မျိုးစောင့်ဥပဒေကိုအစိုးရဖျက်ဟု ကြံ့ခိုင်ရေးဝန်ဟောင်း ပြောဟောချက် NLD အမတ်တိုင်ကြား

ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်၏ ဟောပြောချက်များသည် အာဏာရပါတီ၊ အစိုးရနှင့် လွှတ်တော်တို့ကို ပြည်သူများအမြင်လွဲအောင်လုပ်သည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်က တိုင်ကြားခြင်း ဖြစ်သည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ၂၀၁၉ ဒီဇင်ဘာ ၄ ရက်တွင်ပြုလုပ်သည့် တွေ့ဆုံပွဲတစ်ခုတွင် တွေ့ရသည့် ဦးမြင့်လှိုင် (ဓာတ်ပုံ - ပြည်ခိုင်ဖြိုး)။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးမြင့်လှိုင်သည် ပြည်သူများက လက်ရှိအစိုးရအပေါ် အထင်အမြင်လွဲမှားစေရန် ပြောကြားခဲ့သည်ဟုဆိုကာ ၎င်း၏ပါတီကို လိုအပ်သလိုညွှန်ကြားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်အမတ်တစ်ဦးက အာဏာပိုင်အဖွဲ့များထံ မကြာသေးမီက တိုင်ကြားလိုက်သည်။

တိုင်ကြားသူမှာ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသန့်ဇင်ထွန်းဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတို့ထံ လိပ်မူကာ ဖေဖော်ဝါရီ ၁၇ ရက် နေ့စွဲဖြင့် ၎င်းက တိုင်စာနှစ်စောင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ယခင်ဦးသိန်းစိန်အစိုးရလက်ထက် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးလည်းဖြစ်သော ပြည်ခိုင်ဖြိုးဗဟိုကော်မတီဝင် ဦးမြင့်လှိုင်သည် ဖေဖော်ဝါရီလ ၈ ရက်က ဒက္ခိဏသီရိမြို့နယ်ပါတီရုံး၌ သီရိမင်္ဂလာကျေးရွာမှ ဒေသခံပြည်သူ ၅၀ ခန့်နှင့် တွေ့ဆုံရာတွင် လက်ရှိအစိုးရသည် ယခင်ပြည်ခိုင်ဖြိုးအစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သည့် မျိုးစောင့်ဥပဒေများကို ဖျက်သိမ်းလိုက်ပြီဟု ပြည်သူများအထင်အမြင်လွဲမှားအောင် ကျင့်ဝတ်နှင့်ညီညွတ်မှုမရှိဘဲ စည်းရုံးဟောပြောမှုများ ပြုလုပ်ခဲ့သည်ဟု တိုင်ကြားစာတွင် ဖော်ပြထားသည်။

ဦးမြင့်လှိုင်၏ ဟောပြောချက် အသံဖိုင်မှတ်တမ်းနှင့်အတူ ဦးသန့်ဇင်ထွန်းက အာဏာပိုင်များထံ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

Myanmar Now က သီးခြားရရှိထားသော ဦးမြင့်လှိုင်၏ ဟောပြောချက် အသံဖိုင်မှတ်တမ်း၏ တစ်နေရာတွင် ၎င်းက “… တိုင်းပြည်တိုးတက်အောင်လုပ်မယ့် အစိုးရ ဒီမျိုးစောင့်ဥပဒေတို့ဘာတို့ အရင်ဆုံး ဖျက်တယ်၊ ဘာကြောင့်ဖျက်ရတာလဲ၊ ဖျက်လား၊ ဘာလို့ဖျက်ရတာလဲ။ မျိုးစောင့်ဥပဒေကို ဖျက်စရာလိုသလား (‘မလိုပါဘူး’ ဟု အခြားသူများက ဖြေသည်) ကျွန်တော်တို့မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသားတွေအများစု ၉၀ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာ ကိုးကွယ်တာလေဗျာ၊ ဗုဒ္ဓဘာသာကိုးကွယ်တာကို တန်ဖိုးထားရမှာပေါ့။ ကိုယ့်အမျိုးဘာသာသာသနာကို စောင့်ရှောက်မယ့်ဥပဒေ ဘာကြောင့်မို့ဖျက်ပစ်ရတာလဲ၊ တိုင်းပြည်တိုးတက်ဖို့ဖျက်တာလား၊ တိုင်းပြည်ပျက်ဖို့ဖျက်တာလား…” ဟု ပြောကြားထားသည်ကို တွေ့ရှိရသည်။

တိုင်ကြားခံရမှုနှင့်စပ်လျဉ်း၍ ကာယကံရှင် ဦးမြင့်လှိုင်ထံ ဆက်သွယ်မေးမြန်းရန် Myanmar Now က ကြိုးပမ်းခဲ့သော်လည်း ဖေဖော်ဝါရီလ ၁၉ ရက် ညနေအထိ မရသေးပါ။ ပြည်ခိုင်ဖြိုးပြောခွင့်ရ ဦးသိန်းထွန်းဦးကတော့မဲဆွယ်စည်းရုံးတာကတော့ ကော်မရှင်က ရွေးကောက်ပွဲရက်ကြေညာမှလုပ်ပါတယ်။ အခုကိစ္စကတော့ မသိသေးပါဘူးဟု ပြောသည်။

