ဟိုတယ်/ခရီးသွား အဆောက်အအုံဟောင်း၏ မူလပိုင်ရှင်ဆိုသူနှင့်ရန်ကုန် မက်ထရို ပိုလီတန် ကုမ္ပဏီတို့အကြား အငြင်းပွားနေသည့် အမှုတွင် တိုင်းအစိုးရကတရားပြိုင်အဖြစ် ပါဝင်လာမှသာ အမှန်တရားကို ဖော်ထုတ်နိုင်မည်ဟု တရားလို ရှေ့နေက ပြောသည်။
ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ တိုးရစ်ဘားမားအဆောက်အအုံ ပိုင်ဆိုင်မှု အငြင်းပွားမှုတွင် တရားလိုဘက်က တိုင်းဒေသကြီးအစိုးရကိုပါ ပူးတွဲတရားပြိုင်အဖြစ် တရားစွဲဆိုထားပြီး ရန်ကုန် မက်ထရို ပိုလီတန် ကုမ္ပဏီက ထိုတရားစွဲဆိုမှုကို ကန့်ကွက်ကြောင်း ဖေဖော်ဝါရီလ ၁၈ ရက်က ရန်ကုန်တိုင်းတရားလွှတ်တော်တွင် တင်သွင်းခဲ့သည်။
တိုးရစ်ဘားမား အငြင်းပွားမှုတွင် မူလပိုင်ရှင်ဆိုသူ မုဟမ္မဒ် အီဘရာဟင် မန်နီး မိသားစုသည် ထိုအဆောက်အအုံကို ပြုပြင်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် ရန်ကုန် မက်ထရို ပိုလီတန် ကုမ္ပဏီကို နစ်နာကြေးငွေ ကျပ်သိန်းငါးသောင်း ရရှိစေရန် နှင့် အဆောက်အအုံကို ထိန်းသိမ်းစီမံခန့်ခွဲခွင့် ရရှိစေရန် ၂၀၁၉ ခုနှစ် ဧပြီလကတည်းက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တရားမကျင့်ထုံးဥပဒေ အမိန့်-၁၊နည်း-၁၀(၂) အရ ပူးတွဲ (၂) တရားပြိုင်အဖြစ် ထည့်သွင်းခွင့်ပေးပါရန် တရားလိုဘက်က လျှောက်ထားသော်လည်း တရားမကျင့်ထုံး ဥပဒေ ပုဒ်မ - ၈၀ အရ တိုင်းအစိုးရကို နို့တစ်စာ ပေးပို့ခြင်း မရှိသည့်အတွက် တိုင်းအစိုးရကို ပူးတွဲတရားပြိုင် (၂) အဖြစ် ထည့်သွင်းပေးရန် လျှောက်ထားခြင်းကို ကန့်ကွက်ကြောင်း တရားလွှတ်တော် တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
“ရန်ကုန်တိုင်းဒေသကြီး အစိုးရကို စွဲမယ်ဆိုရင် တရားမကျင့်ထုံး ဥပဒေပုဒ်မ ၈၀ အရ နို့တစ်စာ အရင်ပေးရမယ်။ မပေးဘဲနဲ့ တရားစွဲတဲ့ အတွက် ဒါကို ကျွန်တော် ကန့်ကွက်တာ ” ဟု မက်ထရို ပိုလီတန် ကုမ္ပဏီ၏ ရှေ့နေ ဦးခင်မောင်ကြီးက ပြောသည်။
တိုးရစ်ဘားမား အဆောက်အအုံဟု လူသိများသည့် ဆူးလေဘုရားလမ်းပေါ်ရှိ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန ရုံးဟောင်းကို ၂၀၁၇ ခုနှစ် ဇွန်လတွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ရန်ကုန် တိုင်းအစိုးရအဖွဲ့က ပြည်သူ့အိမ်ရာစီမံကိန်းများ ဦးစီးကော်မတီရုံး ဖွင့်လှစ်ရန်အတွက် ကြံ့ခိုင်မှုနှင့် ရှေးမူမပျက် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်မက်ထရို ပိုလီတန်ကုမ္ပဏီ (Yangon Metropolitan Development Public Co., Ltd) ကို လုပ်ဆောင်စေခဲ့သည်။
တိုးရစ်ဘားမား အဆောက်အုံ အငြင်းပွားမှု၏ အမှန်တရားကို ဖော်ထုတ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ထိုအမှုတွင် အမှုသည် တစ်ဦးအဖြစ် ပါဝင်ရန် လိုအပ်နေသည်ဟု တရားလိုရှေ့နေ ဦးကျော်ငြိမ်းက Myanmar Now ကို တရားခွင်မှ အထွက်တွင်ပြောသည်။
