ကာဒီနယ်လ်ချားလ်စ်ဘို၏ သက်တော် ရဝ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ပြေးဒုက္ခသည်တို့ကို ထောက်ပံ့ရန် ပြင်ဆင်နေသည် (သတင်း အစ အဆုံး)
မြန်မာနိုင်ငံ၏ အထင်ကရ ခရစ်ယာန်ခေါင်းဆောင် ကာဒီနယ်လ်ချားလ်စ်ဘို၏ သက်တော် ၇ဝ ပြည့် မွေးနေ့အတွက် ကောက်ခံရရှိသည့် အလှူငွေများ၊ လှူဖွယ်ပစ္စည်းများကို မြစ်ကြီးနား၊ ဗန်းမော်နှင့် လားရှိုးရှိ စစ်ရှောင်စခန်းများသို့ ပေးပို့မည်ဟု သိရသည်။
အလိုအပ်ဆုံးသော နေရာများထဲမှ ထိုနေရာတို့ကို ရွေးချယ်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ မွေးနေ့အမှတ်တရ လှူဒါန်းမည်ဟု ကာဒီနယ်လ်၏ အတွင်းရေးမှူး ဖာသာရ်ဒေါမနစ်ဇာဗီနူးက Myanmar Now ကို ပြောသည်။

“အဓိကကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေးရှုပြီးတော့ လှူမှာ။ အဲဒီနေရာတွေက ပိုပြီးတော့ ဆင်းရဲတယ်။ စစ်ရှောင်၊ ဒုက္ခသည်တွေ ရှိတာကြောင့် အခြေခံ လိုအပ်ချက်တွေ ပိုပြီးတော့ လိုအပ်မယ် လို့ ထင်တာကြောင့် အဲဒီနေရာတွေကို ရွေးပြီးတော့ မွေးနေ့ကုသိုလ် လှူတာပါ” ဟု ဖာသာရ်ဒေါမနစ်ဇာဗီနူးက မိန့်သည်။
အလှူအတွက် ဆရာတော်ကြီးကိုယ်တိုင် စခန်းများသို့ သွားရောက်ရေးအတွက် မဆုံးဖြတ်ရသေးဟု ဆိုသည်။


ဆရာတော်ကြီး၏ မွေးနေ့ အထိမ်းအမှတ် အစီအစဉ်မျိုးကို ယခင်နှစ်များက မတွေ့ခဲ့ရသော်လည်း မြန်မာနိုင်ငံ ကက်သလစ်အသင်းတော်က စစ်ရှောင်စခန်းများသို့ ပုံမှန် လှူဒါန်း ထောက်ပံ့လေ့ ရှိကြောင်း သိရသည်။
၂ဝ၁၁ခုနှစ်တွင် ပြန်လည် စတင်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကချင်နှင့်ရှမ်းပြည်နယ်အတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၁ဝရ,ဝဝဝ ခန့် ရှိနေသည်ဟု ကုလသမဂ္ဂက စက်တင်ဘာလတွင် ခန့်မှန်းထားသည်။


မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ်ဆရာတော် ချားလ်စ်ဘိုကို ပုပ်ရဟန်းမင်းကြီးက ၂ဝ၁၅ နှစ်ဆန်းပိုင်းတွင် ရဟန်းအမတ်အဖြစ် ခန့်အပ်ခဲ့သည်။ မြန်မာကက်သလစ်များထဲမှ ပထမဆုံး ထိုသို့ တာဝန်ပေးခံရခြင်း ဖြစ်ပြီး ထိုခန့်အပ်မှုသည် ကက်သလစ်ခရစ်ယာန်သာသာနာ မြန်မာပြည်သို့ ရောက်ရှိသည့် နှစ် ၅၀၀ ပြည့် အခါသမယနှင့်လည်း တိုက်ဆိုင်နေသည်။
၀ါတော် ၂၈ ၀ါ ရှိသည့် ကာဒီနယ်လ် ချားလ်စ်ဘိုသည် မကြာသေးမီ ရက်ပိုင်းအတွင်း အာရှရေးရာ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်မှာလည်း ဥက္ကဋ္ဌတစ်ဦးအဖြစ် ကြေညာ ခံခဲ့ ရသည်။
ကာဒီနယ်လ် ချားလ်စ်ဘိုသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို စိတ်ရှည်ပေးကြရန် နိုင်ငံတကာသို့ မေတ္တာရပ်ခံလျက်ရှိသည်၊ နိုင်ငံအတွင်း အမုန်းတရား ပြန့်ပွားရေး လုပ်ဆောင်မှုများကို ဟန့်တားကြရန်၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပါဝင်ကူညီကြရန် အဆက်မပြတ် တိုက်တွန်းခဲ့သည့် ဘာသာရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