ဦးမြင့်လှိုင်ပြောကြားခဲ့သည်ဆိုသော တစ်နာရီနီးပါးကြာ အသံဖိုင်တွင် တိုင်တန်းချက်ပါ အကြောင်းအရာများအပြင်၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးက အနိုင်ရအောင် ကြိုးစားရမည်၊ လက်ရှိအစိုးရသည် နိုင်ငံခြားသားအကြံပေးများ၏ ပြောဆိုချက်များအတိုင်း လိုက်လုပ်နေပြီး ပြည်သူလူထုနစ်နာနေသည် စသဖြင့်လည်း ပြောဆိုခဲ့သည်။

ဦးမြင့်လှိုင်၏ ဟောပြောချက်များသည် မမှန်ကန်သော အချက်များကို အသုံးပြုကာ NLD ပါတီ၊ အစိုးရ နှင့် လွှတ်တော်တို့အား ပြည်သူက အထင်အမြင်လွဲအောင် လုပ်ခဲ့သည်ဟု NLD အမတ် ဦးသန့်ဇင်ထွန်းက ဆိုသည်။

ပါတီစည်းရုံးရေးလုပ်လို့ရတယ်၊ လိုက်နာရမယ့် ကျင့်ဝတ်နဲ့အညီ လုပ်ဖို့လိုတာပေါ့ဟု ၎င်းက Myanmar Now ကို ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ထံ သူ၏ ပေးပို့သည့်စာတွင် “နိုင်ငံတော်၏အကျိုးငှာ သက်ဆိုင်ရာပါတီအား လိုက်နာရမည့်အချက်များ သတ်မှတ်ညွှန်ကြားပေးရန် တင်ပြတိုင်ကြားခြင်း” ဟု ခေါင်းစဉ်တပ်ထားပြီး အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနထံ ပေးပို့သည့်စာတွင် ဒက္ခိဏသီရိမြို့နယ်ပါ ကျေးရွာတစ်ရွာကို ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် သတ်မှတ်ပေးရန် (သို့မဟုတ်) “အထွေထွေရွေးကောက်ပွဲများတွင် နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်းဆောင်ရွက်သူများနှင့် ကူညီသူများအား အရေးယူပေးပါရန်” ဟု ခေါင်းစဉ်တပ်ထားသည်။

မျိုးစောင့်ဥပဒေဟု နာမည်ကျော်သော ဥပဒေများမှာ သမ္မတဦးသိန်းစိန်အစိုးရ ငါးနှစ်သက်တမ်းကုန်ခါနီး ၂၀၁၅ ခုနှစ်အတွင်း အတည်ပြုထုတ်ပြန်ခဲ့သည့် ဥပဒေ လေးခုဖြစ်ပြီး လက်ရှိအချိန်အထိ တည်ဆဲဥပဒေများအဖြစ်သာ ရှိနေသေးသည်။

အဆိုပါဥပဒေများသည်တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေမြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနှင့်လူဦးရေတိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေတို့ဖြစ်သည်။

တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးလည်းဖြစ်ခဲ့သည့် ဦးမြင့်လှိုင်သည် ပြည်ခိုင်ဖြိုးကို ကိုယ်စားပြု၍ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင်မူ ဦးမြင့်လှိုင်သည် ယခုတိုင်ကြားထားသူ NLD မှ ဦးသန့်ဇင်ထွန်းအား အဆိုပါမဲဆန္ဒနယ်၌ပင် ရှုံးနိမ့်ခဲ့သည်။ ထိုစဉ်က ဦးသန့်ဇင်ထွန်းသည် ,၄၂၁ မဲ ရခဲ့ပြီး ဦးမြင့်လှိုင်က ,၂၉၆ မဲ ရခဲ့သည်။

ယခုတိုင်ကြားစာများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါ။ တိုင်စာပါ “အရေးယူပေးရန်” ဆိုသော အချက်နှင့် ပတ်သက်၍ မည်သို့အရေးယူ၍ရနိုင်သည်ကိုလည်း မသိရသေးပါ။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကမူ တိုင်စာမဖတ်ရသေး၍ မှတ်ချက်မပြုနိုင်ဟု Myanmar Now ကို ရှင်းပြသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးကမူသက်ဆိုင်ရာ ဥပဒေတွေမှာ သတ်မှတ်ပြဋ္ဌာန်းထားတာတွေ ရှိပြီးသားပါ” ဟုသာ ပြောပြီး ယခုကိစ္စကို မသိရသေးဖြင့် မှတ်ချက်မပေးနိုင်သေးဟု ပြောသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၄ (က) အရမူ ထိုဥပဒေ သို့မဟုတ် တည်ဆဲဥပဒေတစ်ခုကို ချိုးဖောက်သည့်ပါတီကို ကော်မရှင်က “လိုအပ်သည်များလိုက်နာဆောင်ရွက်ရန် အချိန်ကာလသတ်မှတ်ညွှန်ကြားနိုင်သည်” ဟု တွေ့ရသည်။