အဆောက်အအုံ ပြင်ဆင်ခြင်းကို မက်ထရိုပိုလီတန် ကုမ္ပဏီက ရန်ကုန်တိုင်းအစိုးရ၏ စေခိုင်းချက်အရ ဆောင်ရွက်ခဲ့ခြင်းလား၊ ထိုသို့ တိုင်းအစိုးရက စေခိုင်းခဲ့သည် ဆိုပါကလည်း တိုင်းအစိုးရတွင် ထိုအဆောက်အအုံကို ပိုင်ဆိုင်သည့် အခွင့်အာဏာ အပြည့်အဝရှိပါသလား ဆိုသည်ကို တရားရုံး တော်က စိစစ်ဖော်ထုတ်နိုင်ရန်အတွက် တိုင်းအစိုးရမှာ အမှုသည်တစ်ဦးအဖြစ် ပါဝင် ရန်လိုအပ် နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“အခု မက်ထရိုပိုလီတန်က ပြောတာက ရန်ကုန်တိုင်းဒေသကြီး(အစိုးရ) က ခိုင်းလို့ လုပ်တယ်ဆိုလာ ရင်တော့ ဒီပြသနာ အမှန်အမှားကို တရားရုံးတော်က ခြုံငုံပြီး အလုံးစုံမြင်ဖို့ဆိုရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ ဒီထဲမှာ တရားဘက် တစ်ဦး အနေနဲ့ ပါလာမှ အမှန်သိရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ထိုသို့ ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ရန်ကုန် မက်ထရို ကုမ္ပဏီဘက်က တရားရုံးတွင် ထုချေချက် တင်သွင်းခဲ့ရာ ရန်ကုန်တိုင်းအစိုးရကိုပါ တရားပြိုင် အဖြစ် ထည့်သွင်းပေးရန် တရားလို ရှေ့နေက ယခုနှစ် ဇန်နဝါရီလက လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ရန်ကုန် မက်ထရိုပိုလီတန် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလိမိတက်မှာ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး မူအရ တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားပြုဒါရိုက်တာ ၆ ဦး၊ မြန်မာ့ဆောက်လုပ်ရေးနှင့်ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သောကုမ္ပဏီ ကိုယ်စားပြုဒါရိုက်တာ ငါးဦး တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
Tourist Burma အဆောက်အအုံ (နောင်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အဆောက်အအုံ) ကို ၁၉၁၈ ခုနှစ် မေလတွင် မုဟမ္မဒ် အီဘရာဟင် မန်နီးဆိုသူက ဝယ်ယူ ထားခဲ့ခြင်းဖြစ်ပြီး ထိုအဆောက်အအုံကို မိသားစု သားစဉ်မြေးဆက် ထိန်းသိမ်းစီမံခန့်ခွဲခွင့်၊ အကျိုးခံစားနိုင်ရန် မြန်မာနိုင်ငံတရားဥပဒေ ပုဒ်မ ၁၃(၁)၊ အစ္စလာမ် တရားဥပဒေများနှင့်အညီ မိသားစု 'ဝကဖ်' (ဂေါပက) ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း မြစ်တော်စပ်သူ ဦးဘီလားက ပြောသည်။
ဝကဖ်ဆိုသည်မှာ မွတ်စလင်တစ်ဦးက ၎င်းပိုင်ဆိုင်သည့် မြေယာ၊ အဆောက်အအုံစသည်ကို ပညာရေး၊ ဘာသာရေး၊ ပရဟိတ ကိစ္စတစ်ရပ်ရပ်အတွက် ရည်စူးထားခြင်းဖြစ်ပြီး ဂေါပကအဖွဲ့က စီမံကွပ်ကဲကာ ရောင်းချခွင့်မရှိခြင်းကို ဆိုလိုသည်။
နှစ်ဖက်ရှေ့နေများက ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းတရားလွှတ်တော်တွင် လျှောက်လဲချက်တင်သွင်းသွားရမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တရားပြိုင်အဖြစ် ထည့်သင့်၊မထည့်သင့်ကို တရားသူကြီးက ဆုံးဖြတ်သွားမည်ဖြစ်သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။











