ဒလ ချေးငွေလိမ်လည်မှုတွင် ကုမ္ပဏီဝန်ထမ်းမှာသာတာဝန်ရှိဟု လူရှာပေးသူကပြော

ဒေါ်ခင်ရတနာသက် ခိုင်းသည့်အတိုင်း ချေးငွေ ထုတ်မည့်သူများကို ရှာပေးရခြင်းသာ ဖြစ်သည်ဟု ဒလမြို့ခံများ ကျပ်သိန်း ၅၀၀ နှင့် ၇၀၀ ကြား အသေးစား ချေးငွေ လိမ်လည်ခံရမှုတွင် ပါဝင်နေသည်ဟု စွပ်စွဲခံထားရသည့် မကေသီမိုးက ပြောသည်။

မကေသီမိုးက 'ခင်ရတနာသက်' ၏ Facebook မှ ဓာတ်ပုံကို ပြနေစဉ်။ (ဓာတ်ပုံ-ချမ်းသာ_Myanmar Now)

လူပေါင်းတစ်ရာကျော်ကို လိမ်လည်၍ အသေးစားချေးငွေ ထုတ်ယူမှုဖြစ်စဉ်တွင် အဓိကပါဝင်နေသည့် ဒလမြို့မှ ရပ်ကွက်ပွဲစား မကေသီမိုးက ၎င်းသည် လိမ်လည်မှု ဖြစ်စဉ်ပါ ကုမ္ပဏီ၏ ဝန်ထမ်းဖြစ်သူအတွက် အလုပ်လုပ်ပေးရခြင်းသာဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

ဒလမြို့၊ မှော်စက်၊ ကမာကဆစ်၊ ဆာပါချောင်နှင့် တပင်ရွှေထီးရပ်ကွက်တို့မှ လူပေါင်း ၁၁၅ ဦး၏နာမည်များကို အသုံးပြုပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင်း တောင်ဥက္ကလာပမြို့နယ်တွင် ရုံးချုပ်ဖွင့်ထားသည့် Easy Microfinance အသေးစားငွေရေးကြေးရေးကုမ္ပဏီမှ ကျပ်သိန်း ၅၀၀ မှ ၇၀၀ ကြား မကေသီမိုးက လိမ်လည်ခဲ့ဟု နစ်နာသူများက ပြောဆိုထားသည်ကို Myanmar Now က ဖေဖော်ဝါရီ ၁၄ ရက်က ရေးသားခဲ့သည်။

ထို့ကဲ့သို့ လိမ်လည်ရာတွင် မကေသီမိုးအပြင် ဒေါ်ခင်ရတနာသက်ဆိုသည့် ‘တာဝန်ခံ’ ဟု နစ်နာသူများက သိခဲ့ကြသည့် အမျိုးသမီးတစ်ဦးပါ ပါဝင်ခဲ့ပြီး Myanmar Now က နှစ်ဦးစလုံးကို ဆက်သွယ်မရခဲ့ပါ။ သို့ရာတွင် ဖော်ဖော်ဝါရီ ၁၅ ရက်က မကေသီမိုးကို တပင်ရွှေထီးရပ်ကွက် ဗိုလ်တေဇလမ်းရှိ ၎င်း၏နေအိမ်တွင် တွေ့ဆုံခဲ့သည်။

“လူရှာပေးရတာပဲ လုပ်ရတာ၊ ကျန်တာ (ကျွန်မ) ဘာမှ မလုပ်ရဘူး” ဟု မကေသီမိုးက ဆိုသည်။

ထို့ပြင် “မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းရှိရင် (ငွေထုတ်ဖို့) သူ (ခင်ရတနာသက်က) ရအောင် လုပ်ပေးတယ်။ သမီးကတောင် ပြောသေးတယ်။ မကြီးတို့ကုမ္ပဏီက ဆိုင်ရှိမှ ရတာဆိုတော့၊ ရပါ့မလားလို့။ ရတယ် ညီမလေး၊ သူပိုင်တယ်တဲ့” ဟု ခင်ရတနာသက်က သူ့ကိုပြောကြောင်း မကေသီမိုးက Myanmar Now ကိုပြောသည်။

Myanmar Now ၏ ကနဦးသိရသည့် အချက်အလက်များအရ လိမ်လည်ခံရသူမှာ ၁၁၅ ဦးဖြစ်သော်လည်း မကေသီမိုး၏စာရင်းအရ လိမ်လည်ခံရသူ “၁၂၆ ဦး” ရှိနေသည်။

လိမ်လည်ခံရသူများမှာ ကေသီမိုးကိုသာ သိကြပြီး Easy Microfinance ရုံးတွင် ချေးငွေသွားထုတ်သည့်အခါ ‘ခင်ရတနာသက်’ ဟူသည့် နာမည်ကို ပြောရုံဖြင့် လျှောက်ထားသည့် ချေးငွေထက်ပင် ပိုများသည့်ပမာဏကို နှစ်ရက်အတွင်း ရနိုင်ခဲ့ကြသည်။ ပုံမှန်အားဖြင့် ချေးငွေလိုသူအနေဖြင့် ကုမ္ပဏီထံ လျှောက်ထားရာတွင် နောက်ကြောင်းအချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများကို စစ်ဆေးခံရမည့်အချိန်အတွက် အနည်းဆုံး ၁ ပတ်ခန့် ကြာမြင့်လေ့ရှိသည်။

သို့သော် နစ်နာသူများက ပြောဆိုချက်များအရ ၎င်းတို့ မတွေ့မမြင်ဖူးသည့် ‘ခင်ရတနာသက်’ ဆိုသူနှင့် မကေသီမိုးတို့ပူးပေါင်း၍ ၎င်းတို့၏နာမည်များကို Easy Microfinance ကုမ္ပဏီတွင် အမည်ပေါက်အောင်လုပ်ကာ လိမ်လည်သွားခြင်းဖြစ်သည်။

ထို့နောက် Easy Microfinance ကုမ္ပဏီက နာမည်ပေါက် ချေးယူထားသူများထံ ဇန်နဝါရီလကုန်ပိုင်းလောက်တွင် လာရောက်ပြီး ချေးငွေပြန်ဆပ်ရန် လာပြောတော့မှ ၎င်းတို့အမှန်တကယ် ချေးထားသည့် ပမာဏထက်ပိုပြီး အကြွေးတင်နေခြင်း သို့မဟုတ် ငွေလုံးဝမရထားခြင်းကို သိခဲ့ရခြင်းဖြစ်သည်။

နစ်နာသူများ၏ ပြောဆိုချက်အရ ခင်ရတနာသက်မှာ မည်သူဟု မသိခဲ့ရသလို ‘ခင်ရတနာသက်’ ဟူသည့်နာမည်နှင့် ဝန်ထမ်းရှိပါသလား ဟု Myanmar Now က Easy Microfinance ကုမ္ပဏီကို မေးမြန်းခဲ့ရာတွင်လည်း ပြန်လည်မဖြေကြားခဲ့ပေ။

‘ခင်ရတနာသက်က အဲ့ဒီကုမ္ပဏီ (Easy Microfinance) က ဝန်ထမ်း၊ သူ့ယောက်ျားက သင်္ဃန်းကျွန်းရုံးခွဲမှာ အလုပ်လုပ်တယ်။ Easy (Microfinance) ဝန်ထမ်းပဲ” ဟု မကေသီမိုးက ပြောသည်။

ငွေချေးသူများထံမှ ပွဲစားဖြစ်သူ မကေသီမိုးနှင့် ကုမ္ပဏီဝန်ထမ်း ‘ခင်ရတနာသက်’ တို့က ဆင်းရဲသားတို့၏ နာမည်ဖြင့် ငွေချေးပြီး ချေးငွေတစ်ဝက်ကို ဖြတ်ယူထားသည့် အပြင် အခြားလိမ်လည်မှုများလည်း အများအပြား တွေ့ရသည်။

နစ်နာသူများက Myanmar Now ကို ဖေဖော်ဝါရီ ၁၀ ရက်က ပြောကြရာတွင် မကေသီမိုးမှာ လိမ်လည်ပြီး ထွက်ပြေးသွားပြီဟု ယူဆကြပြီး အချို့ကမူ ‘အိမ်တွင်းမှာ ပုန်းအောင်းနေသည်’ ဟု ဆိုကြသည်။

မကေသီမိုး၏အဒေါ် ဒေါ်နီနီမာ က တူမဖြစ်သူအပေါ် အပြစ်ပုံချထားပြီး ဆူပူလာသည့်အတွက် ခတ္တရှောင်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။ မည်သည့်ရက်ပိုင်းကတည်းက ထိုကဲ့သို့ရှောင်ခဲ့သည်ကိုမူ မသိရဘဲ ဖေဖော်ဝါရီ ၁၅ ရက်ကမှ မော်လမြိုင်မြို့မှ ပြန်ရောက်လာခဲ့သည်ဟု ဒေါ်နီနီမာက Myanmar Now ကို ပြောသည်။

၂၀၁၉ မတ်လ ကတည်းက ချေးငွေကိစ္စကို အတူတူ လုပ်ကိုင်ခဲ့ကြသော်လည်း လိမ်လည်မှုများ စတင်ပေါ်ပေါက်ခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်က စတင်ပြီး ခင်ရတနာသက်နှင့် အဆက်အသွယ်မရတော့ ဟု မကေသီမိုးက ပြောသည်။

အခြေခံလူတန်းစားများ ငွေချေးရာတွင် မကေသီမိုးအနေဖြင့် မခင်ရတနာသက်အတွက် ငွေချေးလိုသည့်အလုပ်ကို ၂၀၁၉ ခုနှစ် ၃ လပိုင်းကတည်းက ရှာပေးရကြောင်း၊ ယင်းသို့ လုပ်ကိုင်ရန် မခင်ရတနာသက်က ပွဲစားခ တစ်သိန်းပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းသောကြောင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်ဟု မကေသီမိုးက ပြောသည်။

ထုတ်ယူရရှိသည့်ချေးငွေများအနက် မခင်ရတနာသက်က (ကျပ်သိန်း ၂၅၀ ကျော်) ကို သုံးစွဲထားပြီး လိမ်လည်ခံရသူများ ကျပ်သိန်း ၃၀၀ ကျော်ချေးပေးထားသည်ဟု သိထားပြီး ၎င်းအနေဖြင့်လည်း ငွေကျပ် ၆၉ သိန်းကို သုံးစွဲထားသည်ဟု မကေသီမိုးက ပြောသည်။

လသာမြို့နယ် ဗိုလ်ရွဲလမ်းရှိ Easy Microfinance ကုမ္ပဏီရုံးခန်း၌ ဒလမြို့နယ်၌ ဖြစ်ပွားသည့် ကိစ္စကို ဇန်နဝါရီလ ၂၆ ရက်က သွားရောက်ရှင်းလင်းခဲ့သေးကြောင်း၊ ထိုအချိန်တွင် ခင်ရတနာသက်က ၎င်းရှင်းပေးမည်ဟုသာ ပြောဆိုခဲ့ပြီး ပြည်သူများထံချေးထားသည့် ငွေထဲမှ ၎င်းသုံးယူထားသည်ကိုလည်း ဝန်ခံခြင်းမရှိကြောင်း မကေသီမိုးက ပြောသည်။

ဒလမြို့၌ ငွေကြေးလိမ်လည်မှုများမပေါ်ပေါက်ခင်ကတည်းက မခင်ရတနာသက်သည် ၎င်းထံမှ ငွေချေးသည့် တွံတေးမြို့မှ အခြေခံလူတန်းစားများထံမှ ကိုယ်တိုင်ပွဲစားခယူပြီး ငွေထုတ်ချေးမှုများရှိခဲ့ကြောင်း၊ ယင်းသို့ အသေးစားချေးငွေပေါ်မှာ ပွဲစားခဖြတ်ယူမှုကို မကျေနပ်သည့် တွံတေးမြို့မှ ချေးငွေထုတ်သူများက ကုမ္ပဏီသို့ တိုင်ကြားရာမှ ဒလမြို့သို့ ကူးစက်လာခြင်းဖြစ်သည်။

တွံတေးဒေသခံများ၏ တိုင်တန်းမှုကြောင့် မခင်ရတနာသက်၏ ဖုန်း၊ Tablet အပါအဝင် ရုံးသုံးပစ္စည်းများကို Easy Microfinance ကုမ္ပဏီတာဝန်ရှိသူများက ပြန်လည်သိမ်းယူလိုက်သလို အဆက်သွယ်လည်းမရတော့ကြောင်း မကေသီမိုးက ပြောသည်။ သို့သော် ဒလမြို့ဘက်မှ ချေးငွေများအပြင် အဆိုပါချေးငွေများထဲက ၎င်းသုံးထားသည့် ငွေများကို ဇန်နဝါရီလကုန်ပိုင်းအထိ စိုက်သွင်းပေးထားရန် မခင်ရတနာသက်က ဖုန်းနံပါတ်အသစ်ဖြင့် ဆက်သွယ်ခဲ့သည်ဟု မကေသီမိုးက ပြောသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ လက်မှတ်မိတ္တူ ၁၀၀၀ ကျော်အကူးခံရသည့် အုပ်ချုပ်ရေးမှူးက စုံစမ်းဖော်ထုတ်ကာ အရေးယူမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အသေးစားချေးငွေကုမ္ပဏီများကို ၎င်း၏ရပ်ကွက်အတွင်း မလာရန် တားမြစ်ထားကြောင်း ပြောသည်။

“ပြန်လာတာ။ ဒီကိစ္စကို ရှင်းချင်လို့ပြန်လာတာ။ ကျွန်မကို လိုင်းပေါ် အကုန်လုံးပုံပြီးတင်ထားတော့ ကျွန်မ မဟုတ်တဲ့ အကြောင်းကို ရှင်းချင်လို့ ပြန်လာတာပါ” ဟု ကေသီမိုးက ဆိုသည်။

မကေသီမိုးသည် ဗိုလ်ရွဲလမ်းရှိ Easy Microfinance ရုံးသို့ ဖေဖော်ဝါရီ ၁၈ ရက်တွင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဒေါ်ခင်ရတနာသက်၏ လိမ်လည်မှုများကို သွားရောက်ရှင်းလင်းတော့မည် ဟုဆိုသည်။

“ပြည်သူတွေသုံးတဲ့ငွေ၊ သူသုံးတဲ့ငွေနဲ့ သမီးသုံးတဲ့ငွေစာရင်းတွေနဲ့ ကုမ္ပဏီမှာ သွားရှင်းမယ်။ သမီးပြောချင်တာက ကုမ္ပဏီဘက်က သူတို့ဝန်ထမ်းသုံးတာ သူတို့သွင်း။ ပြည်သူလူထုသုံးတာကို ပြည်သူလူထုသွင်းလိမ့်မယ်။ သမီးယူတာကို သမီးသွင်းမယ်။ အဲဒါမှ မရဘူးဆိုရင် ကုမ္ပဏီကို ချိပ်ပိတ်လိုက်။ အဲဒါ အရှင်းဆုံးစကားပဲ”ဟု မကေသီမိုးက ပြောသည်။

လိမ်လည်မှုများ တစုတဝေးတည်းဖြစ်ပွားခဲ့သည့် Easy Microfinance ကုမ္ပဏီ လသာရုံးသို့ Myanmar Now က ဖေဖော်ဝါရီလ ၁၀ ရက်က တွေ့ဆုံမေးမြန်း၍ တစ်ကြိမ်၊ ၁၁ရက်နေ့က အီးမေးလ်ဖြင့်တစ်ကြိမ် မေးမြန်းခဲ့သော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိသေးပေ။

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading