၊ တာဝန်အရဆောင်ရွက်သည့် အစိုးရအရာရှိကိုဖြစ်စေ တရားမကြောင်းအရ တရားစွဲဆိုလိုပါက အကြောင်းကြားနို့တစ်စာ ပေးပို့ပြီး ၂ လပြည့်ပြီးမှသာ တရားစွဲဆိုနိုင်မည်ဖြစ်သည်။
တရားရုံးက ပယ်ချမည်ကို မျှော်လင့်ပြီးဖြစ်၍ မထူးခြားကြောင်း၊ ၎င်း၏အမှုသည်နှင့် တိုင်ပင်ပြီးနောက် တိုင်းအစိုးရကို တရားစွဲဆိုနိုင်ရန် ဆက်ကြိုးစားသွားမည်ဖြစ်ကြောင်း တရားလိုဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ငြိမ်းကပြောသည်။
တိုးရစ်ဘားမား အငြင်းပွားမှုတွင် မူလပိုင်ရှင်ဆိုသူ မုဟမ္မဒ် အီဘရာဟင်မန်နီး မိသားစုသည် ထိုအဆောက်အအုံကို ကျပ် ၁၉၂ သန်းအကုန်အကျခံ ပြုပြင်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် ရန်ကုန် မက်ထရို ပိုလီတန် ကုမ္ပဏီကို နစ်နာကြေးငွေ ကျပ်သိန်းငါးသောင်း ရရှိစေရန်နှင့် အဆောက်အအုံကို ထိန်းသိမ်းစီမံခန့်ခွဲခွင့် ရရှိစေရန် ၂၀၁၉ ခုနှစ် ဧပြီလကတည်းက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
တိုးရစ်ဘားမား အဆောက်အအုံဟု လူသိများသည့် ဆူးလေဘုရားလမ်းပေါ်ရှိ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ရုံးဟောင်းကို ၂၀၁၇ ခုနှစ် ဇွန်လတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြည်သူ့အိမ်ရာစီမံကိန်းများ ဦးစီးကော်မတီရုံး ဖွင့်လှစ်ရန်အတွက် ကြံ့ခိုင်မှုနှင့်ရှေးမူမပျက် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်မက်ထရို ပိုလီတန်ကုမ္ပဏီ (Yangon Metropolitan Development Public Co., Ltd) ကို လုပ်ဆောင်စေခဲ့သည်။
ရန်ကုန် မက်ထရိုပိုလီတန် ကုမ္ပဏီ၏ရှေ့နေ ဦးခင်မောင်ကြီးက ရန်ကုန်မက်ထရိုပိုလီတန် ကုမ္ပဏီက ထိုအဆောက်အအုံကို ပြုပြင်ရန်သာ တာဝန်ယူထားခြင်းဖြစ်ပြီး အဆောက်အအုံမှာ တိုင်းအစိုးရ လက်ဝယ်တွင်သာရှိ၍ အဆောက်အအုံ ရလိုမှုဖြင့် မက်ထရို ပိုလီတန် ကုမ္ပဏီကို တရားစွဲဆိုခြင်းမှာ အမှုတည်ဆောက်ပုံ မှားယွင်းနေကြောင်း ပြောသည်။
“ဒီအမှုပုံစံမှားနေတယ်။ရန်ကုန်တိုင်းဒေသကြီး အစိုးရ လက်ဝယ်မှာရှိတာကို သူက လက်ရောက် ရလိုမှုနဲ့ စွဲလိုက်တော့ ရန်ကုန်မက်ထရို ပိုလီတန်ကုမ္ပဏီ လက်ဝယ်မှာမှမရှိတာ” ဟုပြောသည်။
ရန်ကုန်မက်ထရို ပိုလီတန်ဘက်က အမှုတည်ဆောက်ပုံ မှားယွင်းနေသည်ဟု ချေပလွှာတင်သွင်းထား၍ လာမည့်မတ်လ ၁၉ ရက်နေ့ ရုံးချိန်းတွင် အမှု တည်ဆောက်ပုံမှန်ကန်မှုရှိမရှိကို တရားလိုဘက်က လျှောက်လဲချက် တင်သွင်းရမည်ဖြစ်သည်။
ရန်ကုန် မက်ထရိုပိုလီတန် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလိမိတက်မှာ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးမူအရ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားပြုဒါရိုက်တာ ၆ ဦး၊ မြန်မာ့ဆောက်လုပ်ရေးနှင့်ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီ ကိုယ်စားပြုဒါရိုက်တာ ငါးဦး တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
Tourist Burma အဆောက်အအုံ (နောင်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အဆောက်အအုံ) ကို ၁၉၁၈ ခုနှစ် မေလတွင် မုဟမ္မဒ် အီဘရာဟင် မန်နီးဆိုသူက ဝယ်ယူ ထားခဲ့ခြင်းဖြစ်ပြီး ထိုအဆောက်အအုံကို မိသားစု သားစဉ်မြေးဆက် ထိန်းသိမ်းစီမံခန့်ခွဲခွင့်၊ အကျိုးခံစားနိုင်ရန် မြန်မာနိုင်ငံတရားဥပဒေ ပုဒ်မ ၁၃(၁)၊ အစ္စလာမ် တရားဥပဒေများနှင့်အညီ မိသားစု 'ဝကဖ်' (ဂေါပက) ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း မြစ်တော်စပ်သူ ဦးဘီလားက ပြောသည်။
ဝကဖ်ဆိုသည်မှာ မွတ်စလင်တစ်ဦးက ၎င်းပိုင်ဆိုင်သည့် မြေယာ၊ အဆောက်အအုံစသည်ကို ပညာရေး၊ ဘာသာရေး၊ ပရဟိတ ကိစ္စတစ်ရပ်ရပ်အတွက် ရည်စူးထားခြင်းဖြစ်ပြီး ဂေါပကအဖွဲ့က စီမံကွပ်ကဲကာ ရောင်းချခွင့်မရှိဟုဆိုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











