မန္တလေးမြို့တော်အတွင်း မိလ္လာစွန့်ပစ်ဝန်ဆောင်မှုမှ လစဉ်ဝင်ငွေ ထက်ဝက်ခန့် ကျဆင်းသွားသဖြင့် စစ်ဆေးရာမှ အလွဲသုံးစားလုပ်မှုကို တွေ့ရှိအရေးယူခဲ့ခြင်းဖြစ်သည်။
နိုင်ငံပိုင်မော်တော်ယာဉ်များကို ကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊ စည်းကမ်းမလိုက်နာခြင်းတို့ကြောင့် မိလ္လာကားယာဉ်မောင်း ၁၁ ဦးကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက အလုပ်ထုတ် အရေးယူလိုက်သည်။
အများပြည်သူက မိလ္လာကားငှားရမ်းရာတွင် ကော်မတီထံကို တင်ပြခြင်းမပြုဘဲ မိမိသဘောဖြင့်သွားရောက် ဝန်ဆောင်မှုပေးပြီး အခကြေးငွေများကိုလည်း ကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊ မိလ္လာစွန့်ပစ်ရန် သတ်မှတ်ထားသည့် နေရာများသို့ သွားရောက်ပို့ဆောင်မှု မပြုခြင်းများကြောင့် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇေယျက ပြောဆိုသည်။

မြို့တော်စည်ပင်သာယာရေး ကော်မတီသည် မန္တလေးမြို့တော်အတွင်း မိလ္လာစွန့်ပစ်ဝန်ဆောင်မှုမှ လစဉ်အခေါက်ရေ ၉၀ (ကျပ် ၃၆ သိန်းခန့်) ဝန်းကျင်ရရှိသော်လည်း လွန်ခဲ့သည့် သုံးလခန့်မှစတင်ပြီး တစ်လ ၄၅ ခေါက်ခန့်သာရှိတော့သဖြင့် စစ်ဆေးရာ ယခုကဲ့သို့ တရားမဝင် လုပ်ဆောင်နေမှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကော်မတီက ပြောသည်။
အလုပ်မှ ထုတ်ပယ်ခံရသူများသည် မိလ္လာများကို ကြာနီကန်ကျေးရွာအနီးရှိ သတ်မှတ်ထားသည့် နေရာသို့ သွားရောက်ပို့ဆောင်ခြင်းမရှိကြောင်း၊ လူမနေသည့် နေရာများတွင် စွန့်ပစ်ခြင်း၊ အချို့ဝန်ထမ်းများသည် ဧရာဝတီမြစ်အတွင်းသို့ စွန့်ပစ်ခြင်းတို့ ပြုလုပ်ကြောင်း မော်တော်ယာဉ်များတွင် တပ်ဆင်ထားသည့် GPS စက်များမှ တစ်ဆင့်သိခဲ့ကြောင်း ဦးကျော်ဇေယျကပြောသည်။


မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ စက်ရုံနှင့်မော်တော်ယာဉ်ဌာနမှ မိလ္လာကားမောင်း ၁၉ ဦးကို အရေးယူခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ ၁၁ ဦးကို အလုပ်ထုတ်လိုက်ခြင်းဖြစ်ကြောင်း၊ ကျန် ၈ ဦးကိုမူ ယာဉ်မောင်းခွင့် ပိတ်လိုက်ကြောင်း ၎င်းကဆိုသည်။
အလုပ်စတင် ခန့်အပ်စဉ်ကတည်းက သတိပေးမှုများ ပြုလုပ်ခဲ့ပြီး စည်ကမ်းဖောက်ဖျက်မှု၊ အလွဲသုံးမှုများ ဖြစ်ပေါ်လာသည့် အချိန်တိုင်းတွင် သတိပေးမှုများ ပြုလုပ်ခဲ့ရာ သုံးကြိမ်အထိ သတိပေးခံခဲ့ရသည့်အတွက် ယခုကဲ့သို့ အရေးယူရခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ကားမောင်းခွင့်ပေးတုန်းက သူတို့ကို သတိပေးတယ်။ စည်းကမ်းချက် တွေပေးတယ်။ အဲဒီလိုပြောပြီးမှ ကားကိုပေးတယ်။ ဘယ်လောက်အထိ ပွင့်ပွင့်လင်းလင်း ပြောထားလဲဆိုရင် တချို့ဟာတွေ လျစ်လျူရှုပေးမယ်။ လောဘတော့ မကြီးနဲ့ဆိုပြီး ကျွန်တော်တို့ သေချာမှာပါတယ်ဗျ”ဟု ၎င်းက ဆိုသည်။
သက်ညှာသောအားဖြင့် တရားစွဲဆိုမှု မလုပ်တော့ဘဲ ရှာတွေ့သည့် အခေါက်ရေအတိုင်း ငွေပြန်သွင်းစေခဲ့ပြီး အလုပ်ထုတ်အရေး ယူခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်ဇေယျကဆိုသည်။
၂၀၁၇ ခုနှစ်အတွင်းကလည်း မိလ္လာကား ယာဉ်မောင်းများသည် အလားတူ ကျူးလွန်မှုများ ရှိခဲ့သည့်အတွက် ၎င်းတို့ကို ယာဉ်မောင်းခွင့်ပိတ်ကာ ယခုဝန်ထမ်းများ ခန့်အပ်ထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိ စည်ပင်သာယာရေးကော်မတီဝင်များ လက်ထက်တွင် အမှုထမ်းအရာထမ်းများကို အရေးယူမှုများ ပြုလုပ်ခဲ့ရာ အလုပ်မှထုတ်ပယ်ရသည်အထိ အရေးယူခံထားရသူ ၃၀ ဝန်းကျင်ခန့်ရှိကြောင်း ကော်မတီကပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။