ဦးမြင့်လှိုင်၏ ဟောပြောပွဲကို တက်ရောက်ခဲ့ကြသူများ၏ သီရိမင်္ဂလာကျေးရွာသည် ပလွေး သစ်တောကြိုးဝိုင်းအတွင်း ကျရောက်နေသည်ဟုဆိုကာ အစိုးရက ကျူးကျော်အဖြစ် သတ်မှတ်ထားသော်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လူ ၄၀၀ ကျော် မဲပေးခွင့် ရဖူးကြောင်း၊ လက်ရှိတွင် လူဦးရေ ၁၆၀၀ ကျော် နေထိုင်ကြောင်း ရပ်မိရပ်ဖ ဦးတင်မြင့်က Myanmar Now ကို ပြောသည်။

၎င်းတို့ထဲမှ သုံးဦးကို Myanmar Now က တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။ တရားဝင်နေထိုင်ခွင့်ရရေး စိုးရိမ်နေကြရသော ရွာသူရွာသားများသည် အငြင်းပွားဖွယ်ရာ နိုင်ငံရေးဟောပြောချက်များကြောင့် ဒေသခံအချင်းချင်းအကြား စိတ်ဝမ်းကွဲကြမည်ကို စိတ်ပူကြောင်း ထိုသူများထဲမှ တစ်ဦးကဆိုသည်။

ရွာသူရွာသားတွေဆိုတာက စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့အတွက် နိုင်ငံရေးထဲမှာ ဗဟုသုတအတွေ့အကြုံ မရှိတဲ့အခါကျတော့ သူတို့ထောက်ပြတဲ့ဟာတွေကို တကယ်ဟုတ်နိုးနိုး ဆိုတာတွေ သံသယဝင်မှာပါဟု တွေ့ဆုံပွဲတွင် ပါဝင်သည့် ရွာသားတစ်ဦးက ပြောသည်။

အဆိုပါရွာသားက ကျူးကျော်အဖြစ် နေထိုင်နေရသည့် ၎င်းတို့၏ အခြေအနေကြောင့် အမည်မဖော်လိုဟု ဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနသို့ ပေးပို့သည့်စာတွင်မူ ဦးမြင့်လှိုင်ကို အရေးယူပေးရန်အပြင် ၎င်း၏ အထက်ပါလုပ်ရပ်ကို ထောက်ချင့်၍ နိုင်ငံရေးအမြတ်ထုတ်မှု ထပ်မံမခံရစေရေး သီရိမင်္ဂလာအား ပြည်ထဲရေးအမည်ပေါက် ကျေးရွာအဖြစ် သတ်မှတ်ပေးရန်ကိုပါ ဦးသန့်ဇင်ထွန်းက ထည့်သွင်းတောင်းဆိုထားသည်။

ကျူးကျော်ဖြစ်နေတဲ့ရွာကို နိုင်ငံရေးအမြတ်ထုတ်ဖို့ကြိုးစားတာတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက ဘယ်လိုလုပ်ပေးနိုင်မလဲ၊ ဘာသာရေးလူမျိုးရေးကို အကြောင်းပြုပြီး အထင်အမြင်လွဲအောင် လုပ်နေတာတွေကိုလည်း တားဆီးပေးဖို့ပါဟု NLD အမတ်က ဆိုသည်။

ဦးမြင့်လှိုင်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ၊ မဲဆွယ်စည်းရုံးရေးကာလအတွင်းကလည်း တိုင်ကြားခံရဖူးပြီး မလျော်သြဇာသုံးမဲဆွယ်ခြင်းနှင့် လာဘ်လာဘပေးကာ မဲဆွယ်မှုတို့ဖြင့် ၂၀၁၅ ရွေးကောက်ပွဲအပြီး ရက်ပိုင်းအကြာတွင် NLD အမတ် ဦးသန့်ဇင်ထွန်းက ဒက္ခိဏသီရိမြို့နယ် ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြောင်း မဇ္ဈိမသတင်းဌာနက ရေးသားခဲ့သည်။

အဆိုပါအမှုကို တရားစွဲဆိုရန်မသင့်ဟု ဥပဒေအရာရှိက မှတ်ချက်ပြုခဲ့ကြောင်း ဦးသန့်ဇင်ထွန်းက ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်းများ ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီသည် မဲမသမာမှုများဖြစ်ပွားခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲအများစုအနိုင်ရခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကို အကြီးအကျယ် အရှုံးပေးခဲ့ရသည်။

၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အပုပ်ချသည့် စာရွက်စာတမ်းများ ပြည်ခိုင်ဖြိုးပါတီက ဖြန့်ချိသည်ဟုဆိုကာ NLD ပါတီက ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းမှုများလည်း ရှိခဲ့သည်။

ဦးမြင့်လှိုင်၏ ဟောပြောချက် အသံဖိုင်မှတ်တမ်း....

 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading